စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ တောင်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံနေရတာကြောင့် ရာသီပေါ် သီးနှံတွေ ရိတ်သိမ်းဖို့ အခက်ကြုံနေရ

ဇန်နဝါရီ ၊ ၁၉ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်နဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာနဲ့ ဒေသခံတောင်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာကြောင့် ရာသီပေါ် သီးနှံဖြစ်တဲ့ ပဲစင်းငုံနဲ့ ပဲရင်းတွေ ရိတ်သိမ်းနိုင်ဖို့ အခက်တွေ့နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ရက်ပိုင်းက ပဲစင်းငုံရိတ်သိမ်းဖို့ ရွာကနေ တောကိုသွားတယ် ၊ လမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က တောသွားတဲ့ တောင်သူ ကိုသန်းဇော် ၊ မကြည်ကြည်မြင့် ၊ မဌေးဌေး ၊ မရွှေကြည်မာ ၊ မမြင့်မြင့်ဌေး နဲ့ မအေးဝင်းမော်တို့ ၆ ဦးကို ဖမ်းဆီးတယ် ၊ အဲ့ဒီထဲက ကိုသန်းဇော် ဆိုသူကို ခေါင်းဖြတ် သတ်ခံရတယ် “လို့ ပေါက်မြို့နယ် တောင်ပိုင်း ၊ တပ်ကုန်းကျေးရွာနေ ဒေသခံ တောင်သူတယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ဒေသခံ တယောက်က ” ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် မနက်ကလည်း ကန့်ဘလူမြို့နယ် ၊ ဂါထားကျေးရွာ ၊ ကျောက်အိုးတောတိုက်ကို နှမ်းရိတ်ဖို့သွားတဲ့ တောင်သူ ဦးဖိုးပိန် ၊ သူ့မိန်းမ ဒေါ်ဇင်မာဦး ၊ သူ့သမီး မအေးနှင်းဖြူ ၁၃ နှစ်၊ မအိအိ ၇ နှစ်၊ မောင်ရဲရင့်အောင် ၅ နှစ်၊ နောက်မိသားစုက ဒေါ်ခိုင်မာစိုး၊ မောင်သော်ခန့်အောင် ၁၃ နှစ်၊ မောင်ပိစီ ၃ နှစ်၊ ဒေါ်နှင်းအေး၊ ဦးဇော်သန့်ရှင်း၊ ဒေါ်မစိုးမ၊ မောင်သန်သန့် ၂ နှစ် ဖြစ်တယ် ၊ အားလုံး ကလေး ၆ ယောက်နဲ့ လူကြီး ၆ ယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီကနေ့အထိ ပျောက်ဆုံးနေတယ်.”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဇန်နဝါရီ ၄ ရက် မနက်အစောပိုင်းကလည်း ပေါက်မြို့နယ် ၊ နဂါးဗွက်ကျေးရွာမှာ အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၅ ဦး နဲ့ ကလေးငယ် ၁ ဦး အပါအဝင် ၈ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းကလည်း ပေါက်မြို့နယ် ၊ ဘုရားတောင် ကျေးရွာအုပ်စု ၊ ကြူတောကျေးရွာရဲ့ အရှေ့ဘက် ၊ ယောချောင်းထဲက ကြက်သွန်ယာခင်းတောထဲမှာ ပေါက်ကွဲမှုဖြစ်ပြီး ကြက်သွန်စိုက်နေတဲ့ တောင်သူ ၁ ဦး ထိခိုက်သေဆုံးပြီး ၊ ၉ ဦး ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပေါက်မြို့နယ် ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ငါးမြှောင်ကျေးရွာမှာ ဇန်နဝါရီ ၁၄ ရက် ၊ မနက် ၁ နာရီဝန်းကျင်က အိပ်ပျော်နေတဲ့ တောင်သူ မိသားစုတွေကို ပစ်ခတ်သတ်ဖြတ်ခံရတာကြောင့် ၆ နှစ်အရွယ် ကလေးငယ် တဦး အပါအဝင် လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ ငါးမြှောင်ရွာခံတွေဆီက သိရပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက တောင်သူတွေဟာ ရာသီပေါ် သီးနှံတွေကို သွားရောက် ရိတ်သိမ်းဖို့ အခက်တွေ့နေရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #မကွေး #တောင်သူတွေအသတ်ခံရ #ရာသီပေါ်သီးနှံရိတ်သိမ်းဖို့အခက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW