ပင်စင်ယူရမယ့် အသက်အရွယ်တိုးမြှင့်မယ့်အစီအစဉ်အပေါ် ပြင်သစ်မြို့ကြီး ၂၀၀ မှာ လူသန်းချီဆန္ဒပြ

ပါရီ၊ ဇန်နဝါရီ-၂၀-၂၀၂၃
မျိုးဆက်(VOM)

ပြင်သစ်နိုင်ငံမှာ ပင်စင်ယူရမယ့် အသက်အရွယ်ကို တိုးမြှင့်မယ့် အစီအစဉ်အပေါ် နိုင်ငံတစ်၀န်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်ကပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ လူတသန်းကျော်ထိ ပါ၀င်ခဲ့တယ်လို့ ပြင်သစ်ပြည်ထဲရေး၀န်ကြီးဌာနက ပြောပါတယ်။

ပါလီမန်မှာ တင်သွင်းမယ့် ဥပဒေကြမ်းမှာ ပင်စင်ယူရမယ့် အသက်အရွယ်ကို ၆၂ နှစ်ကနေ ၆၄ နှစ်အထိ တိုးမြှင့်သွားဖို့ စီစဉ်နေတဲ့ အပေါ် နိုင်ငံတ၀န်း အလုပ်သမားတွေက ဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မြို့တော်ပါရီအပါအ၀င် မြိူ့ကြီး ၂၀၀ မှာ ဆန္ဒပြမှုများကြောင့် ကျောင်းများနှင့် အများပြည်သူဆိုင်ရာ ပို့ဆောင်ရေးလုပ်ငန်း အများအပြားကို ပိတ်သိမ်းခဲ့ရပြီး ပဲရစ်မြို့ရှိ အော်လီလေဆိပ်မှာ လေယာဉ်ခရီးစဉ်ငါးခုမှာ တခုဖျက်သိမ်းခဲ့ရပါတယ်။

အနာဂတ်မှာ ပင်စင်စနစ်ရဲ့ ကြီးမားတဲ့လိုငွေပြမှုကို တားဆီးဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း ပြင်သစ်၀န်ကြီးချုပ် အဲလိဇဘတ်ဘော်နီက ပြောပါတယ်။

ပင်စင်ယူရမယ့် အသက်အရွယ် ပြောင်းလဲမှုဟာ သမ္မတမက်ခရိုရဲ့ ၂၀၁၇ ခုနှစ်ပထမအကြိမ်ရွေးချယ်ခံရချိန်က သူ့ရဲ့ ကတိက၀တ်တွေထဲက တခုဖြစ်ပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတရပ်မှာတော့ အငြိမ်းစားယူရမယ့် အသက်အရွယ်ကို ၆၄ နှစ်ထိ တိုးမြှင့်လိုက်တာကို ပြည်သူ ၈၀ ရာခိုင်နှုန်းက သဘောမတူကြောင်း ဖော်ပြထားပါတယ်။

Ref:BBC
Photo:AP
#voiceofmyanmar #VOM #ပါရီ

Related posts

✕
VOM News

FREE
VIEW