ကျိုက်ထီးရိုး ဘုရားဖူးကားပေါ် လက်နက်ကြီး ကျည်ကျလို့ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၅ – ၂၀၂၃
SN + SP (VOM)

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ မုပ္ပလင် စစ်ဆေးရေးဂိတ်အနီး ရန်ကုန် – မော်လမြိုင် ကားလမ်းမကြီးမှာ ကျိုက်ထီးရိုးကို ဘုရားဖူးလာတဲ့ ကားတစီး ဒီနေ့ ဇန်နဝါရီ ၂၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ကားပေါ်ကို လက်နက်ကြီး ကျည်ကျလို့ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အဲ့ဒီ့ကားပေါ်မှာ လူ ၈ ဦး ပါလာတာဖြစ်ပြီး ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး မုပ္ပလင်ဂိတ်နားအရောက်မှာ လက်နက်ကြီးကျည်က ကားအမိုးပေါ်ကို ကျလာတာဖြစ်တယ်လို့ သိရပါတယ်။

”ကျိုက်ထီးရိုးသွားတဲ့ လိုက်ထရပ်ကားပေါ်ကိုကျတာ။ ကျိုက်ထီးရိုးမရောက်သေးဘူး။ မုပ္ပလင်လမ်းဆုံအကျော်လေးနားမှာ။ ဆီဆိုင်အသစ်ပေါ့၊ အဲ့ဆိုင်နားမှာဖြစ်တာ။ ကားပေါ်မှာ အားလုံးပေါင်း ၈ ယောက်ပါတယ်။ ဖြစ်ဖြစ်ချင်း တယောက်သေတယ်။ ကျန်တဲ့သူတွေက ဒဏ်ရာရတယ်။ သူတို့ အခု ကျိုက်ထိုဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်”လို့ အဲ့ဒီဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ စစ်တောင်းလူမှုကယ်ဆယ်ရေးအသင်း (စစ်တောင်းကျေးရွာ)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျိုက်ထိုမြို့ခံ ပရဟိတသမား တယောက်ကလည်း ” ရန်ကုန်ဘက်ကနေ ကျိုက်ထီးရိုးဘုရားဘက်ကို ဘုရားဖူးဖို့လာတဲ့ လိုက်ထရပ်ကား နောက်ခန်း အမိုးပေါ်ကို ဘယ်က ပစ်မှန်းမသိရတဲ့ လက်နက်ကြီး ကျည် ၁ လုံး ကျရောက် ပေါက်ကွဲတယ် ၊ အဲ့ဒီလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကားပေါ်ပါ ဘုရားဖူး ခရီးသည် ၈ ဦးအနက် ၁ ဦးသေဆုံးပြီး ၊ ကျန်လူ ၇ ဦး ထိမှန် ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည်ကို မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ အခုအချိန်အထိ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေမှာ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရတာတွေရှိသလို ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ် စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်စဉ်ကြောင့် အမျိုးသမီး ၃ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်ထီးရိုး #ဘုရားဖူးယာဥ်ပေါ်လက်နက်ကြီးကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW