အနောက်အုပ်စုရဲ့ တင့်ကားအကူအညီနဲ့ ပြောင်းလဲလာနိုင်တဲ့ ယူကရိန်းစစ်ပွဲ အလားအလာ

ဝါရှင်တန်၊ ဇန်နဝါရီ-၃၁-၂၀၂၃
မျိုးဆက်(VOM)

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကစတင်ခဲ့တဲ့ ယူကရိန်းကို ရုရှားရဲ့ကျုးကျော်တိုက်ခိုက်မှုဟာ တနှစ်နီးပါးကြာမြင့် လာပြီဖြစ်ပြီး လက်ရှိအချိန်ထိတော့ ယူကရိန်းစစ်ပွဲရဲ့အခြေအနေဟာ နှစ်ဘက်စစ်ပန်းမှုတွေရှိနေသလို စစ်ရေးဗျူဟာ အပြောင်းအလဲတွေလည်းရှိနေပါတယ်။

ရုရှားဟာ ဆောင်းရာသီကာလအတွင်း ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအအောက်အအုံတွေကို ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းဘက်ကလည်း မြေပြင်ထိုးစစ်၊ ခံစစ်တွေပြင်ပြီး ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အားထုတ်နေပါတယ်။

ဒီလိုအခြေအနေမှာ အမေရိကန်နဲ့ ဂျာမနီအပါအ၀င် အနောက်နိုင်ငံတွေက ယူကရိန်းအတွက် အစွမ်းထက် တင့်ကားတွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ချက်ဟာ ယူကရိန်းအတွက် သတင်းကောင်းဖြစ်ပေမယ့် ယူကရိန်းကို အလွယ်တကူသိမ်းပိုက်နိုင်မယ်လို့ မှန်းဆထားတဲ့ ရုရှားအတွက်တော့ အိပ်မက်ဆိုးတခုဖြစ်ပါတယ်။

ဂျာမနီဟာ သူ့ရဲ့ နာမည်ကျော် လီယိုပက်-၂ တင့်ကား ၁၄ စီးကို ယူကရိန်းအတွက် ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ပြီး ပိုလန်ကလည်း သူ့မှာရှိတဲ့ လီယိုပက်-၂ တင့်ကား ၁၄ စီးပေးမယ်လို့ ကြေညာခဲ့ပါတယ်။

အလားတူ အမေရိကန်ကလည်း အေဘရမ် အမျိုးအစားတင့်ကားတွေ ပေးပို့မှာဖြစ်သလို ဗြိတိန်ကလည်း ချန်လန်ချာ တင့်ကားတွေ ထောက်ပံ့ပေးဖို့ သဘောတူထားပါတယ်။

အခုလို ယူကရိန်းအတွက် တင့်ကားတွေ ထောက်ပံ့ပေးဖို့အတွက် ဂျာမနီအပါအ၀င် အနောက်နိုင်ငံတွေဟာ အတော်လေးချင့်ချိန်ပြီးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ ပြောင်ပြောင်တင်းတင်းရန်စတာလို့ ရုရှားဘက်က ဝေဖန်ပြောဆိုထားပါတယ်။

အနောက်အုပ်စုရဲ့ အဓိကချိန်ဆချက်ကတော့ နေတိုးအဖွဲ့၀င်မဟုတ်တဲ့နိုင်ငံတနိုင်ငံအတွက် အခုလိုထောက်ပံ့မှုကြောင့် ရုရှားနဲ့ တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်ပြီး မတည်မငြိမ်ဖြစ်လာမယ့် အခြေအနေတွေအပေါ် စိုးရိမ်မှုတွေပဲဖြစ်ပါတယ်။

ယူကရိန်းအနေနဲ့ အခုလိုတင့်ကားတွေ ရရှိတာဟာ စစ်ပွဲရဲ့ချိန်ခွင်လျှာကို အလားအလာရှိတဲ့ ပြောင်းလဲမှုတွေဖြစ်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပြောဆိုမှုတွေရှိပါတယ်။

ခေတ်သစ်စစ်ပွဲတွေမှာ တင့်ကားတွေဟာ ရန်သူ့နယ်မြေတွေကို ထိုးဖောက်တိုက်ခိုက်ဖို့နဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဆင်ရေးတို့မှ အဓိကသော့ချက်ဖြစ်ပါတယ်။

အနောက်အုပ်စုက ယူကရိန်းကို စစ်ရေးထောက်ပံ့မှုတွေထဲမှာ ဗြိတိန်ဟာ ယူကရိန်းအတွက် ချန်လန့်ချာတင့်ကား ၁၄ စင်းအပါအ၀င် တပ်ဖွဲ့၀င်တွေသယ်ယူပို့ဆောင်ရေးနဲ့ အမြောက်ပစ်ခတ်နိုင်တဲ့ သံချပ်ကာယာဉ်အစင်း ၃၀ ၊ အမေရိကန်ကလည်း တင့်ကားတွေအပြင် သံချပ်ကာယာဉ် အစင်း ၁၀၀ ကျော်နဲ့ ဂျာမနီက ချေလျင်တိုက်ခိုက်ရေးယာဉ် အစီး ၄၀ ပါ၀င်ပါတယ်။

ဗြိတိန်ရဲ့ ချန်လန့်ချာ-၂ ၊ အမေရိကန်ရဲ့ အမ်-၁ အေဘရမ်နဲ့ ဂျာမနီရဲ့ လီယိုပက်-၂ တင့်ကားတွေဟာ ကြမ်းတမ်းတဲ့မြေပြင်အနေအထားမှာ တနာရီကို ၂၅ မိုင်သာသွားနိုင်တဲ့ ရုရှားရဲ့တင့်ကားတွေထက် ပိုမိုလျင်မြန်စွာ ရွေ့လျားသွားလာနိုင်ပါတယ်။

ဒါပေမယ့် တင့်ကားတွေချည်းအသုံးပြုရုံနဲ့ စစ်ပွဲရဲ့ချိန်ခွင်လျှာက ဂငယ်ကွေ့လို ပြောင်းလဲမသွားနိုင်ဘူးဆိုတာ အတိတ်ကသမိုင်းတွေမှာ နမူနာရှိနေပါတယ်။

ဗြိတိသျှတို့ဟာ ၁၉၁၇ ခုနှစ် နို၀င်ဘာလမှာဖြစ်ပွားခဲ့တဲ့ ကမ်ဘရိုင်စစ်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် တင့်ကားရာနဲ့ချီပြီးအသုံးပြုခဲ့ပါတယ်။

အစပိုင်းမှာတော့ သိသာထင်ရှားတဲ့တိုးတက်မှုတွေရရှိခဲ့ပြီး မကြာမီမှာပဲ ဂျာမနီရဲ့လက်ချက်ကြောင့် တင့်ကားတွေဆုံးရှုံးခဲ့ပြီး အကြီးအကျယ်အထိနာခဲ့ဖူးပါတယ်။

လက်ရှိမှာလည်း ရုရှားဟာ သူ့ရဲ့ခံစစ်နေရာတွေမှာ တင့်ကားတွေကို ဟန့်တားနိုင်မယ့် အစီအမံတွေကို မကြာသေးမီလတွေအတွင်းက ပြုလုပ်ထားတယ်လို့ နိုင်ငံတကာမဟာဗျူဟာနဲ့လေ့လာရေးစင်တာက သုတေသီ မစ္စတာဘယ်ရီက သတိပေးထားပါတယ်။

ယူကရိန်းဟာ ယခုနွေဦးမှာစီစဉ်ထားတဲ့ တန်ပြန်ထိုးစစ်အတွက် တင့်ကားအစီးရေး ၃၀၀ ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၇၀၀ နဲ့ ဟောင်၀စ်ဇာ ၅၀၀ လိုအပ်တယ်လို့ ယူကရိန်းစစ်တပ်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပေမယ့် လက်ရှိထောက်ပံ့မှုက ဒီပမာဏကို ပြည့်မီမှာတော့ မဟုတ်ပါဘူး။

ဒီအတောအတွင်းမှာ ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း ယူကရိန်းလေပိုင်နက်ကို ကာကွယ်ဖို့အတွက် မဟာမိတ်တွေဆီကနေ တိုက်လေယာဉ်ရရှိဖို့ အကူအညီတောင်းခံနေပြီး ဒီကိစ္စအပေါ် အနောက်နိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းအတွက် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ပေးမှာမဟုတ်ဘူးလို့ သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုထားသလို ဂျာမနီ၀န်ကြီးချုပ် အိုလပ်ရှုဇ်ကလည်း အလားတူသဘောထားရှိနေကာ ပြင်သစ်နဲ့ပိုလန်ကတော့ ယူကရိန်းတောင်းခံတဲ့ အကူအညီကို လိုက်လျောပေးဖို့ ဆန္ဒရှိနေပုံရပေမယ့် အချိန်ယူညှိနှိုင်းဖို့ လိုအပ်နေပါသေးတယ်။

ယူကရိန်းဟာ ယခုနှစ်နွေဦးရာသီမှာ ရုရှားတပ်တွေကို ထိုးစစ်ဆင်နိုင်မယ်လို့ အနောက်နိုင်ငံ တာ၀န်ရှိသူတွေက မျှော်လင့်ထားပြီး ယူကရိန်းရရှိမယ့် နာမည်ကျော်တင့်ကားတွေရဲ့ စစ်ပွဲရဲ့ မျှခြေကို ဘယ်လောက်ပြောင်းလဲနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ယူကရိန်းစစ်မြေပြင်မှာ မကြာသေးမီကာလတွေအတွင်း ဆုတ်ယုတ်မှုတွေရှိခဲ့တဲ့ ရုရှားဟာ သူ့ရဲ့တပ်တွေကို ပြန်လည်စုဆောင်းနေပြီး လျော့ပါးသွားတဲ့ ခဲယမ်းမီးကျောက်တွေကို ပြန်လည်ဖြည့်တင်းဖို့ ရုန်းကန်နေရချိန်မှာ ယူကရိန်းအတွက် အခွင့်အလမ်းတရပ်ဖြစ်လာနိုင်ခြေရှိနေပါတယ်။

ဝေဟင်စိုးမိုးရေးနဲ့ပတ်သက်ပြီး အနောက်အုပ်စုဆီကနေ တိုက်လေယာဉ်တွေမရရှိသေးပေမယ့် လက်ရှိရရှိမယ့် နာမည်ကျော် အစွမ်းထက်တင့်ကားတွေကြောင့် ရုရှားတပ်တွေနဲ့ ဘတပြန်ကျားတပြန် စစ်မြေပြင်မှာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်နဲ့ ခံစစ်ကတော့ ယခင်ကထက် ခိုင်မာအားကောင်းလာဖွယ်ရှိနေပါတယ်။

#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW