NLDလက်ထက်က လူမှုရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒေါက်တာလှမြတ်သွေး ထောင်(၂)နှစ်ချမှတ်ခံရ

ဇန်နဝါရီ၊၃၁-၂၀၂၃
MM (VOM)

NLD ပါတီလက်ထက်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာလှမြတ်သွေးကို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ သူနဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာလှမြတ်သွေးကို ပုသိမ်ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ မနေ့ ဇန်နဝါရီ ၃၀ ရက်က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ သူနဲ့နီးစပ်တဲ့ ပုသိမ်မြို့ခံ တယောက်က ပြောပါတယ်။

”ဒေါက်တာ လှမြတ်သွေးက ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဝင်တွေဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ ၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၊ ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၅ ဦးနဲ့အတူဖမ်းဆီးခံရသူပါ ၊ သူက NLD ပါတီအစိုးရတာဝန်ယူတုန်းက ဝန်ကြီးလည်း ဖြစ်သလို တိုင်းပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း တာဝန်ယူခဲ့သူပဲ ၊ အခြားဝန်ကြီးတွေကတော့ ပြန်လွတ်လာပြီး သူ့ကို ဆက်လက် ဖမ်းဆီးထားခဲ့တာ ၊ မနေ့ကတော့ အခုလိုပဲ ထောင်ဒဏ်ထပ်ချလိုက်တာ။”လို့ သူကဆက်ပြောပါတယ်။

ဒေါက်တာလှမြတ်သွေးဟာ ပြီးခဲ့တဲ့၂၀၂၁ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အခြားတိုင်းအစိုးရအဖွဲ့ရဲ့ဝန်ကြီးတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာလှမြတ်သွေးနဲ့အတူ အဖမ်းခံခဲ့ရတဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ
ခဲ့တဲ့ ဦးလှမိုးအောင်နဲ့အခြားဝန်ကြီးတွေကိုပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကနေပြန်လွှတ်ပေးခဲ့တာလို့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။

ဒေါက်တာလှမြတ်သွေးကိုတော့ အကျယ်ချုပ်ကနေ ပုသိမ်အကျဉ်းထောင်ကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ထဲမှာပြန်လည်ရွှေ့ပြောင်းခဲ့ပြီး လက်ရှိအချိန်အထိ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကာ ထောင်ဒဏ်ချမှတ်ခဲ့တာလို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒေါက်တာလှမြတ်သွေးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ရေကြည်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ပုံစာ- ယခင် ပုံဟောင်း
#voiceofmyanmar #VOM #ဧရာဝတီ #လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး #ထောင်၂နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW