ပဋိပက္ခကြားက မြန်မာ့စီးပွားရေး

ဖေဖော်ဝါရီ ၂ – ၂၀၂၃
SN (VOM)

မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ၂ နှစ်တာ ကာလအတွင်းမှာ အခြေအနေဆိုးလာတဲ့ ပဋိပက္ခကြောင့် ထိခိုက်မှုပိုမို ဆိုးရွားလာနေခဲ့ပါတယ်။

လက်ရှိမှာ အခြေခံပြည်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုနဲ့အတူ မိသားစုစားဝတ်နေရေး ပြဿနာတွေကြောင့် ဘဝရပ်တည်ရှင်သန်ဖို့ ပိုမိုခက်ခဲလာနေကြပါတယ်။

“မြန်မာ့စီးပွားရေးကတော့ လက်ရှိမှာ နာလန်ထနိုင်ဖို့ အလားအလာ အများကြီးကို နည်းပါးနေသေးတဲ့ အခြေအနေပါ။ နာလန်ထဖို့ထက် ပိုပြီး ဆိုးဝါးသွားနိုင်တဲ့ အခြေအနေဆီကို ဦးတည်နေတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ပြည်တွင်းက ဘဏ်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေဟာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း အတော်ကို ယိမ်းယိုင်သွားပါပြီ။ ဘဏ်လုပ်ငန်းတွေ ကောင်းကောင်းမွန်မွန် လည်ပတ်မှု မရှိဘူး။ အဲ့ဒီတော့ ပြည်သူတွေရဲ့ယုံကြည်မှု ကျဆင်းတယ်။ အများပြည်သူ ယုံကြည်မှုမရှိရင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အလှမ်းဝေးနေဦးမှာပါပဲ“လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြောဆိုပါတယ်။

အခြေခံပြည်သူတွေဟာ နိုင်ငံရေးအခြေအနေ ပြောင်းလဲပြီး ၂ နှစ်တာကာလအတွင်း အခြေခံစားသောက်ကုန်အပြင် ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်နေတာ၊ အလုပ်အကိုင်ရှားပါးလာတာနဲ့အတူ အလုပ်လက်မဲ့ ပြဿနာတွေကြောင့် ထမင်းနပ်မှန်ဖို့ကိုပင် မနည်းရုန်းကန်နေကြရတဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုက ၃ ရာခိုင်နှုန်းသာရှိမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ခန့်မှန်းထားပြီး အခြေအနေဆိုးလာတဲ့ ပဋိပက္ခကြောင့် မြန်မာ့စီးပွားရေးကို ထိခိုက်စေမယ်လို့ သတိပေးလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ဂျီဒီပီဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောဆိုထားပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ လက်ရှိမှာ “Monitoring Burma’s Economy: Navigating Uncertainty” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတခု ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံရဲ့ဂျီဒီပီဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်မှု မတိုင်မီကထက် ၁၃ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

“ပဋိပက္ခ၊ ဓာတ်အားပြတ်တောက်မှုနဲ့ လုပ်ထုံးလုပ်နည်း အပြောင်းအလဲတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ရပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ ငွေကြေးဖောင်းပွမှုနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့်လည်း သွင်းကုန် ကုန်ကျစရိတ်တွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်“လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး မာရီယမ်ရှားမန်းက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ မြန်မာ့စီးပွားရေးက သိသာထင်ရှားတဲ့ မတည်ငြိမ်မှုတွေနဲ့ မသေချာ မရေရာမှုတွေ ရှိနေပြီး လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်များ၊ အဓိကသွင်းအားစုတချို့ ပြတ်တောက်မှုနဲ့ မကြာခဏပြောင်းလဲနေတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်နားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အခြေခံပြည်သူတွေအနေနဲ့ကတော့ အခုလိုအခြေအနေကို အချိန်ကြာမြင့်စွာ ရင်ဆိုင်ရရင် အငတ်ဘေးနဲ့ ကြုံတွေ့လာနိုင်သလို ခိုးဆိုးလုနှိုက်မှုလိုမျိုး ရာဇဝတ်မှုတွေလည်း ပိုမိုများပြားလာနိုင်တယ်လို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

“အခုက အလုပ်အကိုင်တွေကလည်း မကောင်း၊ ငတ်ပြတ်လာကြတော့ သမာအာဇီဝနဲ့ ရှင်သန်ရပ်တည်ဖို့က ခက်ခဲလာကြတယ်။ အဲ့ဒီတော့ ခိုးဆိုးလုနှိုက်‌တွေ အရမ်းကို ခေတ်ထလို့‌ကောင်းနေတဲ့အချိန်ပေါ့။ ကျွန်တော်တို့မှာတော့ အလုပ်အကိုင်မကောင်းရတဲ့အထဲ သူတို့ကိုလည်း ကြောက်နေရတယ်။ အကုန်လုံးကိုလည်း ကြောက်နေရတယ်။ ဒီ ၂ နှစ်မတိုင်ခင် အရင်ကတော့ စီးပွားရေးက သူ့ဟာနဲ့သူ အဆင်ပြေနေသေးတယ်။ အခုချိန်မှာတော့ အလုပ်အကိုင်တွေလည်း ရှားပါးလာတယ်၊ အခက်အခဲဖြစ်တယ်။ ရှိတာတွေ ရောင်းစား၊ ပေါင်စားနဲ့ ဒီနေ့စားပြီးရင်လည်း မနက်ဖြန်စားဖို့အတွက် မနည်းကြိုးစားရှာနေရတယ်။ ဒီကြားထဲမှာ ကိုယ်တွေက အိမ်ငှားနေတဲ့သူတွေဆိုတော့ အိမ်လခဖိုးကလည်း ရှာရသေးတယ်။ တော်တော်လေးကို ရုန်းကန်နေရတာပါ“လို့ ပြည်သူတဦးက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ကုန်ကျစရိတ်မြင့်တက်လာမှုနဲ့ ကြန့်ကြာမှုတွေရှိနေပြီး ကျန်းမာရေးနဲ့ ပညာရေးနယ်ပယ်မှာ ငွေကြေးမတည်မှု ကျဆင်းနေတယ်လို့ ဆိုထားပါတယ်။ အခုလိုပြဿနာတွေက မြန်မာနိုင်ငံရဲ့ ရေရှည်စီးပွားရေး သာယာဝပြောမှုကို ဟန့်တားနေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့ငွေဈေးနှုန်းတွေ မြင့်တက်မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကန့်သတ်ချက်တွေ ပေါင်းစပ်လိုက်ခြင်းကြောင့်လည်း ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်လယ်မှာ ငွေကြေးဖောင်းပွမှုကို ၂၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်စေခဲ့တယ်လို့ သိရပါတယ်။

ကုန်သွယ်မှုမှာ အတော်လေး ခံနိုင်ရည်ရှိခဲ့ပေမယ့် ထုတ်လုပ်မှုနဲ့ အမှာစာအသစ်တွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကတည်းက ကျုံ့သွားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တက်လာပေမယ့် FDI စီးဝင်မှုကတော့ အားနည်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့်နှစ်မှာတော့ ငွေကြေးဖောင်းပွမှု ဖိအားတွေ လျော့ပါးသွားခြင်းကြောင့် ဝန်ဆောင်မှုကဏ္ဍ အလယ်အလတ် တိုးတက်မယ်လို့ ခန့်မှန်းထားပြီး နိုင်ငံတကာခရီးသွားလုပ်ငန်း တိုးတက်မှု အနည်းငယ် ရှိလာနိုင်တယ်လို့ သိရပါတယ်။

အထည်ချုပ်ထုတ်လုပ်မှုနဲ့ အစားအစာထုတ်လုပ်မှုအပိုင်းမှာ ပို့ကုန်ဝယ်လိုအား နှေးကွေးခြင်းနဲ့ ပြည်တွင်းဝယ်လိုအား လျော့နည်းခြင်းတို့ကြောင့် စက်မှုကဏ္ဍတိုးတက်မှု နှေးကွေးနိုင်ပြီး ဆန်၊ ပဲမျိုးစုံနဲ့ ပြောင်းတင်ပို့မှု အတော်လေး အားကောင်းနေမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ဒါပေမယ့် ပြည်တွင်းက အခြေခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပြန်လည်ကောင်းမွန်ဖို့အတွက်ဆိုရင် တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့လိုအပ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာမှာဖြစ်သလို အလုပ်အကိုင်တွေလည်း ပြန်လည်ကောင်းမွန်လာမှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

လက်ရှိ အခြေအနေမှာတော့ မူဝါဒဆိုင်ရာ တည်ငြိမ်မှုမရှိတော့ဘဲ မူဝါဒထက် အမိန့်ကြော်ငြာစာတွေနဲ့ အပြောင်းအလဲတွေ လျှင်လျှင်မြန်မြန် ဖြစ်ပေါ်နေတာကြောင့် စီးပွားရေးကဏ္ဍကြီးတခုလုံးလည်း မတည်ငြိမ်ဖြစ်နေရပါတယ်။

တနည်းအားဖြင့်ဆိုရင်တော့ စီးပွားရေးကဏ္ဍရဲ့ အခြေခံအုတ်မြစ် Economic Fundamentalsတွေ ပြုတ်ထွက်နေတာကြောင့် မြန်မာ့စီးပွားရေး လားရာဟာ အကောင်းဘက်ကို ဦးတည်နေခြင်းထက် ပိုမိုဆိုးဝါးသွားနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ အမှန်စင်စစ်တော့ စီးပွားရေးပြဿနာဆိုခြင်းထက် နိုင်ငံရေးပြဿနာ ဖြစ်နေတာကြောင့် မြန်မာ့စီးပွားရေးကို လက်ပူတိုက် ဖြေရှင်းလို့ မရနိုင်သေးပါဘူး။

လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ နှစ်နှစ်တာကာလအတွင်း ကုန်ပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်နေပြီး စီးပွားရေးလုပ်ငန်းတွေမှာ ကန့်သတ်ချက်တွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေအပြင် တခြားလုပ်ငန်းအများစု လုပ်ငန်းလျှော့ချတာတွေရှိသလို လုပ်ငန်းရပ်နားထားရတာတွေလည်း ရှိနေတာကြောင့် အခြေခံပြည်သူ ထောင်နဲ့ချီအလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် မြန်မာ့စီးပွားရေး လားရာအနာဂတ်ဟာ အခြေအနေဆိုးလာတဲ့ ပဋိပက္ခကြားမှာ ဆိုးရွားတဲ့ ထိခိုက်မှုတွေကို ဆက်လက် ရင်ဆိုင်နေရဦးမှာပဲဖြစ်ပါတယ်။ ။

Photo – Wikipedia
#voiceofmyanmar #VOM #ပဋိပက္ခကြားက #မြန်မာ့စီးပွားရေး #သုံးသပ်ချက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW