ဖေဖော်ဝါရီ ၄- ၂၀၂၃
SW(VOM)
စစ်ရဲ့အငွေ့အသက်ဒဏ်တွေကို ခံစားနေရတဲ့ ရခိုင်ပြည်သူတို့အဖို့ စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေ၊ ပြည်သူတွေအသက်ဆုံးရှုံးရမှုတွေ၊ ဆင်းရဲနွမ်းပါးမှုဒဏ်တွေနဲ့ မပြေလည်တဲ့ဘဝအခြေအနေတွေကြောင့် စိတ်မကြည်လင်မှုတွေ၊ ဝမ်းနည်းဖွယ်ရာတွေကို ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လလောက်မှာ ရခိုင်တကျော့ပြန် စစ်ရေးပဋိပက္ခတွေဟာ တစတစနဲ့ ပြင်းထန်လာချိန် စက်တင်ဘာလလောက်မှာတော့ ပြည်နယ်အတွင်း ခရီးသွားလာမှုတွေပိတ်ပင်ခံလိုက်ရချိန် ပြည်သူတွေရဲ့ စိတ်ထဲမှာ လှောင်ပိတ်ခံထားရသလို ခံစားရတဲ့ ကာလအဖြစ် မှတ်ယူကြပါတယ်။
အဲဒီလိုနဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်အရောက်မှာ တပ်နဲ့ အေအေတို့ကြား တကျော့ပြန်စစ်ရေးပဋိပက္ခကြီးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်ရပ်လိုက်ကြောင်း ကြေညာလိုက်ပြီး ရက်ပိုင်းအကြာမှာတော့ လမ်းခရီးတွေအားလုံးပြန်လည်ဖွင့်ပေးလိုက်ပါတယ်။
တပ်နဲ့ အေအေတို့ အပစ်ရပ်လိုက်တာဟာ အများပြည်သူတွေ အပန်းဖြေခရီးထွက်ကြတဲ့ ဒီဇင်ဘာအားလပ်ရပ်ကာလနဲ့ အချိန်ကိုက်ဖြစ်သွားတာကြောင့် ပြည်နယ်တွင်း ခရီးသွားလာမှုတွေ ရှိလာပါတယ်။
အဲဒီလို ခရီးသွားလာကြတဲ့အထဲမှာတော့ ရခိုင်ပြည်နယ်လို လည်ပတ်စရာနေရာတွေအများအပြားရှိတဲ့ အထဲကမှ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေးမှာ ခက်ခက်ခဲခဲသွားလာရတဲ့ လေးမြို့ချောင်းဒေသဟာ ခရီးသွားတွေရဲ့ အာရုံစိုက်မှုအရှိဆုံးလို့ ပြောရမှာပါ။
“အဉ္စနမြစ်နဒီ ရီကြိုင်တမြမြနန့် တသွင်သွင်စီးကျ အီးမြလှပါရေ ဇီဇဝါခွာညို နွယ်ချိုးရိုးမ မိုးမခနန့်လေ” ဆိုတဲ့ ‘လေးမြို့ကမ်း အလွမ်းပြေ’သီချင်းဟာ ရခိုင်ပြည်နယ်ရဲ့ ရေချိုပေါများပြီး စိမ်းလဲ့ညိုမှောင်တဲ့အဆင်းအရောင် တွေရှိတဲ့ လေးမြို့မြစ်အကြောင်းကို လွမ်းမောသာယာဖွယ် သီဆိုထားတဲ့ ရခိုင်သီချင်းဖြစ်ပါတယ်။
အဲဒီ သီချင်းအတိုင်း လေးမြို့မြစ်ဟာ သာယာလှပတဲ့ သဘာဝတရားတွေရှိရာ ရခိုင်ပြည်နယ်ရဲ့ ဒုတိယအရှည်လျားဆုံးမြစ်တစင်းဖြစ်ပြီး အဲဒီအထဲကမှ မြောက်ဦးမြို့နယ်အတွင်းရှိ လေးမြို့ချောင်းဒေသဟာ ဆောင်းတွင်းကာလရောက်ရင် ခရီးသွားတွေရဲ့ စိတ်ဝင်စားစရာဒေသတခု ဖြစ်လို့နေပါတယ်။
မြောက်ဦးမြို့ရဲ့ အရှေ့ဘက် တောင်ကုန်းတွေနဲ့ လယ်ကွင်းတွေကို ဖြတ်သန်းဖောက်လုပ်ထားပြီး ချိုင့်ခွက်တွေ၊ အုတ်ခဲကျိုးတွေနဲ့ ဖာထေးပြုပြင်ထားတဲ့ ကွန်ကရစ်လမ်းဆိုးဆိုးကို ၁၅ မိနစ်လောက်သွားရင် လေးမြို့မြစ်ကမ်းဘေးမှာ ဆင်အိုးကြီးဆိုတဲ့ ကျေးရွာလေးတရွာရှိပါတယ်။
ခရီးသွားကြသူတွေဟာ အဲဒီရွာလေးရဲ့ လှေဆိပ်ကနေတဆင့် စက်တပ်လှေတွေနဲ့ လေးမြို့မြစ်အထက်ပိုင်း လက်ပံတောဆိုတဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ တောင်ပေါ်ရွာလေး အထိသွားကြပါတယ်။
လက်ပံတောဆိုတဲ့ တောင်ပေါ်ချင်းရွာလေးကို ဆင်အိုးကြီးလှေဆိပ်ကနေ ၃ နာရီလောက် လေးမြို့မြစ်ကို ဆန်တက်ရမှာဖြစ်ပြီး ရေလမ်းခရီးတလျှောက် သောင်ထွန်းနေတဲ့ ကျွန်းလေးတွေကိုတွေ့ရသလို မြစ်ရဲ့ တဖက်တချက်မှာ တောင်ကုန်းတောင်တန်းတွေရှိပါတယ်။
အေးမြစိမ်းစိုတဲ့ ကျောက်စိမ်းရောင်အဆင်းပမာ လေးမြို့မြစ်ရေတွေဟာ အရောင်အသွေးလှပပြီး ခရီးသွားတွေအဖို့ ဆွဲဆောင်မှုရှိတဲ့အပြင် လေးမြို့မြစ်သို့ ပထမဆုံးခရီးသွားတဦးအနေနဲ့ဆိုရင် အံ့ဩစရာကောင်းတဲ့ မြင်ကွင်းလို့ပြောနိုင်မှာဖြစ်ပါတယ်။
မြစ်အထက်ပိုင်းသို့ စက်လှေနဲ့သွားချိန် အရပ်လေးမျက်နှာမှာရှိတဲ့ အဝေးဆုံးမြင်ကွင်းတွေကို လှမ်းကြည့်တဲ့အခါ မြင့်မားလှတဲ့ မှုန်ပြာပြာတောင်တန်းတွေကို တွေ့နိုင်သလို သာယာလှတဲ့ အထပ်ထပ်သော တောင်တန်းတွေကိုလည်း တွေ့နိုင်မှာဖြစ်ပါတယ်။
လေးမြို့ချောင်းဒေသရဲ့ ညနေဆည်းဆာ နေဝင်ချိန်ကိုတော့ လေးမြို့မြစ်နဲ့ မြစ်ရဲ့အနောက်ဘက်ကမ်း တောင်တန်းတွေက အလှဆင်ထားပြီး ကောင်းကင်တခွင်မှာတော့ တိမ်ချပ်ထူထူနဲ့ မွဲပြာရောင်ရှိတဲ့ တိမ်လွှာနဲ့ သိပ်သိပ်သည်းသည်းစုနေတဲ့ တိမ်လပ်တွေကို မြင်တွေ့ရပါတယ်။
လေးမြို့ချောင်းရဲ့ အရှေ့နဲ့အနောက် သောင်ထွန်းနေတဲ့ ကမ်းစပ်တွေမှာလည်း မြေပဲစိုက်ခင်းတွေ တွေ့ရသလို တောင်ကုန်းရဲ့ ဆင်ခြေလျှောနေရာတွေမှာလည်း ကောပဲသီးနှံပင်တွေနဲ့ တောင်ယာစိုက်ပျိုးနေကြသူတွေကိုလည်း တွေ့မြင်ရတာကြောင့် မြင်ရသူအဖို့ ကျေးလက်ရဲ့အငွေ့အသက်တွေကို ခံစားရစေမှာဖြစ်ပါတယ်။
လေးမြို့ချောင်းတလျှောက် စက်တပ်လှေတွေသွားနေပုံဟာလည်း စိမ်မြမြ ရေလှိုင်းတွေကို နောက်မှာချန်ထားပြီး မြစ်ပြင်ပေါ်မှာ အသွားအလာမစဲဘဲ ၁၀ မိနစ်ခြား တစီး ဆိုသလို လှေတွေအတက်အဆင်းသွားလာနေပုံနဲ့ ရှည်လျားလှတဲ့ ဝါးဖောင်တွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
လေးမြို့ချောင်းဟာ ရခိုင်ပြည်နယ်ထဲက ဝါးအထွက်ကောင်းတဲ့ဒေသတခုဖြစ်တာကြောင့် မြစ်တလျှောက်မှာ ဝါးဖောင်တွေကို မြစ်အထက်ပိုင်းကနေ မျောချတာတွေ့ရပြီး တချို့ဝါးဖောင်တွေက အလျား ပေ ၆၀ နီးပါးရှိသလို တချို့ဝါးဖောင်တွေကတော့ အလျားပေ ၁၀၀ ကျော်လောက်အထိ ရှည်လျားပြီး ဝါးစည်းတွေကို စနစ်တကျနဲ့ စီစီရီရီ ဖွဲ့စည်းထားပုံက စနစ်ကျလှပါတယ်။
လေးမြို့မြစ်ဟာ ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ဘုံတလာရေတံခွန်ကနေ မြစ်ဖျားခံလာပြီး ပလက်ဝမြို့နယ်ကို ဖြတ်သန်းပြီး ရခိုင်ပြည်နယ်ထဲသို့ စီးဆင်းလာတဲ့ ရေချိုပေါများတဲ့ မြစ်တစင်းဖြစ်ပါတယ်။
ရှည်လျားတဲ့ မြစ်တစင်းဖြစ်တာကြောင့် ချင်းပြည်နယ်၊ မတူပီကနေ မြစ်ဖျားခံလာတဲ့ အဲဒီ မြစ်ဟာ ပလက်ဝမြို့နယ်ကို ဖြတ်သန်းပြီး ရခိုင်ပြည်နယ်ထဲက မြောက်ဦး၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တို့ကို ဖြတ်သန်းစီးဆင်းကာ ဘင်္ဂလားပင်လယ်ထဲကို စီးဝင်ပါတယ်။
လေးမြို့မြစ်ကို အဉ္စနဒီလို့လည်း ခေါ်ကြပြီး မင်းပြားမြို့ရဲ့အရှေ့ဖက်မှာစီးဆင်းနေတဲ့ လေးမြို့မြစ်ကို ရာမောင်မြစ်လို့လည်းခေါ်ဆိုကြတယ်လို့ သိရပါတယ်။
အဉ္စနနဒီလို့ အမည်ရတာဟာလည်း လေးမြို့မြစ်မှာ မျက်စဉ်းညိုရောင်အဆင်းရှိတဲ့ ရေတွေရှိတာကြောင့်လို့ သိရပါတယ်။
ဆောင်းတွင်းကာလ ပွင့်လင်းရာသီမှာ ခရီးသွားတွေရဲ့ အာရုံစိုက်တာကိုခံရပြီး အလည်အပတ်သွားကြတဲ့ လေးမြို့ချောင်းဒေသဟာလည်း မြောက်ဦးမြို့နယ်မှာရှိတာဖြစ်ပါတယ်။
လေးမြို့မြစ်အဖျားပိုင်းဟာ ကျဉ်းမြောင်းပြီး ရေချိုတွေဖြစ်သလို မြစ်ဖြတ်သန်းစီးဆင်းတဲ့ ဒေသတလျှောက် ကျေးလက်နေပြည်သူတွေအတွက် အသက်တမျှအရေးပါတဲ့ မြစ်တစင်းဖြစ်ပြီး ဆောင်းတွင်းနဲ့ နွေဦးကာလတွေမှာဆိုရင် လေးမြို့ချောင်းဒေသဟာ စိုက်ပျိုးရေးဖြစ်ထွန်းပါတယ်။
လေးမြို့ချောင်းဒေသမှာ နွေစပါးတွေလည်းစိုက်ပျိုးကြတာတွေ့ရပြီး ဆောင်းတွင်းကာလရောက်လာပြီဆိုရင် ကိုင်းလုပ်တဲ့တောင်သူတွေများပါတယ်။
လေးမြို့ချောင်းဒေသ၊ချင်းလူမျိုးတွေနေထိုင်တဲ့ လက်ပံတောကျေးရွာ ဒေသခံတဦးက “ ကျနော်တို့ဒေသခံတွေကတော့ မိုးရာသီဆိုရင် တောင်ယာလုပ်စားပါတယ်။ အခု ပွင့်လင်းရာသီရောက်လာတော့ ပဲခင်း၊ မြေပဲခင်းတွေလုပ်ကိုင်ကြပါတယ်။ ဝါးခုတ်တဲ့သူတွေက ခုတ်တယ်”လို့ အဲဒီဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်ပြီး ဘဝရပ်တည်ပုံကို ပြောပြပါတယ်။
မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းအပေါ်ပိုင်းမှာဆိုရင် အများအားဖြင့် ချင်းရွာလေးတွေကို တွေ့ရတတ်ပြီး အဲဒီကျေးရွာတွေဟာ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအပြင် လူမှုဘဝတွေဟာလည်း ခက်ခဲကြမ်းတမ်းလှပါတယ်။
အဲဒီ လေးမြို့ချောင်းဒေသအထက်ပိုင်းဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဖုန်းလိုင်းအဆက်အသွယ်တွေအလွန်ဆိုးဝါးသလို အင်တာနက်လိုင်းလည်း မရကြဘူးလို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။
“အရင်ကဆိုရင် လမ်းပန်းဆက်သွယ်ရေးက အရမ်းခက်ခဲတယ်။ အခုက စက်တွေပေါ်လာလို့ လှေနဲ့သွားရတာအဆင်ပြေလာတယ်။ ဒါပေမယ့် မိုးရာသီဆိုရင် သွားလာရတာ အန္တရာယ်ရှိပါတယ်။ မိုးရာသီဆိုရင်တော့ အခက်အခဲရှိပါတယ်”လို့ လမ်းပန်းဆက်သွယ်ရေးအခြေအနေကို ပြောပြပါတယ်။
လေးမြို့ချောင်းရဲ့ နံနက်ခင်းတွေမှာဆိုရင် နှင်းမြူတွေ ဆိုင်းနေတတ်တဲ့ မြင်ကွင်းတွေနဲ့ ရေပြင်မှာ ရေခိုးရေငွေ့တွေ တငွေ့ငွေ့နဲ့ပျံတက်နေပုံဟာ နေထွက်ချိန်အစောပိုင်းမှာ သာယာဖွယ်မြင်တွေ့ရပြီး ခရီးသွားတွေက အဲဒီ နှင်းမြူတွေကို နောက်ခံထားရင်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးကြပါတယ်။
လေးမြို့ချောင်းဒေသဟာ သာယာလှပတဲ့ တောတောင်၊ ရေမြေသဘာဝတွေကိုခံစားရင်း စိတ်အပန်းဖြေ ပျော်ရွင်စရာကောင်းတဲ့ ဒေသတခုဖြစ်သလို အဲဒီက ကျေးလက်နေ ဒေသခံတွေရဲ့ ဓလေ့စရိုက်တွေဟာလည်း လေ့လာမှတ်သားစရာကောင်းလှပါတယ်။
လေးမြို့ချောင်းကို ခရီးသွားကြမယ်ဆိုရင် ခရီးသွားတွေအဓိကသွားရောက်လည်ပတ်တဲ့ လက်ပံတောကျေးရွာအနီး လေးမြို့မြစ်အရှေ့ဘက်ကမ်းက သဘာဝဆန်တဲ့ ကျောက်တုံးကြီးတွေရှိရာကို စက်လှေသမားတွေက လိုက်ပို့ပေးမှာဖြစ်ပါတယ်။
အဲဒီလို ခရီးသွားတဲ့အခါ လက်ပံတောကျေးရွာအနီး လေးမြို့မြစ် အနောက်ကမ်းမြောက်ကမ်းက ကျောက်လုံးလေးတွေ သဘာဝအတိုင်းရှိနေရာ သောင်ပြင်မှာ တညအိပ်၊ ၂ ညအိပ် ဆိုသလို တည်းခိုနားနေနိုင်ပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ပျော်ပျော်ပါးပါး သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။
ချင်းလူမျိုးတွေနေထိုင်တဲ့ တောင်ပေါ်ရွာလေးဖြစ်တဲ့ လက်ပံတောရွာက ဒေသခံတွေဟာလည်း ရိုးသားပြီး ဆက်ဆံရေးကောင်းမွန်ကြသလို အရင်က ခရီးသွားဧည့်သည်တွေ လာရောက်တဲ့အတွက် ဝမ်းသာကြောင်း ချင်းအဖိုးအို တဦးက ပြောပါတယ်။
“ ဒီကို ကလေးတွေရောက်လာတာ ၃ နှစ်လောက်ရှိပါပြီ။ ဒီနှစ် ကလေးတွေအလည်လာတာ နောက်ကျတယ်။ ဒီအချိန်ကျရင် သူတို့ကိုသတိရနေပြီ။ ရွာအနီးမှာ လူငယ်သဘာဝ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းတွေဆိုကြတာတွေ တွေ့တော့ ဝမ်းသာမိတယ်။” လို့ အသက် ၇၀ ကျော်အရွယ် ချင်းအဖိုးအိုတဦးက မီးလှုံရင်း ပြောနေပါတယ်။
လေးမြို့ချောင်း အောက်ပိုင်းကတော့ ရခိုင်လူမျိုးတွေနေထိုင်တာများပြီးတော့ ရခိုင်ဒေသခံတွေဟာလည်း ချင်းလူမျိုးတွေနည်းတူ ပဲခင်းတွေနဲ့ ကိုင်းလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။
ဒီလို သာယာလှပတဲ့ သဘာဝတရားတွေရှိတဲ့ လေးမြို့ချောင်းဒေသကို ဆောင်းတွင်းကာလဟာ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး လေးမြို့ချောင်းကို ခရီးသွားရင်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု သမိုင်းဝင် ဘုရားပုထိုးတွေကိုလည်း ဖူးမြှော်နိုင်မှာဖြစ်တဲ့အတွက် လည်ပတ်စရာကောင်းတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရခိုင် #အဉ္စနမြစ်နဒီ #လေးမြို့ချောင်းဒေသ #ခရီးသွားဆောင်းပါး