မွန်ပြည်နယ်မှာ ထောင်ထားတဲ့ မိုင်း နင်းမိလို့ (၁)လအတွင်း လူ ၁၆ ဦး သေဆုံးခဲ့

ဖေဖော်ဝါရီ ၄-၂၀၂၃
MM(VOM)

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ထောင်ထားတဲ့ မိုင်းတွေ ပေါက်ကွဲတာကြောင့် ဒေသခံ ၁၆ ယောက်ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

”ဘယ်အဖွဲ့တွေက ထောင်ထားတာလည်းတော့
မသိဘူး ၊ မိုင်းထိလို့ တလအတွင်းမှာ ဒေသခံ ၁၆ ယောက် သေဆုံးခဲ့ရတယ် ၊ ဒါက ကိုယ်ကူညီပြီး ကိုယ်လက်လှမ်း မီသလောက်ပြုစုထားတဲ့ စာရင်းတွေအရပြောတာ ၊တကယ့်မြေပြင်မှာ အခုထက် များချင်များမှာပေါ့၊ လယ်ယာလုပ်ငန်း လုပ်ဖို့ သွားတဲ့အချိန် ၊ ထင်းခွေဖို့သွားတဲ့အချိန်တွေမှာ ထိမှန်သေဆုံးတာများတယ်။”လို့ ဒေသခံပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။

မိုင်းထိမှန်လို့ သေဆုံးတွေထဲမှာ အမျိုးသား ၁၁ ယောက် နဲ့ အမျိုးသမီးက ၅ ယောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ပထမ အပတ်မှာ ၇ ယောက် ၊ ဒုတိယ အပတ်မှာ ၅ ယောက် နဲ့ တတိယ အပတ်မှာ ၄ ယောက်မိုင်းထိမှန်သေဆုံးခဲ့တာလို့ ဒေသခံ ပရဟိအဖွဲ့အစည်းတွေရဲ့စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် မိုင်းစထိမှန်လို့ ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ယောက်ရှိခဲ့ပြီး ဘယ်အဖွဲ့ကထောင်ထားတဲ့ မိုင်းတွေ ပေါက်မှန်းမသိဘဲ မကြာခဏထိခိုက်၊သေဆုံးတာတွေ ရှိနေလို့ ဒေသခံတွေဟာ တောင်ယာလုပ်ငန်းတွေ ၊ လယ်ယာလုပ်ငန်းတွေနဲ့ ထင်းခွေလုပ်ငန်း
တွေ လုပ်ကိုင်ဖို့ မိမိတို့ ပိုင်ဆိုင်တဲ့နေရာတွေကို မသွားရဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလထဲမှာတော့ မွန်ပြည်နယ်ထဲက ကျေးရွာတွေမှာ မိုင်းနင်းမိပေါက်ကွဲလို့ ဒေသခံ ၄ ယောက် သေဆုံးခဲ့သေးရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မွန်ပြည်နယ် #မိုင်းပေါက်ကွဲ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW