စျေးကွက် ပုံသေခန့်မှန်းလို့မရတဲ့ တစ်သျှူးငှက်ပျောစိုက်ပျိုးရေး

ဖေဖော်ဝါရီ ၆ – ၂၀၂၃
SN (VOM)

မြန်မာနိုင်ငံမှာ တစ်သျှူးငှက်ပျောကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက “ဘိန်းအစားထိုးသီးနှံ” အဖြစ် ကချင်ပြည်နယ်အတွင်း စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။

စိုက်ပျိုးစမှာ အခုလို တွင်ကျယ်မှုမရှိသေးပေမယ့် နောက်ပိုင်းနှစ်တွေမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေရဲ့ အကူအညီတွေနဲ့ စိုက်ပျိုးမှု အားကောင်းလာခဲ့သလို တရုတ်စျေးကွက် ဝယ်လိုအား ခိုင်မာမှုတွေကြောင့်လည်း လုပ်ငန်းတွင်ကျယ် ကြီးထွားလာခဲ့ပါတယ်။

တစ်သျှူးငှက်ပျောဆိုတာဟာ အပင်တစ်သျှူးမျိုးပွားနည်းနဲ့ စိုက်ပျိုးထားတဲ့သီးနှံ ဖြစ်ပါတယ်။ မျိုးပွားစိုက်ပျိုးတာကြောင့် ငှက်ပျောပင်ရဲ့ မူလမျိုးရိုးဗီဇလက္ခဏာတွေ ပြောင်းလဲတာ၊ အရည်အသွေးကျဆင်းတာတွေ မရှိတဲ့အပြင် ပိုးမွှားကင်းစင် အရည်အသွေးကောင်းတဲ့ ငှက်ပျောခိုင်တွေ ထွက်ရှိပြီး အထွက်နှုန်းကောင်းကာ သာမန်ငှက်ပျောထက် ငှက်ပျောခိုင်စောထွက်တတ်ပါတယ်။

တနှစ်ပတ်လုံး စိုက်ပျိုးနိုင်တဲ့အပြင် စျေးကွက်လိုအပ်ချက် မြင့်မားတဲ့အချိန်နဲ့ ချိန်ညှိ စိုက်ပျိုးနိုင်သလို အပင်ခုတ်ပြီး သားဆက် နှစ်ဆက်အထိ အထွက်နှုန်းအရည်အသွေး မလျော့တဲ့အပြင် အပင်ကြီးထွားနှုန်းနဲ့ အခိုင်၊ အသီး ညီညာခြင်း၊ အပင် ၉၅ ရာခိုင်နှုန်းအထက် အခိုင်ထွက်နိုင်ခြင်း စတဲ့ အချက်တွေက ငှက်ပျောစိုက်တောင်သူတွေကို ဆွဲဆောင်ထားနိုင်ပါတယ်။

တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားတဖက်ကမ်း ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူမြို့နယ်တို့မှာ အဓိက စိုက်ပျိုးလျက်ရှိပါတယ်။ လက်ရှိ အနေအထားအရ ဝင်ငွေကောင်းသီးနှံ ဖြစ်တဲ့အပြင် ထိန်းသိမ်း စိုက်ပျိုးမှုလွယ်ကူခြင်း၊ အထွက်နှုန်းကောင်း ခြင်း၊ စျေးကွက်ဝင်ခြင်းတို့ကြောင့် အခြားတိုင်းနဲ့ ပြည်နယ်အတွင်းက နေရာဒေသတွေမှာပါ “မြေစမ်း၊ ခရမ်းပျိုး”အခြေအနေကနေ စီးပွားဖြစ်စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။

“ဒီ တစ်သျှူးငှက်ပျောဟာ ငှက်ပျောစိုက်တောင်သူတွေအတွက် ရလဒ်ကောင်းများစွာ ရှိနေတဲ့ ကုန်စည်တမျိုး ဖြစ်ပါတယ်။ ဖြစ်ထွန်းအောင်မြင်မှုလည်း ရှိတဲ့အတွက် တနိုင်တပိုင်ကနေပြီး လက်ရှိမှာ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြတဲ့အဆင့်ကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်“လို့ ဒေသခံ ကုန်သည်တဦးက ပြောပါတယ်။

တစ်သျူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းဟာ ကချင်ပြည်နယ်အတွင်း ဖားကန့်ကျောက်စိမ်းရတနာမြေပြီးရင် မြန်မာပြည်တစ်ဝန်းမှ ရွှေ့ပြောင်းအလုပ်လာလုပ်သူ သောင်းချီရှိနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

အကျိုးအမြတ်အားဖြင့် ဒီလုပ်ငန်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရရှိနေတာပါ။ ဒါ့အပြင် တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ရင်းနှီးမြှုပ်နှံ ဝယ်လိုအားကြောင့် လက်ရှိမှာ တစ်သျှူးငှက်ပျောစိုက်ပျိုးရေးဟာ အမြစ်တွယ် ကြီးထွားလာနေပြီး ကချင်ပြည်နယ်အတွင်း စိုက်ဧက ၆၀,၀၀၀ အထက်မှာ ရှိနေတယ်လို့ သိရပါတယ်။

“တစ်သျှူးငှက်ပျောက သီးမွှေးထက်လည်း အရွယ်ကြီးတယ်။ အရည်အသွေးလည်းကောင်းတယ်။ ဒါပေမယ့် မြေဆီ ထိခိုက်မှုနည်းအောင်တော့ ထိန်းထိန်းသိမ်းသိမ်းစိုက်ရတယ်။ အသီးထွက်ရင်လည်း အရွယ်တူ၊ ဆိုဒ်တူရတော့ ဝယ်သူကြိုက်ပြီး စျေးကောင်းရတယ်“လို့ ငှက်ပျောစိုက် တောင်သူတဦးက ပြောပါတယ်။

ကချင်ပြည်နယ်ကထွက်ရှိတဲ့ တစ်သျူးငှက်ပျောတွေကို ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှတဆင့် တရုတ်နိုင်ငံကို အများဆုံး တင်ပို့နေတဲ့အပြင် ကူမင်း၊ ပေကျင်း၊ ကွမ်တုံ၊ သုံးပိတ်၊ ဟိန်းလုံကျန်၊ ရှီအန်၊ စွေကျုံး၊ ဝုဟန်၊ ထုံချင်း၊ ကျိန်ကျုံး စတဲ့ ပြည်နယ်တွေကိုလည်း တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို တစ်သျူးငှက်ပျောတင်ပို့မှုဟာ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်ကာလမှာ ၇၃၃,၄၉၄ တန်ချိန် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၇၇၀ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဝင်လာတဲ့အခါမှာတော့ တစ်သျူးငှက်ပျော တင်ပို့ရောင်းချမှုဟာ အရင်နှစ်တွေထက် သိသိသာသာကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ တစ်သျူးငှက်ပျော အများဆုံးတင်ပို့နေတဲ့ ကန်ပိုက်တီနယ်စပ်ဂိတ်ကနေ ပို့ကုန်အနေနဲ့ ၁၀၁၁ တန်သာ တင်ပို့နိုင်ခဲ့ပြီး လွယ်ဂျယ်နယ်စပ်ဂိတ်ကတော့ တင်ပို့ရောင်းချမှု မပြုလုပ်နိုင်ခဲ့ဘူးလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းက တစ်သျူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်း အများစုဟာ ကိုဗစ်ကြောင့် အထိနာခဲ့သလို ဒေသတွင်း မငြိမ်သက်မှုတွေကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ပြည်ပတင်ပို့ရောင်းချမှု လျော့ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်သို့ တစ်သျှူးငှက်ပျောတင်ပို့မှု အနေနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ တန်ချိန် ၈၈၇၅၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၈၃၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၉၀၁၂၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၈၆၃ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂၈၆၇၇၇၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၄၃၃ သန်း၊ ၂၀၁၈ ခုနှစ် Mini Budget မှာ တန်ချိန် ၂၄၄၁၉၆၊ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၄၄၂ သန်းနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ တန်ချိန် ၇၃၇၅၀၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၉ ဒသမ ၂၂၃ သန်း တင်ပို့ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကုမ္ပဏီ ၃၆ ခုက ကြိုတင်ဝင်ငွေခွန် ကျပ်သန်း ၁၀၅၆၂ ကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှာ ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ ၃၂ ခုကို တရုတ်သို့ တစ်သျှူးငှက်ပျော တရားဝင်တင်ပို့ခွင့်အတွက် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၊ အပင်နှင့်တိရစ္ဆာန်ကူးစက်ရောဂါ ပိုးမွှားစစ်ဆေးရေးဌာန (GACC)က မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး အပင်/တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူညီချက် (SPS) လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါတွေအပြင် တရုတ်ဘက်က နယ်စပ်ဂိတ်တွေလည်း ပြန်ဖွင့်ပေးနေပြီဖြစ်တာကြောင့် တစ်သျှူးငှက်ပျောဈေးကွက်ဟာ လုပ်ငန်းတွင်ကျယ်လျက်ရှိပြီး ဈေးကွက်ခိုင်မာမှု ရရှိနေပေမယ့် လက်ရှိ ပြည်တွင်းနိုင်ငံရေး အခြေအနေအရ အနာဂတ် အလားအလာဟာ ပုံသေခန့်မှန်းလို့ မရနိုင်သေးဘဲ ရုန်းကန်ရဦးမယ့်အနေအထားမှာ ရှိနေပါသေးတယ်။ ။

#voiceofmyanmar #VOM #တစ်သျူးငှက်ပျော #စိုက်ပျိုးရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW