ဘူးသီးတောင်မှာ ပျောက်ဆုံးသွားတဲ့ ခမီအမျိုးသား တဦးကို ၄ ရက်ကြာမှ ဓားဒဏ်ရာတွေနဲ့ အလောင်းပြန်တွေ့

ဖေဖော်ဝါရီ ၉- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း၊ ကျောင်းတောင်အုပ်စု၊ ဂန္ဒရူးအောက်ရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းက ပျောက်ဆုံးသွားတဲ့ သက်ကြီးပိုင်း ခမီအမျိုးသားတဦးကို မနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ဓားဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ဂန္ဒရူးအောက်ရွာ (ခမီရွာ) က အသက် (၄၀) ကျော်အရွယ် ဦးစိန်ဖြူဖြစ်ကြောင်း ရွာနဲ့သိပ်မဝေးတဲ့ စမ်းပတီးချောင်းအတွင်း ငါးရှာသွားစဉ်ပျောက်ဆုံးသွားရကနေ အခုလို ဓားထိုးဒဏ်ရာတွေနဲ့ အသတ်ခံထားရတာကို ရွာသားတွေ ရှာဖွေတဲ့ ၅ ရက်မြောက်နေ့မှာ သေဆုံးပြီးတွေ့ရှိတာလို့ ဒေသခံတဦးက VOMကို ပြောပါတယ်။

ဂန္ဒရူးကျေးရွာ ဒေသခံတဦးကလည်း “ အဲဒီနေ့ ၃ နာရီလောက်က ငါးမြူးထောင်ထားတာကို ပြန်ဖော်ဖို့သွားတဲ့အခါ ပြန်မလာတဲ့အခါမှာ လိုက်ရှာကြတာပါ။ လိုက်ရှာတဲ့အခါ ဆိုင်ကယ်ကိုဘဲတွေ့တယ်။ အဲဒီလိုရှာရင်းနဲ့ မနေ့ကမှ တွေ့ကြတာပါ”လို့ ပြောပါတယ်။

အခုလို ဂန္ဒရူးကျေးရွာက ခမီးအမျိုးသား တဦး ဓားထိုးသတ်ဖြတ်ခံရတဲ့အပေါ် ဒေသခံတွေကြား စိုးရိမ်မှုမြင့်တက်နေပြီး အဲဒီ ကျောင်းတောင်အုပ်စုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း မရှိတော့ကြောင်း အဲဒီဒေသမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာတဦးက ပြောပါတယ်။

“အခုလို ဖြစ်ရပ်ဆိုတာကတော့ စိုးရိမ်ရပါတယ်။ ဒီလမှာ ကျနော်တို့က စာမေးပွဲစစ်ဆေးဖို့သွားရပါမယ်။ မသွားလို့မရဘူး။ ဒါကြောင့် ကျနော်တို့မှာ အုပ်စုလိုက်သွားပါမယ်။ အဲဒီနေရာသွားဖို့အတွက် ကျနော်တို့အနေနဲ့ ဆိုင်းတော့မိပါတယ်”လို့ သူကပြောပါတယ်။

ကျောင်းတောင်အုပ်စုမှာရှိတဲ့ ဂန္ဒရူးကျေးရွာဟာ အထက်ရွာနဲ့ အောက်ရွာဆိုပြီး ရှိကြောင်းနဲ့ အထက်ရွာမှာ မြိုလူမျိုးတွေနေထိုင်ကာ အောက်ရွာမှာ ခမီလူမျိုးတွေနေထိုင်တယ်လို့ သိရပါတယ်။

အရင်က အဲဒီ ကျောင်းတောင်အုပ်စုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ စခန်းကနေ ထွက်ခွာသွားပြီး တလလောက်အကြာမှာ အခုလိုမျိုး ဖြစ်ပွားတာလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဘူးသီးတောင်

Related posts

Leave a Comment

VOM News

FREE
VIEW