လျှပ်စစ်မီးပျက်လို့ အခက်တွေ့နေရဆဲ

ဖေဖော်ဝါရီ ၁၂ – ၂၀၂၃
SN (VOM)

လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ အခု ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းအထိ အချိန်ကြာမြှင့်စွာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒီလို လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် လတ်တလောကာလမှာ ပြည်တွင်းက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လျှပ်စစ်ဓာတ်အားကို အလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ အခုလို လျှပ်စစ်မီးကို အချိန်နာရီနဲ့ အလှည့်ကျ ခွဲတမ်းစနစ်နဲ့ ရရှိနေတာဖြစ်ပေမယ့် လက်ရှိမှာ မီးလာတဲ့အချိန်ထက် ပျက်တဲ့အချိန်က ပိုများနေတာကြောင့် အခက်အခဲများစွာကို နေ့၊ည များစွာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

“မီးက နာရီနဲ့ အလှည့်ကျ ဆိုပေမယ့် လာရမယ့်အချိန်မှာ အတိအကျ လာပေးတာမဟုတ်ဘူး။ မီးလာရမယ့်အချိန်မှာလည်း ပျက်တာပဲ။ ပျက်ရမယ့်အချိန်မှာလည်း ပျက်တာပဲ။ ရေကလည်းမလာ၊ မီးကလည်း မလာနဲ့။ ရေဆိုတာကလည်း ညဘက် ထမောင်းမှ ရတာ။ မီးက နေ့လည်းမလာ၊ ညလည်း ပျက်နေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး”လို့ တောင်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်မတဦးက ပြောပါတယ်။

အခုကာလဟာ မိုးရာသီကုန်ဆုံးပြီဖြစ်တာကြောင့် ဓါတ်အားစနစ်အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံတွေကနေ ဓါတ်အားထုတ်လုပ်မှု လျော့နည်းလာတယ်လို့ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း (YECS) က အသိပေး ကြေညာထားပါတယ်။

လာမယ့် နွေရာသီကာလမှာ ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့အတွက် ရေလှောင်တမံတွေက သိုလှောင်ဆည်ရေတွေကို မျှတထိန်းညှိ မောင်းနှင်နေရတာကြောင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်တာဖြစ်တယ်လို့ ပြောထားပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနဘက်ကတော့ နိုင်ငံအတွက်လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားတွေကို အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ သူဌေး ရေအားလျှပ်စစ် စီမံကိန်းတွေကတဆင့် စုစုပေါင်း ၄၄၂ မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ဆက်လက်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ ပြောဆိုထားတဲ့အပြင် အလားအလာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လျှပ်စစ်ဓာတ်အားတွေ ပြည့်ဝစွာ ထုတ်လုပ်နိုင်ဖို့အတွက်လည်း ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ကျောက်မီးသွေးသုံးစက်ရုံ ၁ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၈ ရုံ၊ဒီဇယ်ဓာတ်အားပေးစက် ၆၁၀ လုံးနဲ့ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ ၂ ရုံတို့ကနေ လျှပ်စစ်ဓာတ်အား ၇၁၂၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီစက်ရုံအသီးသီးရဲ့ စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှု ၅၀ ရာခိုင်နှုန်းခန့်ဟာ ရေအားလျှပ်စစ်စက်ရုံတွေကဖြစ်ပြီး ပြည့်ဖြိုးမြဲ လျှပ်စစ် ထုတ်လုပ်နိုင်တဲ့ ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်း ၆၀ ခုမှ ၆၂၈၇ မဂ္ဂါဝပ်ထွက်ရှိရန်လည်းစီမံ ဆောင်ရွက်လျက်ရှိတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ နစကလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

ဒါပေမယ့်လည်း ရန်ကုန်တိုင်းအပါအဝင် နိုင်ငံအဝှမ်းမှာတော့ လျှပ်စစ်ဓါတ်အား လိုအပ်ချက်တွေက ယနေ့ကာလအထိ ရှိနေဆဲဖြစ်ပါတယ်။

ပြည်သူ‌တွေဟာ လျှပ်စစ်မီးမရရှိမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် သောက်သုံးရေ ပြတ်လပ်မှု၊ အိမ်တွင်း တစ်ပိုင်တစ်နိုင် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ အပြည့်အဝ မလည်ပတ်နိုင်မှု၊ YBS ယာဉ်လိုင်းတွေ ဂတ်စ်အပြည့်ရတာကြောင့် လိုင်းကားရှားပါးမှု စတဲ့ အခက်အခဲတွေကို ခါးစည်း ခံနေကြတာဖြစ်ပါတယ်။

”ကျွန်တော်ကအိမ်မှာ တပိုင်တနိုင် အထည်ချုပ်လုပ်ငန်း လုပ်နေတာပါ။ အခုလျှပ်စစ်မီး အခြေအနေနဲ့ဆို ရေရှည်ကျတော့ လုပ်ငန်းက ရပ်တည်ဖို့ ခက်ခဲလာတယ်။ မီးက အလှည့်ကျလို့သာ ကြေညာထားပေမယ့် ပျက်ရမယ့်အချိန်သာ အတိအကျပျက်တာ၊ လာရမယ့်အချိန်ကျ အတိအကျလာတာမဟုတ်ဘူး။ အခုထိ ဘာမှကို ယုံကြည်လို့မရသေးဘူး။ တနေကုန် မီးစက်နဲ့ပဲ အလုပ်လုပ်နေရတာ။ ဆီဖိုးနဲ့က ကြာတော့ တွက်ခြေမကိုက်ဘူး။ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတယ်”လို့ မြောက်ဒဂုံမြို့နယ်က အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

လျှပ်စစ်မီး အခက်အခဲတွေကြောင့် ရန်ကုန်မြို့က CNG ဖြည့်တင်းတဲ့ ဂတ်စ်ဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရတဲ့အတွက် YBS ယာဉ်လုပ်သားတွေ အပါအဝင် ပြည်သူတွေအနေနဲ့လည်း အခက်ကြုံနေကြရတာဖြစ်ပါတယ်။

”ကားတွေက တနေ့ထက်တနေ့ ပိုရှားလာတယ်။ ရုံးတက်၊ ရုံးဆင်းချိန်မှာတောင် ကားရှားတယ်။ နေ့လည်အပိုင်းအချိန်တွေတော့ အပြင်ထွက်ဖို့ လိုင်းကားစီးဖို့ စိတ်မကူးလေနဲ့။ ကားက ၂ နာရီနီးပါး ကြာအောင်စောင့်ရတယ်၊ လုံးဝ မလာတာတွေလည်းရှိတယ်။ ကျွန်မအထင်တော့ ရုံးတက်၊ ရုံးဆင်းချိန်တွေက အဓိကဆိုတော့ အဲ့ဒီအတွက်ပဲ ရှိတဲ့ကားလေးတွေ ချန်ထားပုံရတယ်။ နေ့လယ်၊ နေ့ခင်းကတော့ မှတ်တိုင်မှာ အချိန်ကုန်ခံနိုင်မှ အပြင်သွားတာကောင်းတယ်”လို့ YBS စီးတဲ့ ခရီးသည်တဦးက ပြောပါတယ်။

ဒါ့အပြင် ယာဉ်မောင်းတွေအနေနဲ့ ဂတ်စ်ဖြည့်တင်းရာမှာလည်း လျှပ်စစ်မီးကြောင့် ဂက်စ်ပရက်ရှာမပြည့်မှုတွေရှိလာပြီး YBS ကားတွေခေါက်ရေအပြည့် မပြေးဆွဲနိုင်တာကြောင့် အုံနာကြေးတောင် ရှာမရတဲ့နေ့မျိုးတွေလည်း ရှိနေတယ်လို့ YBS ယာဉ်လုပ်သားတွေက ပြောပါတယ်။

”မီးမမှန်တော့ ပရက်ရှာမပြည့်၊ ပရက်ရှာမပြည့်တော့ ကားတွေက အမောင်းမခံဘူးပေါ့။ အမောင်းမခံတဲ့အခါကျ အရင်က နှစ်ရက်ကို တစ်ခါထည့်ရတဲ့ကားက အခု နေ့တိုင်းထည့်နေရတယ်။ အခါတိုင်း ၇ ဝိုင်းလောက် ရတဲ့ကားက အခု ၄ ဝိုင်းလောက်နဲ့ ဂတ်စ်ကကုန်ကုန်သွားတယ်။ လျှပ်စစ်မီးပျက်တဲ့အခါတွေမှာ ပန့် ၄ ခုပေးတဲ့ ဆိုင်တွေက ပန့် ၂ ခုပဲပေးတယ်၊ ပန့် ၂ ခု ပေးတဲ့ဆိုင်က ပန့် ၁ ခုပဲပေးနိုင်တော့တယ်။ အဲ့ဒီတော့ ဂတ်စ်ဆိုင်မှာ ကားတွေက ပုံပုံသွားတာပေါ့။ ပြောရရင်တော့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ တကယ်တမ်းပြောရမယ်ဆို ပြောလို့တောင် ကုန်မယ်မထင်ဘူး”လို့ YBS ယာဉ်မောင်းတဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင်ပေါင်း ၄၂ ဆိုင်ရှိရာ YBS ယာဉ်တွေအနေနဲ့ ၃၂ ဆိုင်မှာ CNG ဖြည့်တင်းနေရတာကြောင့် သီးသန့်ဖြည့်တင်းနိုင်ဖို့အတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲထံ တင်ပြထားတယ်လို့ သိရပါတယ်။

YBS ယာဉ်တွေအတွက် CNG ဖြည့်နိုင်ဖို့ သီးသန့်ဆိုင်တွေ လုပ်ဆောင်ပေးနိုင်ရင် ဂတ်စ်တန်းစီဖို့အချိန် လျော့နည်းသွားနိုင်ကာ ပိုမိုအဆင်ပြေနိုင်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

“ကျွန်တော်ဆို ည ၈ နာရီကတည်းက ဂတ်စ်သွားတန်းတာ၊ နောင်နေ့ မနက် ၄ နာရီမှ ဂတ်စ်ရတယ်။ တခြားကားတွေလည်း အဲ့ဒီလိုပဲ။ ဂတ်စ်ဆိုင်မှာပဲ အချိန်ကုန်နေရတာ။ လိုင်းကားတော်တော်များများက CNG ဆိုင်မှာ အကုန်ပြုံပြီးရောက်နေတော့ လမ်းပေါ်မှာ ကားမရှိဘူးဖြစ်နေတာပေါ့။ စနစ်တကျနဲ့ YBS ယာဉ် သီးသန့် သတ်မှတ်ပေးနိုင်ရင်တော့ ပိုအဆင်‌သွားမှာ‌ပေါ့“လို့ YBS ၂၄ ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောပါတယ်။

အခုလို လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်ပြီး လျှပ်စစ်မီး ပုံမှန် အချိန်ပြည့်မရပေမယ့် မီတာခတွေကတော့ လျော့မသွားဘူးလို့ ပြည်သူတဦးက ပြောပါတယ်။

”မီးက အကြောင်းအမျိုးမျိုးပြပြီး ဖြတ်နေကြတယ်။ ဝန်အားလျှော့ချရမှာမို့လို့ ဖြတ်ရတာနဲ့၊ စက်တွေပြင်လို့ ဖြတ်ရတာနဲ့၊ မီးကြိုးပြတ်လို့ ဖြတ်ရတာနဲ့၊ ဘာအကြောင်းမှမရှိလည်း ဖြတ်ချင်လို့ ဖြတ်ရတာနဲ့။ ဒါပေမယ့် ဘယ်လောက် မီးပျက်ပျက် မီတာခကတော့ လျော့မသွားဘူး။ အခုက နေ့ရောညပါ ပျက်နေသလို ဖြစ်နေတာ။ အရင်က အချိန်နဲ့ပေးတာမှန်ပေမယ့် အခုက ပျက်ချင်သလိုပျက်နေတော့ မီးဘယ်အချိန်ပြန်လာမလဲတောင်မှန်းရခက်နေတယ်။ ဒီမီးကို ယုံစားပြီး ဘာအလုပ်မှ လုပ်လို့မရဘူး။ မီးမလာတော့ ရေတင်လို့မရဘူး။ အချိန်နဲ့အခါနဲ့ ချက်ပြုတ်လို့မရဘူး”လို့ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မတဦးက ပြောပါတယ်။

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YECS)က ရန်ကုန်မြို့မှာ အခုလို လျှပ်စစ်မီးတွေ ပြတ်တောက်မှု ဖြစ်ပေါ်နေရတာဟာ အခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဆန်းပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓါတ်အားလိုင်းရဲ့ တာဝါတိုင်အမှတ် (၁) ဖောက်ခွဲဖျက်ဆီးခံရမှုနဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်ဓါတ်အားစနစ်အတွင်းသို့ ဓါတ်အားပို့လွှတ်နေတဲ့ ၁၃၂ ကေဗွီ ဘီးလူးချောင်း (၂)၊ တီဂျစ် Double Circuit ဓါတ်အားလိုင်း အပြစ်ဖြစ်ပွားပြီး တိုင်မှတ် (၁၁၅)မှာ ပျက်စီး တိမ်းစောင်းနေခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ လျှပ်စစ်မီးနဲ့ လျှပ်စစ်ဓါတ်အားတွေကို ချွေတာသုံးစွဲကြဖို့ကိုလည်း လျှပ်စစ်ဝန်ကြီးဌာနဘက်က မကြာခဏဆိုသလို ထုတ်ပြန် ကြေညာမှုတွေ၊ အသိပေးနှိုးဆော်မှုတွေ ပြုလုပ်နေပါတာကိုလည်း တွေ့ရပါတယ်။

အခုလို လျှပ်စစ်မီးတွေ မရရှိတာဟာ နေ့စဉ် လူမှု့ဘဝအတွက် အခက်အခဲဒုက္ခတွေ ပိုလာရပြီး နေ့စဉ်ဘဝ ရှင်သန် ရပ်တည်ရေးတွေကိုပါ ထိခိုက်လာရတာလည်း ဖြစ်ပါတယ်။

နိုင်ငံတိုင်းလိုလိုမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအဆောက်အအုံထဲမှာ လျှပ်စစ်ဓါတ်အားဟာ တခုအပါအဝင်ဖြစ်ပါတယ်။

အခုကာလမှာ လျှပ်စစ်ဓါတ်အားတွေ လုံလောက်စွာ ရရှိဖို့ဆိုတာ အလွန်အရေးကြီးတဲ့ ကဏ္ဍမှာရှိနေခဲ့သလို လျှပ်စစ်ကဏ္ဍဟာ လူမှုရေး၊ စီးပွားနယ်ပယ်တွေနဲ့ပါ တိုက်ရိုက်ပက်သတ် ဆက်နွယ်နေတာကြောင့်မို့ လျှပ်စစ်ဓါတ်အားတွေ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ဖို့ဆိုတာ လွန်စွာအရေးပါလှပါတယ်။

တကယ်တမ်းပြောရရင် လက်ရှိ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်သာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓါတ်အားကို အသုံးပြုခွင့်ရနေတာဖြစ်ပြီး မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်မှု အနိမ့်ဆုံး နိုင်ငံတခုအဖြစ်လည်း မှတ်တမ်းဝင်နေတာပဲ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #လျှပ်စစ်မီးကဏ္ဍ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW