ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့က ချီးမြှင့်မယ့် ကမ္ဘာလုံးဆိုင်ရာဆုအတွက် မြန်မာနိုင်ငံကSME လုပ်ငန်းတွေ လျှောက်ထားနိုင်

ဖေဖော်ဝါရီ ၁၆ – ၂၀၂၃
SN (VOM)

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(World Intellectual Property Organization-WIPO)က ချီးမြှင့်မယ့် ကမ္ဘာလုံးဆိုင်ရာ ဆုတံဆိပ်အတွက် ပြည်တွင်းက အသေးစားနဲ့ အလတ်စား SME လုပ်ငန်းတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ဆုတံဆိပ်အတွက် လျှောက်ထားမှုတွေကို လက်ခံသွားမယ်လို့ WIPO က အဖွဲ့ဝင်နိုင်ငံတွေဆီ အသိပေး အကြောင်းကြားခဲ့ပြီး ယှဉ်ပြိုင်မှုတွေအတွက် အခု ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ လျှောက်လွှာ လက်ခံသွားမယ်လို့ သိရပါတယ်။

“ပြိုင်ပွဲက စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ ဆုအတွက် အရွေးချယ်ခံရရင် ပရိုဂရမ်တခုလည်း ရဦးမယ်ဆိုတော့ ကျွန်တော်တို့ SME တွေအတွက် အခွင့်အလမ်းတခု ရလာနိုင်မယ်လို့လည်းထင်တယ်။ ခက်ခဲမယ်ဆိုပေ‌မယ့် အခက်အခဲတွေကြုံတိုင်းမှာ အခွင့်အရေးပေါ်တယ်ဆိုသလိုပဲ၊ ဒီအခွင့်အရေးအတွက် ကြိုးစားကြည့်ဖို့ လျှောက်လွှာတင်ထားပါတယ်“လို့ မြောက်ဒဂုံမြို့နယ်က SME လုပ်ငန်းရှင်တဦးက ပြောပါတယ်။

စိစစ်ရွေးချယ်ရေးအဖွဲ့ အနေနဲ့ ပြိုင်ပွဲအတွက် အနိုင်ရရှိသူ (၇) ဦးအထိ ရွေးချယ်သွားမှာဖြစ်ပြီး ရွေးချယ်ခံရသူတွေဟာ ဇူလိုင်လမှာပြုလုပ်မယ့် WIPO General Assembly ကာလအတွင်း ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာဆုပေးပွဲကို တက်ရောက်ဖို့အတွက် ဖိတ်ကြားခံရမယ့်အပြင် Personalized WIPO Mentorship Program တခုကိုလည်း လက်ခံရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲမှာ နည်းပညာ၊ စိုက်ပျိုးရေး၊ တီထွင်ဖန်တီးထားတဲ့ စက်မှုလုပ်ငန်းစတဲ့ SME လုပ်ငန်းတွေလျှောက်ထားနိုင်ပြီး လျှောက်ထားသူတွေအနေနဲ့ ကုန်အမှတ်တံဆိပ်တွေ၊ တီထွင်မှုတွေ၊ ဒေသဆိုင်ရာ အညွှန်းတို့နဲ့ သက်ဆိုင်တဲ့ မူပိုင်ခွင့်တွေကိုအသုံးပြုကာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့ကတော့ အခွင့်အရေးရတုန်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိပါတယ်။ SME ဆိုတာလည်း နိုင်ငံ့စီးပွားရေးအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်ပဲလေ။ ဒီပြိုင်ပွဲကြီးက ကိုယ့်နိုင်ငံရဲ့ မူပိုင်ခွင့်ကဏ္ဍအတွက်လည်း အကျိုးရှိစေမယ်လို့ထင်တယ်“လို့ တာမွေမြို့နယ်က SME လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်တွင်းက SME လုပ်ငန်းရှင်တွေ အနေနဲ့ ဒီပြိုင်ပွဲနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိလိုရင် WIPO ဝက်ဘ်ဆိုက်ဖြစ်တဲ့ https://www.wipo.int/global-awards/en/ မှာ ဝင်ရောက်လေ့လာနိုင်တယ်လို့ သိရပါတယ်။

WIPOကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (ဌာနချုပ်)ဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တည်ရှိပြီး အဖွဲ့အနေနဲ့ ၁၈၈၃ ခုနှစ်မှာ စက်မှုဆိုင်ရာမူပိုင်ခွင့်တွေကို အကာအကွယ်ပေးခြင်းအတွက် Paris Convention နဲ့ ၁၈၈၆ ခုနှစ်မှာ စာပေနဲ့ အနုပညာ လက်ရာတွေကို အကာအကွယ်ပေးခြင်းအတွက် Berne Convention တွေကို ချုပ်ဆိုခြင်းကတဆင့် စတင် ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေကတော့ ကမ္ဘာတဝန်း မူပိုင်ခွင့်အကာအကွယ်ပေးမှုတွေကို မြှင့်တင်ဖို့၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့က စီမံခန့်ခွဲနေတဲ့ Treaty များအရ ဖွဲ့စည်းထားတဲ့ မူပိုင်ခွင့်ဆိုင်ရာ သမဂ္ဂများအကြား စီမံရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့အတွက် အဖွဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေနဲ့ မူပိုင်ခွင့်တွေကို အကာအကွယ် ပေးခြင်းအပြင် လိုက်နာဆောင်ရွက်မှတွေနဲ့ ပတ်သက်ပြီး စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းတွေ၊ မူပိုင်ခွင့်ကဏ္ဍမှာ ဥပဒေရေးရာနဲ့ နည်းပညာဆိုင်ရာ အကူအညီပေးခြင်းလုပ်ငန်းတွေအပြင် တီထွင်မှုမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နဲ့ စက်မှုဒီဇိုင်း မူပိုင်ခွင့်တို့နဲ့ ပတ်သက်လို့ စက်မှုဆိုင်ရာ မူပိုင်ခွင့်ရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် အပြည်ပြည်ဆိုင်ရာ အမျိုးအစားခွဲခြားခြင်းနဲ့ စံသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆန်းသစ်တီထွင်မှုများအတွက် တီထွင်မှုမူပိုင်ခွင့်ရရှိနိုင်ဖို့ အပြည်ပြည်ဆိုင်ရာသို့ လျှောက်ထားခြင်း၊ အမှတ်တံဆိပ်နဲ့ စက်မှုဒီဇိုင်း အပြည်ပြည်ဆိုင်ရာမှတ်ပုံတင်ခြင်းအတွက် ဝန်ဆောင်မှုပေးခြင်း အပါအဝင် မှတ်ပုံတင်ခြင်းနဲ့ လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ဟာ မြန်မာနိုင်ငံကို၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်၊ မေ ၁၅ ရက်နေ့မှာ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

အခုအခါ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃)နိုင်ငံ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #SMEလုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW