သေနတ်ကိုင်ခွင့်ပြုတဲ့ ထုတ်ပြန်ချက်အပေါ် ပြည်သူတွေဘာပြောလဲ

ဖေဖော်ဝါရီ ၁၆- ၂၀၂၃
GG(VOM)

ပြည်သူတွေအနေနဲ့ လူတယောက်ကို သေနတ် ၃ လက်အထိ ကိုင်ဆောင်ခွင့် ပြုပေးသွားမယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့စွဲနဲ့ နစက က သတင်းထုတ်ပြန် အသိပေးထားတာကို တွေ့ရပါတယ်။

အခုလို သေနတ်ကိုင်ဆောင်ခွင့်ပြုလိုက်တဲ့အပေါ် ပြည်သူတွေအနေနဲ့ ထောက်ခံသူရှိသလို စိုးရိမ်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

” သေနတ်က ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ဆောင်ထားသူတွေလက်ထဲရောက်ရင် တော်သေးတယ်၊အဲ့ဒီလိုမဟုတ်ဘဲ ခိုးဆိုးလုယက်လူမိုက်တွေလက်ထဲရောက်သွားရင် ပြည်သူတွေဒုက္ခရောက်မှာပါ။အခုတောင်ဒုက္ခတွေရောက်နေရတာပါ “လို့ ပြည်သူတဦးကပြောပါတယ်။

နစက ဘက်ကတော့ အရပ်သားပြည်သူတွေကို လိုင်စင်နဲ့ကိုင်လို့ရတဲ့ သေနတ်အမျိုးအစားတွေအထဲက ၃ လက်အထိ ကိုင်ခွင့်​ပြုပြီး အစိုးရဝန်ထမ်းတွေကို တော့ လိုင်စင်သေနတ် ၃ လက်အထိဖြစ်စေ၊ ပါမစ်သေနတ် ၁ လက်ဖြစ်စေ ကိုင်ဆောင်လို့ရတယ်လို့ထုတ်ပြန်ချက်အရ သိရပါတယ်။

နောက်ထပ် ပြည်သူတဦးကလည်း သေနတ်ကိုင်ခွင့်ပြုတဲ့အပေါ် ” ကောင်းတာ ရှိသလို မကောင်းတာလည်း ရှိပါတယ်၊တိုင်းပြည် တခုရဲ့ rule of law နဲ့ သက်ဆိုင်ပါတယ်၊အဲ့ဒီလိုပဲ ပြည်သူတွေက rule of law အပေါ် ဘယ်လောက်ထိ ယုံကြည်မှုရှိလဲ နဲ့ ဆိုင်ပါတယ် ၊လူတိုင်းတော့ သေနတ်ကိုင်ခွင့်ပေးမယ်မထင်ပါဘူး”လို့ ပြောပါတယ်။

ဒါ့ကြောင့် နစက အနေနဲ့ သေနတ်ကိုင်ခွင့်လိုင်စင်ချပေးတဲ့အခါ သေနတ်ကိုင်ဖို့ တကယ်လိုအပ်သူတွေကိုသာ သေချာရွေးချယ်ချထားပေးဖို့ လိုအပ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

“”ကျနော်အပါအဝင်ပြည်သူတော်တော်များများကတော့ ကောင်းတယ်ပေါ့ဗျာ ၊ခေတ်ကာလမကောင်းတော့ ခိုးဆိုးလုယက်မှုတွေကလည်းရှိနေတယ်ဆိုတော့ တကယ်လိုအပ်သူတွေကိုပေးဖို့တော့ လိုတာပေါ့၊မသမာသူ ခိုးဆိုးလုနိူက်တွေလက်ထဲ မရောက်မှကောင်းမှာပါ၊မဟုတ်ရင် မြင်းကို ဂျိုတပ်ပေးသလိုမျောက်လက်ထဲ စက်သေနတ်အပ်သလိုဖြစ်မှာတော့မဖြစ်စေချင်ပါဘူး”လို့ နောက်ထပ်ပြည်သူတဦးကပြောပါတယ်။

လိုင်စင်နဲ့ကိုင်ဆောင်ခွင့်ရှိတဲ့သေနတ်တွေကတော့ဒသမ ၃၈ လက်မနဲ့ သူ့ထက်ပြောင်းဝငယ်တဲ့ ဆုံလည်သေနတ်၊ ဒသမ ၃၈ လက်မ ဒါမှမဟုတ် ၉ မီလီမီတာနဲ့ သူ့ထက်ပြောင်းဝငယ်တဲ့ ပစ္စတိုသေနတ်၊ ၁၂ ဘိုးနဲ့ သူ့ထက်ပြောင်းဝငယ်တဲ့ ပြောင်းချောသေနတ်၊ ဒသမ ၂၂ လက်မနဲ့ သူ့ထက် ပြောင်းဝကျယ်တဲ့ အမဲလိုက်သေနတ်၊ လေသေနတ် ဖြစ်တယ်လို့ သိရပါတယ် ။

ဒသမ ၃၈ လက်မ၊ ဒါမှမဟုတ် ၉ မီလီမီတာနဲ့ သူ့ထက်ပြောင်းဝကျယ်တဲ့ ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်ကလေးအုပ်စုဝင်သေနတ်တွေကို ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုမယ်လို့ သိရပါတယ်။

ကျည်ဆန်တွေကိုတော့ အမျိုးအစားအလိုက် အတောင့် ၅၀ ကနေ ၁၀၀ အထိ ကိုင်ခွင့်ပြုမယ်လို့သိရပါတယ်။

အရပ်သားတွေအနေနဲ့ကတော့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ လျှောက်ထားနိုင်ပြီး ဝန်ထမ်းတွေကတော့ သက်ဆိုင်ရာဌာနကနေ တဆင့်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သေနတ်ကိုင်ခွင့် #ထုတ်ပြန်ချက် #ပြည်သူတွေဘာပြောလဲ

Related posts

Leave a Comment

VOM News

FREE
VIEW