ကိုရီးယားသွားဖို့ အသနားခံတောင်းဆိုနေရတဲ့ EPS လုပ်သားတွေ

ဖေဖော်ဝါရီ ၁၈ – ၂၀၂၃SN (VOM)

မြန်မာနိုင်ငံမှာ ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာ အခုဆို အချိန် တလကျော်ကြာနေပြီး တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို ဇန်နဝါရီ ၂ ရက်မှာ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပြည်ပထွက် ဆေးကုမယ့်သူတွေ၊ ကျောင်းတက်ဖို့ ပြင်ဆင်နေသူတွေနဲ့ ပြည်ပမှာ အလုပ်လုပ်ကိုင်မယ့်သူတွေ လက်ရှိမှာ အခက်အခဲတွေ ဖြစ်ပေါ်နေကြရတာဖြစ်ပါတယ်။

ပတ်စ်ပို့ရုံးတွေကို System update လုပ်တာကြောင့် ပိတ်တာလို့ ကြေညာထားပြီး ပြန်ဖွင့်မယ့်ရက်ကိုတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ တရားဝင် ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က MoU လုပ်သားတွေအတွက် Green Channel နဲ့ သီးသန့် ပတ်စ်ပို့ ထုတ်ပေးမှုကို ဇန်နဝါရီ ၁၇ ရက်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ 

အခုလို ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာကြောင့် ကိုရီးယားနိုင်ငံကို ကုန်ထုတ်လုပ်ငန်းနဲ့ သွားရောက်မယ့် EPS လုပ်သား အများအပြား အခက်တွေ့နေကြရတာဖြစ်ပါတယ်။

ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာကြောင့် လက်ရှိမှာ စလစ်ရပီး စာအုပ်မထုတ်ရသေးသူ၊ PJ သက်တမ်းတိုးဖို့အတွက် QR ရပီးသားသူ၊ PV ကနေ PJ ပြောင်းမယ့်သူတွေဟာ ၃၀၀၀ ကနေ ၃‌၅၀၀ ၀န်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

“ပတ်စ်ပို့ရုံး ဒီလို ပိတ်လိုက်မယ်လို့ ဘယ်သူမှ မထင်မိပါဘူး။ ကျွန်တော်ဆို QR ရဖို့ သုံးလ ဘိုကင်ယူပီး QR ရတော့မှ ပတ်စ်ပို့ရုံးကပိတ်လိုက်တာပါ။ ကျွန်တော်တို့လို EPS လုပ်သားလောင်းတွေ ကျွန်တော့်လိုပဲ ခက်ခဲနေကြတဲ့လူတွေ တပုံကြီးပါပဲ“လို့ ကိုရီးယားသွားဖို့ ပြင်ဆင်နေတဲ့ EPS လုပ်သားတဦးက ပြောပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ လက်ရှိမှာ ပတ်စ်ပို့လဲလှယ်ဖို့၊ သက်တမ်းတိုးဖို့ အရေးတကြီး လိုအပ်နေတာကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေချင်း ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့်သော်လည်းကောင်း၊ EPS လုပ်သားတွေကို သေချာစိစစ်ပြီး ဆောင်ရွက်ပေးခြင်းဖြင့်သော်လည်းကောင်း တနည်းနည်းနဲ့ ကူညီဆောင်ရွက်ပေးစေလိုတယ်လို့ ပြောတယ်။

“EPS စာမေးပွဲ အောင်မြင်ပြီးသူတိုင်းလည်း ကိုရီးယားနိုင်ငံကို မလွှဲမသွေ သွားရောက်နိုင်ခြင်းမရှိဘူးဆိုတာ သိထားပြီး၊ လက်ခံပီးသားဖြစ်ပေမယ့် ကျွန်တော်တို့လို လုပ်သားလောင်းများစွာက ပတ်စ်ပို့ကိစ္စတခုတည်းနဲ့ ဒီအခြေအနေမှာ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်“ လို့ သူက ပြောပါတယ်။

EPS အလုပ်သမားတွေအနေနဲ့ ပတ်စ်ပို့ အခက်အခဲနဲ့ ပတ်သက်လို့ နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန(MOL) နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို အသနားခံကာ မေတ္တာရပ်ခံစာပေးပို့ထားတယ်လို့ သိရပါတယ်။ 

MOL ဘက်က အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှ နိုင်ငံကူးလက်မှတ် အဆင်မပြေဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ စာရင်းကို Excel (PyiDaungSu Font) နဲ့ ပေးပို့လာပါက ဖြေရှင်းပေးမယ်လို့ အကြောင်းပြန်လာတာကြောင့် POEA အနေနဲ့ ပြည်ထဲရေးဌာနနဲ့ လိုအပ်သလို ချိတ်ဆက်ပြီး ကူညီဖြေရှင်းပေးဖို့ EPS လုပ်သားတွေက တောင်းဆိုနေကြပါတယ်။

“ကျွန်တော်တို့ EPS လုပ်သားတွေ ပထမတုန်းက ပြည်ထဲရေးကို အသနားခံစာ ပို့ကြတာပါ။ ပြည်ထဲရေးရုံးကလည်း ဖုန်းပြန်ဆက် အကြောင်းကြားပေးပါတယ်။ ပြည်ထဲရေးကပြောတာတော့ MOL လက်အောက်က POEA က ပတ်စ်ပို့အခက်အခဲဖြစ်နေတဲ့ လူစာရင်း‌ပို့ပေးရင် စဉ်းစားလုပ်ပေးမယ် အကြောင်းပြန်ပါတယ်။ နောက်ပိုင်း တခြားရုံး‌တွေကို ထပ်ပြီး အသနားခံစာတင်ဆိုရင်လည်း တင်ရမှာပေါ့“ လို့ နောက်ထပ် EPS လုပ်သားတဦးက ပြောပါတယ်။

EPS လုပ်သားတွေအနေနဲ့ ပတ်စ်ပို့ရရှိရေးအတွက် MOL ထံ အသနားခံစာပေးပို့ထားတဲ့အပြင် တွေ့ဆုံညှိနှိုင်းခွင့်ကိုလည်း တောင်းဆိုထားတယ်လို့  သိရပါတယ်။ MOL အနေနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ POEA ဘက်က ထောက်ခံချက်ပေးဖို့ လိုအပ်တယ်လို့ အကြောင်းပြန်ထားပါတယ်။

POEA ဘက်ကတော့ ဘယ်လိုထောက်ခံချက် အမျိုးအစားကိုပေးရင် အဆင်ပြေနိုင်မလဲ ဆိုတာကို ပြည်ထဲရေးနဲ့ ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

“MOL က ထောက်ခံစာနဲ့မှ ရမှာဆိုလို့ ဘယ်လိုထောက်ခံစာမျိုးလဲ သိချင်ပါတယ်။ POEA ကလည်း တွေ့ခွင့်မရတော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ ကျွန်တော်တို့က အလုပ်ဖောင်တင်ဖို့အတွက် စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံချက်နဲ့ အလုပ်ဖောင်တင်ရင် ပတ်စ်ပို့သက်တမ်း ၁ နှစ်အထက် လိုအပ်ကြောင်း ထောက်ခံစာလောက်ပဲ တောင်းလို့ရမယ့်အခြေအနေရှိတယ်။ အဲ့ဒီထောက်ခံစာနဲ့ ရနိုင်မလား သိချင်တယ်။ MOL က ရတယ်ဆို POEA ကို ထောက်ခံစာ တောင်းလို့ရလောက်တယ်။ အခုက POEA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြောက်ဒဂုံ၊ ပင်လုံခန်းမ သွားတုန်းက အတွေ့မခံလို့ မတွေ့လိုက်ရဘူး“လို့ နောက်ထပ် EPS လုပ်သားတဦးက ပြောပါတယ်။

ကိုရီးယားသွားမယ့် EPS လုပ်သားတွေအနေနဲ့ ပတ်စ်ပို့စာအုပ် ရရှိရေးအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ပင်လုံခန်းမ-အလုပ်သမားသင်တန်းကျောင်း)ရှေ့မှာ သွားရောက်စုဝေးပြီး အသနားခံ တင်ပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ပတ်စ်ပို့ရုံးတွေ ပြန်မဖွင့်သေးတဲ့အတွက် ကိုရီးယားနိုင်ငံကို ကုန်ထုတ်လုပ်ငန်းနဲ့ သွားရောက်မယ့် EPS လုပ်သား အများအပြားဟာ လက်ရှိအချိန်အထိ အခက်တွေ့နေရတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ EPS လုပ်သား ၁၀၀ ဝန်းကျင်ခန့်ဟာ ပတ်စ်ပို့ရရှိရေးအတွက် ပင်လုံခန်းမ-အလုပ်သမားသင်တန်းကျောင်းမှာ သွားရောက်စုဝေး တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် MOL နဲ့ တွေ့ခွင့်တောင်းထားတာနဲ့ ပတ်သက်လို့ MOL ဘက်က သက်ဆိုင်ရာတာဝန်ရှိတွေနဲ့ တွေ့ဆုံခွင့်ပေးမယ့် အချိန်၊နေရာကို ထပ်မံ အသိပေးသွားမှာဖြစ်ပြီး EPS လုပ်သားတွေဘက်က တက်ရောက်မယ့် လူအရေအတွက်စာရင်းကို တောင်းထားတယ်လို့ သိရပါတယ်။ 

“အခုက ပြန်ဖွင့်မယ့်ရက်မသိတော့ ပိုဆိုးတယ်။ ဆက်ပြီးပဲ မျှော်လင့်ရမလိုလို။ အဲ့ဒီတော့ သူများ အသနားခံစာတင်ရင် လိုက်တင်နေရတာ။ အလုပ်လျှောက်သက်တမ်းက ၂ နှစ်ပေးထားတယ်။ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး“ လို့ နောက်ထပ်EPS လုပ်သားတဦးက ပြောပါတယ်။

လက်ရှိ ပတ်စ်ပို့သက်တမ်း ကုန်နေတဲ့လူ‌တွေက ၂၀၁၈ ခုနှစ်လောက်ကတည်းက ပြင်ဆင်လာခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ 

“၂၀၁၈ ခုနှစ်နောက်ပိုင်း ကိုဗစ်ရယ်၊ လက်ရှိ တိုင်းပြည်အခြေအနေရယ်ကြောင့် စာမေးပွဲလည်း မရှိပါဘူး။ ဒီနှစ်တော့ computer နဲ့ ဘာသာစကားစစ်တဲ့ စာမေးပွဲရှိတော့ ဖြေထားတာ။ အရင်က CBT နဲ့ဖြေရင် ၂၀၀ ပေးမှတ်မှာ ၁၈၅ မှတ်ရမှ အောင်တယ်ပြောကြတော့ ငွေကြေးမတတ်နိုင်သူတွေက အောင်မှ ပတ်စ်ပို့လုပ်မယ် စဉ်းစားထားကြတာ။ ပိုက်ဆံအကုန်ခံပြီး ကြိုပြီး သက်တမ်း တိုးထားသူတွေကတော့ အဆင်ပြေပါတယ်။ တချို့ကြတော့လည်း ၅ သိန်းလောက် အကုန်ခံပြီး မြ၀တီသွားတိုးကြတာ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ၁၁ လပိုင်းလောက်က စာအုပ်ရထားသူတွေကတော့ အဆင်ပြေသွားတာပေါ့“ လို့ သူက ပြောပါတယ်။

လက်ရှိ ပတ်စ်ပို့ အဆင်ပြေတဲ့သူတွေဟာလည်း ကျပ် ၄၅၀၀၀ လောက်ပဲကုန်ကျမယ့် ပတ်စ်ပို့လုပ်ခကို ကျပ် ၃ သိန်းခွဲလောက်ပေးပြီး လုပ်ကိုင်ထားကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

အရင် အစိုးရလက်ထက်မှာ ပတ်စ်ပို့စာအုပ် ပြုလုပ်ခ ငွေကျပ် ၄သောင်း ဝန်းကျင်သာ ရှိခဲလပေမယ့် နိုင်ငံရေးအခြေအနေ ပြောင်းလဲပြီးနောက် ကန့်သတ်ထားတဲ့ QR စနစ်တွေ၊ စောင့်ဆိုင်းရတဲ့ အခြေအနေတွေနဲ့ ပြည်ပထွက်သူ များပြားတာကြောင့် ပတ်စ်ပို့လုပ်ခ စျေးနှုန်းတွေဟာ ပြင်ပပေါက်စျေး ငွေကျပ် ၃ သိန်းကနေ ၅ သိန်း၊ ၁၀ သိန်းအထိ ရှိနေတယ်လိို့ သိရပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အပြင်းအထန် ဖြစ်ပေါ်နေတဲ့ ကာလအတွင်းကစလို့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းကြီးတွေအပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကအစ ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ ခက်ခဲလာနေပါတယ်။ 

နိုင်ငံရေးမတည်ငြိမ်မှု နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ စီးပွားရေးကျပ်တည်းမှု ဖြစ်ပေါ်လာပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိပါတယ်။ 

အနိမ့်ဆုံးလုပ်ခလစာအဖြစ် တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်သာရရှိတဲ့ ပြည်တွင်းက လုပ်သားတွေအနေနဲ့ ကိုဗစ်ကာလအတွင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှုနဲ့ ကြုံတွေ့ရတဲ့အခါ ဝင်ငွေနဲ့ထွက်ငွေ မမျှတမှုနဲ့ ကြုံတွေ့လာရပါတော့တယ်။

မိမိနေထိုင်ရာ အရပ်ဒေသအသီးသီးမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာပြီး စားဝတ်နေရေးအတွက် ရုန်းကန်လာရပြီးနောက်ပိုင်း လူငယ်၊ လူရွယ် အများစုဟာ နိုင်ငံကနေစွန့်ခွာပြီး ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်ဖို့ ပြင်ဆင်လာကြပါတယ်။

နေရာဒေသ၊ ရိုးရာဓလေ့ထုံးစံ မတူညီတဲ့ ပြည်ပနိုင်ငံတွေဆီ စွန့်စွားကာ အလုပ်လုပ်ကိုင်နိုင်ဖို့အရေး ထွက်ခွာရာမှာ လုပ်ငန်းခွင်အတွင်း ပင်ပန်းဆင်းရဲနိုင်မှု၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနိုင်မှု၊ ခွဲခြားဆက်ဆံခံရနိုင်မှု၊ အနေအထိုင် အစားအသောက်ခက်ခဲမှုတွေက စောင့်ကြိုနေတယ် ဆိုပေမယ့်လည်း ပြည်တွင်းရဲ့ အခြေအနေအမျိုးမျိုးတွေကြောင့် မွေးရပ်မြေကိုစွန့်ခွာပြီး ပြည်ပကို သွားရောက်အလုပ်လုပ်မယ့်သူတွေကတော့ ရှိနေဦးမှာ ဖြစ်ပါတယ်။

အဲ့ဒီအထဲကမှ EPS လုပ်သားတွေကတော့ ကိုရီးယားနိုင်ငံကို ထွက်ခွာနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ အသနားခံစာပေးပို့ တောင်းဆိုကြတာတွေ ပြုလုပ်နေပြီး သူတို့ရဲ့ အနာဂတ်အိပ်မက် ရေကြည်ရာမြက်နုရာဆီ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် သွားရောက်နိုင်ဖို့အတွက် ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။           

#voiceofmyanmar #VOM #EPSလုပ်သား #ပတ်စ်ပို့ရရှိရေး #အသနားခံတင်ပြနေရ

Related posts

Leave a Comment

VOM News

FREE
VIEW