ရှင်သန်ဖို့လိုနေတဲ့ ရခိုင်ပြည် ဆားလုပ်ငန်း

ဖေဖော်ဝါရီ ၂၀- ၂၀၂၃

SW(VOM)

ပင်လယ်ကမ်းရိုးတန်းရှည်လျားတဲ့ ရခိုင်ပြည်ဟာ ရေသယံဇာတတွေပေါများသလို ပင်လယ်ပြင်နဲ့ ဆားငန်ရောက်တဲ့ မြစ်ချောင်းတွေကို အမှီပြုရင်း ဆားလုပ်ငန်းဟာလည်း အရေးပါလှပါတယ်။

ရှည်လျားတဲ့ ရခိုင်ကမ်းရိုးတန်းဟာ မြောက်ဘက်အဆုံး နတ်မြစ်ဝကနေ မော်တင်စွန်းထိရှိပြီး ကီလိုမီတာ (၇၄၀) ရှည်လျားတဲ့ ကမ်းရိုးတန်းဒေသဖြစ်ပြီး အဲဒီလို ကမ်းရိုးတန်းရှည်လျားတဲ့ ရခိုင်ပြည်နယ်မှာ အရင်က ဆားလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ခဲ့ကြောင်း ဆားလုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။

 လက်ရှိ ရခိုင်ပြည်နေလှန်ဆားလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆားတောင်သူတွေဟာ ဘိုးစဉ်ဘောင်ဆက် အဲဒီလုပ်ငန်းကို လုပ်ကိုင်လာကြသူတွေဖြစ်ပြီး နေလှန်းဆားအလုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) လောက်ကနေ ဇောက်ချလုပ်ကိုင်လာခဲ့ကြတာလို့ သိရပါတယ်။

“ကျနော်တို့ ဆားလုပ်ငန်းကို လုပ်တာက ဘိုးဘေး၊ ဘီဘင်တွေ လက်ထက်ကတည်းက လုပ်တာ။ အမေတို့ဆိုရင် ၁၉၈၅ ဝန်းကျင်လောက်က လုပ်ကြတာ။ ကျနော်တို့ကတော့ တတိယမျိုးဆက် (Third Generation)လို့ ပြောလို့ရတာပေါ့”လို့ သံတွဲမြို့နယ်မှ ဆားတောင်သူတဦးက ပြောပါတယ်။

အဲဒီ ဆားလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်လာကြတဲ့ ဆားတောင်သူတွေဟာ အရင်က နေလှန်းဆားလုပ်တဲ့အခါ နည်းပညာပိုင်းအားနည်းသလို ဈေးကွက်လည်းမရှိတာကြောင့် နှစ်ကာလကြာလာတဲ့နဲ့အမျှ ဆားလုပ်ငန်းကို ရေရှည်လုပ်ကိုင်ဖို့ ခက်ခဲလာကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကာလတုန်းကဆိုရင်လည်း မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းက ဆားကွင်းတချို့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အဲဒီတုန်းက ဆားတွေ ဈေးကောင်းရခဲ့တယ်လို့ ပြောကြပါတယ်။

“အရင်တုန်းကလည်း ဒေသတွင်းသုံးဖို့အတွက် ထုတ်တာပဲများပါတယ်။ အခုလည်း ဒီလိုပါပဲ။ သံတွဲမြို့ပတ်ဝန်းကျင်က ရေခဲစက်တွေ၊ အဓိက ကျနော်တို့အားထားရတာကတော့ ငါးလုပ်ငန်းတွေ၊ ကမာလုပ်ငန်းတွေ အဲ့ဒါလေးတွေပါပဲ။ ကျနော်တို့မှာ ဈေးကွက်ကြီးကြီးမားမား မရှိပါဘူး။” လို့ သံတွဲမြို့ ကြာညိုရွာက ဆားတောင်သူ ဦးမိုးဇော်ဦးက ပြောပါတယ်။

ရခိုင်ပြည်ရဲ့ ဆားလုပ်ငန်းမှာ အခုနောက်ပိုင်း နည်းပညာပိုင်းတွေ တိုးတက်မှုတွေရှိလာတာကြောင့် ဆားအထွက်နှုန်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကထက် ပိုကောင်းတယ်ဆိုပေမယ့် ဆားတောင်သူတွေမှာ တခြားပြောင်းလဲမှုတွေက မရှိသလောက်ဖြစ်နေတယ်လို့ ပြောဆိုကြပါတယ်။

“တချိန်တုန်းကတော့ ကျနော်တို့ ဒေသမှာ ရေခူတိုင်တွေပါတွေရှိတဲ့အခါကျတော့ ဆားဈေးက တပိဿာကို ကျပ် (၄၀) လောက်ရောင်းရရင်ပဲ အတော်တွက်ခြေကိုက်နေပြီလေ။ အဲ့ဒီတုန်းကတော့ ဆားအထွက်နှုန်းက နည်းနည်းလျော့တယ်။ အခုနောက်ပိုင်းနဲ့ မတူဘူးပေါ့”လို့ အရင်တုန်းက ဆားရောင်းရတဲ့အခြေအနေနဲ့ ဆားထုတ်လုပ်ရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ဆားလုပ်ငန်းမှေးမှိန်သွားတာဟာ ဆယ်စုနှစ်တခုကျော်ရှိနေပြီး ကုန်သွယ်ရေးအခွင့်အလမ်းကောင်းမွန်တဲ့ ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ဆားလုပ်ငန်းအပေါ် ကူညီဖေးမမှု အားနည်းတာကြောင့် ရခိုင်ဆားလုပ်ငန်းဟာ ထင်သလောက်ခရီးမပေါက်ခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။  

“ ဟိုးအရင် အဘိုးတို့ခေတ်ကတော့ တရုတ်နီ (၅၆) အင်ဂျင်လေးတွေကို အရစ်ကျနဲ့ဝယ်ရဖူးတယ်လို့ တော့ပြောတယ်။ ပြီးတော့ လိုအပ်တဲ့ ပိုက်ကလေးတွေပေါ့။ ဒီလောက်ပါပဲ။ နောက်ပိုင်း အစိုးရထောက်ပံ့မှုက ဘာမှမရှိဘူး။ ကျနော်တို့မှာ အခွန်ပဲ သွင်းနေရတာ။အခုတော့ ဆားလုပ်ငန်းရှင်အသင်းက အစိုးရချေးငွေချေးပေးမယ်လို့ ကြားတယ်။”လို့ ဆားတောင်သူတဦးက ပြောပါတယ်။

ဆားတောင်သူတွေကို အစိုးရချေးငွေ ထုတ်ချေးပေးမယ်ဆိုရင်တောင် ဈေးကွက်မရှိရင် ဆားလုပ်ငန်းက ဘာမှ တိုးတက်ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ မြင်နေကြပြီး ရခိုင်ပြည်က ဆားတွေကို ဝယ်ယူမယ့် ဈေးကွက်ကောင်းတခု ရရှိမှသာ ဆားတောင်သူတွေ အဆင်ပြေနိုင်မယ်လို့ အမြင်တွေလည်း ရှိကြပါတယ်။

ဆားတောင်သူတွေအနေနဲ့  နိုင်ငံခြားဈေးကွက် တခုခု ရရှိဖို့နဲ့ နိုင်ငံခြားကို တင်ပို့ရောင်းချနိုင်တဲ့ အဆင့်ဆိုရင်တော့ ဒေသတွင်း ဆားတောင်သူတွေဟာ အစိုးရချေးငွေနဲ့ နှစ်ခုပေါင်းလိုက်တဲ့အခါမှာ အဆင်ပြေနိုင်တယ်လို့ ဆားတောင်သူတွေက မှတ်ယူထားပါတယ်။

“ ပထမတချက်ကတော့ ဈေးကွက်ရဖို့လိုတယ်။ နောက်တချက်ကတော့ အစိုးရထောက်ပံ့မှုတွေ အသင့်အတင့်ရတယ်ဆိုရင်ပဲ အဆင်ပြေပါတယ်။” လို့ ပြောပါတယ်။

သံတွဲမြို့နယ်၊ ကြာညိုရွာက ဆားတောင်သူ ဦးမိုးဇော်ဦးက “ကျနော်တို့ ဘိုးဘေးတွေ ခေတ်ကဆိုရင် ကျောက်ဖြူတို့၊ စစ်တွေတို့ဘက်က ဆားတွေ ဘင်္ဂလာ(ဘင်္ဂလားဒေ့ရှ်)ဘက်ကိုသွားကြတယ်လို့ သိရတယ်။ အခုနောက်ပိုင်းသွားတယ်လို့တောင် မကြားမိပါဘူး။” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)လောက်က ရခိုင်ပြည်နယ်မှာ ဆားလုပ်ကွက် ဧကပေါင်း (၃)သောင်းကျော်အထိ ရှိခဲ့ရာကနေ အခုဆိုရင် ဆားလုပ်ကွက် ဧက ၄ ထောင်ကျော်အထိ အံ့မခန်းနိုင်လောက်အောင် ကျဆင်းမှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

တဖက်မှာလည်း ဆားထုတ်လုပ်မှုတွေကို ခေတ်နဲ့အညီ ပြောင်းလဲနိုင်မှုအားနည်းခဲ့ပြီး တောင်သူတွေအတွက် လိုအပ်တဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အပံ့တွေ မရှိခဲ့တာကြောင့် အခုလို ဆားတောင်သူတွေနည်းပါးလာတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်ကဆားတောင်သူတွေဟာ အကြီးအကျယ် ခက်ခဲတဲ့ အခြေအနေမှာရှိနေပြီး သူတို့အနေနဲ့ အခုလိုဘဝက လွှတ်မြောက်ဖို့ဆိုရင် ဖွံ့ဖြိုးတဲ့ဈေးကွက်တခုနဲ့ ငွေရေးကြေးရေးတွေလည်း လိုအပ်ကြောင်း ကျောက်ဖြူမြို့နယ်၊ ဂန့်ဂါကျွန်းအုပ်စုက ဆားတောင်သူတဦးဖြစ်တဲ့ ဦးကျော်လင်းအေးက ပြောပါတယ်။

“ကျနော်တို့ နေရာမှာဆိုရင် ပထမလုပ်နေတဲ့ ဆားတောင်သူတွေ အများကြီးရှိပါတယ်။ အခုဆိုရင် ဈေးကွက်မကောင်းမှု၊ ဝမ်းရေးမဖူလုံမှုတွေကြောင့် ဆားလုပ်ငန်းကို စွန့်လွှတ်ပြီးတော့ တခြားလုပ်ငန်းကိုလုပ်ကိုင်သူတွေ အများကြီးရှိပါတယ်။” လို့ ဦးကျော်လင်းအေးက ပြောပါတယ်။

ဆားတောင်သူတွေအနေနဲ့ အရည်အသွေးကောင်းမွန်တဲ့ဆားတွေကို ထုတ်လုပ်နိုင်ဖို့  ငွေရေးကြေးရေးနဲ့ နည်းပညာပိုင်းအကူအညီတွေလိုအပ်ပြီး အခုဆိုရင် ပလပ်စတစ်ခင်းပြီး နေလှန်ဆားလုပ်တဲ့ အခြေအနေတွေဟာ ဆားတောင်သူတွေမှာ ရှိလာတယ်လို့ သိရပါတယ်။

သို့ပေမယ့် ပလပ်စတပ်ခင်း အရွယ်အစားနဲ့ အရည်အသွေးကောင်းတဲ့ ပလပ်စတစ်ခင်းတွေကို အသုံးပြုနိုင်ဖို့ ငွေရေးကြေးရေအခက်အခဲတွေရှိနေပြီး အဲဒီ ပလပ်စတစ်ခင်းတွေကို အသုံးပြုနိုင်ရင် အရည်အသွေးကောင်းမွန်ပြီး ပြည်ပဈေးကွက်တင်ပို့နိုင်တဲ့ထိ အရည်အသွေးကောင်းမွန်တဲ့ ဆားတွေကို ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။

လက်ရှိ ကျောက်ဖြူမြို့နယ်မှာဆိုရင် ဆားလုပ်ကွက် ဧကပေါင်း (၈၀၀)လောက်သာရှိတော့ပြီး နောက်လာမယ့် ဆယ်စုနှစ်တွေအတွင်းမှာ ဆားလုပ်ငန်းဟာ လုံးဝပျောက်ကွယ်သွားမယ့်အန္တရာယ်နဲ့ ကြုံလာရနိုင်တယ်လို့ ကျောက်ဖြူမြို့နယ် ဆားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းကြွယ်က ဆားလုပ်ငန်းရဲ့ စိုးရိမ်စရာအခြေအနေကို ပြောပါတယ်။

“ ကျနော်တို့ ခင်ကြီးအုပ်စုမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလောက်က ဆားကွင်း (၃၂)ကွင်းရှိပါတယ်။ အခုလက်ရှိဆိုရင် ကျနော့်ဆားကွင်း တခုတည်းပဲ ကျန်ပါတော့တယ်။” လို့ သူကပြောပါတယ်။

ကျန်တဲ့ ဆားကွင်းပေါင်း ၃၁ ကွင်းဟာ ဆားဈေးကွက်ပျက်သွားတာကြောင့် အလုပ်ကို စွန့်ခွာပြီးတော့ ထိုင်း၊ မလေးရှား စတဲ့ ပြည်ပနိုင်ငံတွေကို အလုပ်လုပ်ဖို့ ထွက်ခွာသွားကြသူတွေနဲ့ ကျပန်းအလုပ် လုပ်ကြသူတွေဖြစ်သွားကြတယ်လို့ သိရပါတယ်။

ဆားတောင်သူတွေအနေနဲ့ နည်းပညာအကူအညီ၊ ငွေကြေးအကူအညီနဲ့ ဆားဈေးကွက်ခိုင်ခိုင်မာမာမရှိပါက ဆားလုပ်ငန်းဟာ လုံးဝပျက်သုန်းသွားနိုင်တဲ့ အခြေအနေမှာ ရှိနေကြောင်း ကျောက်ဖြူမြို့နယ် ဆားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းကြွယ်က သူ့အမြင်ကို ပြောဆိုတာဖြစ်ပါတယ်။

ရခိုင်ပြည်မှာဆိုရင် ဆားလုပ်ငန်းကို တန်ဆောင်မုန်း၊ ဝါကျွတ်လ တွေမှာ စလုပ်ကြပြီး တန်းခူးလလောက်မှာဆိုရင် နေလှန်ဆားလုပ်ငန်း အလုံးစုံပြီးစီးတာကြောင့် ဆားတရာသီမှာဆိုရင် (၆) လ ကြာမြင့်တယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း နေလှန်းဆားလုပ်ကွက်တွေကို စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ပေါက်တော၊ မြေပုံနဲ့ ဂွမြို့နယ်တို့မှာ လုပ်ကိုင်နေကြပြီး အရင်ကနဲ့ နှိုင်းဆကြည့်ရင် ဆားလုပ်ကွက်ဧရိယာဟာ အဆပေါင်းများစွာ လျော့နည်းသွားပြီလို့ ဆားတောင်သူတွေက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်တွင်းမှာ ဆားတပိဿာကို ကျပ် (၁၂၀) ဝန်းကျင် နဲ့ ရောင်းချနေကြပေမယ့် ပြည်နယ်တွင်း ထုတ်တဲ့ ဆားတွေဟာ အမြဲတမ်းပိုလျှံနေတဲ့အတွက် ဆားတောင်သူတွေမှာ ငွေရေးကြေးရေးနဲ့ အလုပ်သမားခပေးရတဲ့အခါ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အလုပ်သမားတဦးကို အရင်က တစ်ရာသီ ကျပ် (၅) သိန်းပေးရာကနေ အခုဆိုရင် ကျပ် (၁၀) သိန်းနီးပါးအထိ ပေးရတဲ့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

လတ်တလော ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်ကောင်စီအစိုးရနဲ့ ဆားလုပ်ငန်းရှင်တွေ၊ ဆားတောင်သူတွေ၊ ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံဆွေးနွေးချက်တွေအရ ငွေကျပ် သိန်း (၁)သောင်းထုတ်ချေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းအနေနဲ့ ဆားတောင်သူတွေကို ထုတ်ချေးရာမှာ ၁ ဧကကို ကျပ် ၃ သိန်းကနေ ၅ သိန်းထိ ထုတ်ချေးသွားမှာဖြစ်ပြီး အတိုးနှုန်း သက်သက်သာသာနဲ့ ထုတ်ချေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီငွေတွေကို ဘယ်လိုအသုံးပြုမှာပါလဲ။ ဒီလို ဆားလုပ်ငန်းရှင်တွေအတွက် ငွေကျပ်ပေါင်း သိန်း (၁) သောင်းထုတ်ချေးလိုက်တဲ့အတွက် တောင်သူတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို ရခုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းချေက အခုလိုပြောပါတယ်။

 “အခုတော့ ဆားလုပ်ကွက် ၁ ထောင်ကျော်လောက်အတွက်ပဲ ထုတ်ချေးတာဖြစ်ပါတယ်။ နောက်လည်း ကျနော်တို့အနေနဲ့ လိုအပ်သူတွေအတွက် ထပ်ပြီး တောင်းဆိုသွားပါမယ်။”လို့ ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ က ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကနေ ရခိုင်ဆားလုပ်ငန်းဟာ ဆားအရည်အသွေးမပြည့်မှီတာကြောင့် ပြည်ပက ဝယ်ယူဖို့ငြင်းဆန်ရာကနေ ဆားတောင်သူတွေနည်းပါးလာပြီး ရခိုင်ပြည်ရဲ့ဆားလုပ်ငန်းဟာ တဖြည်းဖြည်းနဲ့ ယိမ်းယိုင်လာခဲ့တာကြောင့် ဆားလုပ်ငန်းကို အာရုံစိုက်လုပ်ကိုင်တာ နည်းပါးလာတယ်လို့ ပြောပါတယ်။

“ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ကျနော်တို့ပြည်နယ်မှာ ဆား ဧက ၃ သောင်းကျော်လောက်လုပ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကနေစပြီးတော့ ရခိုင်ပြည်က ဆားတွေဟာ အရည်အသွေး မပြည့်မှီဆိုပြီး ဘင်္ဂလားဒေ့ရှ်က အဝယ်ရပ်တာကြောင့် အိန္ဒိယနိုင်ငံ၊ ဂူဂျာရက်ပြည်နယ်က ဝယ်သွားတာမျိုး ကြုံခဲ့ရတယ်”လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ရခိုင်ဆားလုပ်ငန်း အဖြစ်အပျက် တစိတ်တပိုင်းကို ဆားလုပ်ငန်းရှင်အသင်းက ပြန်ပြောင်း ပြောပြပါတယ်။

လက်ရှိမှာတော့ အရည်အသွေးကောင်းတဲ့ ဆားတွေကို ထုတ်လုပ်ပြီး တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ဖို့ နှစ်နိုင်ငံ ကုန်သည်တွေကြား ဆွေးနွေးတာတွေရှိပြီး ရခိုင်ပြည်နယ်ကောင်စီနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း ကူညီတာတွေရှိတယ်လို့ ဆားလုပ်ငန်းရှင်အသင်းက ပြောပါတယ်။

ဒီလိုမျိုး တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရခိုင်ပြည်ကနေ ထွက်ရှိတဲ့ ဆားတွေကို တင်ပို့နိုင်ခြင်းအားဖြင့်တော့ ဆားတောင်သူတွေအတွက်လည်း စိတ်ပိုင်းဆိုင်ရာခွန်အားတွေရရှိသွားနိုင်စေကာ ဆားလုပ်ငန်းပိုမိုကျယ်ကျယ်ပြန့်ပြန့်နဲ့ တိုးတက်လာဖို့ ထင်မြင်မိကြောင်း ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ အရင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အများကြီးတိုးတက်သွားမယ်ထင်ပါတယ်။ ဆားတောင်သူတွေမှာက မြေရှိတယ်။ လုပ်အားလည်းရှိတယ်။ တောင်သူတွေအနေနဲ့ အဓိကလိုတာက လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် ငွေလိုအပ်တယ်။ ကျနော်တို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နိုင်ဖို့ကို ကြိုးစားဆောင်ရွက်နေပါတယ်”လို့ ရခိုင်ပြည်နယ်ဆားလုပ်ငန်း ရှင်များအသင်းက ပြောပါတယ်။

လက်ရှိ ပြည်နယ်ကောင်စီက ဆားလုပ်ငန်းအတွက် ထုတ်ချေးမယ့် ငွေကျပ် (၁) သောင်းဟာ လှည့်ပတ်သုံးစွဲငွေဖြစ်တာကြောင့် အတိုးနှုန်း နည်းနည်းနဲ့ စီးပွားရေးလုပ်နိုင်ဖို့အတွက် ထုတ်ချေးပေးတာလို့ပြောပါတယ်။

အဲဒီ ချေးငွေတွေကို ပြန်ဆပ်တဲ့အခါမှာတော့ ဆားတောင်သူတွေအနေနဲ့ ဆားလုပ်ငန်းကာလပြီးတာနဲ့ နေလှန်းပြီးဆားတွေကို စုထားပြီးတော့ ပြည်ပ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရာကနေတဆင့် ရလာတဲ့ငွေတွေကို ဘဏ်အကောင့်မှာ ပြန်ထည့်ကာ ဆားကွင်းဆင်းမယ့်ရာသီကို ရောက်ရင် ပြန်ထုတ်ချေးဖို့ရှိကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းက “ကျနော်တို့က ဒီငွေတွေကို ရခိုင်ပြည်ထဲမှာပဲ လှည့်ပတ်သုံးစွဲသွားပါမယ်။ ဒီနှစ်မှာ တောင်သူတယောက်ကို ထုတ်ချေးလိုက်လို့ စီးပွားရေးအဆင်ပြေသွားရင် နောက်ထပ် တောင်သူတယောက်ကို ချေးရပါမယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ကောင်စီ၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကလည်း ဆားတောင်သူတွေအပေါ် ချေးငွေထုတ်ချေးသွားဖို့ရှိတယ်လို့ ပြောထားပါတယ်။

“ အဲဒီ ကျပ်သိန်းပေါင်း (၁)သောင်းကို လောလောဆယ် ထုတ်မချေးသေးဘူး။ ထုတ်ချေးဖို့တော့ လုပ်နေတယ်။” လို့ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ နေလှန်ဆားလုပ်ငန်းဟာ အရင်ကထက် ၈၅ ရာခိုင်နှုန်း လျော့ကျသွားပြီး အလွန် နည်းပါးလှတဲ့ ဆားလုပ်ကွက် ၁၅ ရာခိုင်နှုန်းသာ ကျန်ရှိနေတဲ့အပေါ် ရခိုင်ပြည်သူတွေကြားမှာလည်း အားမလိုအားမရဖြစ်ကြပါတယ်။

 

နေလှန်းဆားလုပ်ငန်းကို မြန်မာနိုင်ငံအတွင်းမှာဆိုရင် အဓိကလုပ်ကိုင်ကြတာဟာ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ လုပ်ကိုင်ကြတယ်ဆိုပေမယ့် ရခိုင်ပြည်ရဲ့ လက်ရှိ နေလှန်းဆားလုပ်ကွက်ဟာ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလွန်နည်းပါးသွားတယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့က ဆားလုပ်ငန်းရှင်းတွေမှာဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်းကို ဈေးကွက်ရှိပြီး ရခိုင်ပြည်နယ်က ဆားတောင်သူတွေမှာတော့ ဈေးကွက်မရှိပဲ ဒေသတွင်းမှာပဲ အသုံးပြုတာများတယ်လို့ ပြောပါတယ်။

“သူတို့မှာက ဈေးကွက်ရှိတယ်။ တချို့ ဆားတောင်သူတွေဆိုရင် သူတို့ကိုယ်တိုင်မဖြန့်တော့ဘူး။ ဆားကို စာချုပ်စာတန်းနဲ့ ရန်ကုန်မှာရှိတဲ့ ဆားကြိတ်စက်ကြီးတွေကို ရောင်းလိုက်တယ်။ အဲဒီ စက်တွေကပဲ တဆင့် မြန်မာတနိုင်ငံလုံးဖြန့်ကြတာပေါ့”လို့ ဆားတောင်သူ ဦးမိုးဇော်ဦးက ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တွေရဲ့  ဆားဈေးကွက်အကြောင်း ပြောပြပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင် ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ စတဲ့ မြို့တွေမှာ ဆားကြိတ်စက်တွေရှိပြီး အဲဒီစက်တွေကနေတဆင့် ဒေသတွင်း ဈေးကွက်ကို ဆားတွေဖြန့်ဖြူးရောင်းချတာရှိကြောင်း ပြောပါတယ်။

သူပြောတာက “ ကျနော်တို့ ရွာမှာဆိုရင် ဆားကြိတ်စက်က ကျနော့်မှာရှိတယ်။ ပြီးတော့ တောင်ကုတ်တို့၊ ကျောက်ဖြူခရိုင်တို့ဘက်မှာဆို ပိုများပါတယ်။ အဲဒီ ကြိတ်စက်တွေမှာ အိုင်အိုဒင်းဆားတွေထုတ်တယ်။ တကယ်လို့ ဆားကို ဈေးကွက်ဖြန့်မယ်ဆိုရင် အိုင်အိုဒင်းထည့်ရတယ်။ ပြီးတော့ ကြိတ်စက် နာမည်နဲ့ လိုဂိုအမှတ်အသားတွေနဲ့ ထုတ်ရတာပါ” လို့ ပြောပါတယ်။

အခဲတွေကို ဖြေရှင်းဖို့အတွက် အစိုးရအဆက်ဆက် တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပေမယ့် ထိရောက်တဲ့အကူအညီတွေမရခဲ့ကြောင်း ဆားတောင်သူတွေက ပြောပါတယ်။

 ရခိုင်ပြည်က ဆားတောင်သူတွေဟာ သန့်ရှင်းပြီး အရည်အသွေပြည့်မှီတဲ့ ဆားတွေကို ထုတ်လုပ်နိုင်ဖို့ စိတ်အားထက်သန်နေတာ နှစ်အတော်အတန်ကြာခဲ့ပြီဖြစ်ပေမယ့် နည်းပညာနဲ့ ငွေရေးကြေးရေးအခက်အခဲတွေကြောင့် ဆားလုပ်ငန်းဟာ တစစနဲ့ အားအင်ချိနဲ့လာခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်ဟာ စစ်ရေးပဋိပက္ခဒဏ်၊ နိုင်ငံရေးမတည်ငြိမ်မှုဒဏ်တွေကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုတွေအပြင် ပြည်သူတွေရဲ့ နေ့စဉ်ဘဝအခက်အခဲတွေကို လက်ရှိအချိန်ထိ ကြုံနေရဆဲဖြစ်ပါတယ်။

ဒီလိုမျိုး အခက်အခဲတွေကြားက ဆားလုပ်ကွက် ဧကပေါင်း ၄ ထောင်ကျော်သာကျန်ရှိရာကနေ ပိုမိုကျယ်ပြန့်ပြီး တိုးတက်ကောင်းမွန်တဲ့ နေလှန်ဆားတွေကို ကိုယ့်ရခိုင်ပြည်တွင်းမှာ အင်နဲ့အားနဲ့ ထုတ်လုပ်နိုင်ဖို့ အရေးတကြီးလိုအပ်ကြောင်း ပြည်သူတွေနဲ့ ဆားတောင်သူတွေက ပြောပါတယ်။

ရခိုင်ပြည်ရဲ့ နေလှန်ဆားလုပ်ငန်း ရှင်သန်နိုင်ရေးဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လွပ်လပ်စွာကုန်သွယ်ခွင့်ရရှိရေးတို့အပြင် သက်ဆိုင်ရာတာဝန်ရှိသူတို့ရဲ့ ကူညီထောက်ပံ့မှုတွေ များစွာလိုအပ်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #ဆားလုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW