Brand New ယာဉ် တင်သွင်းရမယ့်သတ်မှတ်ချက် ကားဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနိုင်သလာယ

ဖေဖော်ဝါရီ ၂၃ – ၂၀၂၃
SN (VOM)

စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ Brand New ယာဉ် တင်သွင်းရမယ့်သတ်မှတ်မှု ပြည်တွင်း ကားဈေးကွက်အပေါ် အနည်းနဲ့အများ ရိုက်ခတ်မှုရှိနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။

မော်တော်ယာဉ်အရောင်းပြခန်း (Show Room)တွေမှာ ရောင်းချဖို့ တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေက အသုံးမပြုရသေးတဲ့ ယာဉ်အသစ် (Brand New) ဖြစ်ရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စည်းကမ်းချက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

“အခု Brand New ဈေးကွက်က လောလောဆယ် EP ကို ပေးသွင်းထားတဲ့အတွက် EP တခုတည်းဆို ဘာမှ ရိုက်ခတ်မှု သိပ်မရှိနိုင်ပေမယ့် သူတို့က နောက်ပိုင်းမှာ ဘာတွေပေးသွင်းနိုင်သလဲဆိုတာရှိတာကိုး။ အခုက ပါမစ်က ၆ မျိုးလောက်ရှိတဲ့နေရာမှာ SKD က လောလောဆယ် အနည်းအကျဉ်းတော့ ဖွင့်ပေးထားသေးတယ်။ EP ဖွင့်ပေးထားတယ်။ နောက်တခုက အရောင်းစင်တာကို လုံးဝ ရပ်ထားတယ်။ နောက် Brand New CPU ကို ဖွင့်ပေးလား၊ မဖွင့်ပေးလားပေါ်မူတည်တယ်။ CPU ဖွင့်ပေးလိုက်ရင်တော့ နည်းနည်းလေး သက်ရောက်မှုရှိတာပေါ့။ ဒါပေမယ့် CPU ကလည်း ဒီနိုင်ငံထဲမှာပဲရှိတဲ့ Brand အမျိုးအစားတွေမှာပဲ သက်ရောက်မှုရှိတာ၊ ကျန်တဲ့ Brand တွေပေါ်မှာတော့ သက်ရောက်မှုမရှိဘူး။ ဒါပေမယ့် ခြုံပြောရရင်တော့ အနည်းနဲ့အများတော့ သက်ရောက်မှုရှိတယ်“လို့ ဦးမင်းမင်းမောင်က ပြောပါတယ်။

ယာဉ်တွေကို တင်သွင်းတဲ့နေရာမှာ အပ်ကုန်စနစ် (Consignment Basic)အပြင် ငွေလွှဲစာတမ်းနဲ့ ပေးချေတဲ့စနစ် (Letter of Credit – LC) ဒါမှမဟုတ် ကြေးနန်းငွေလွှဲပို့နည်းစနစ် (Telegraphic Transfer – TT) နဲ့ တင်သွင်းနိုင်တယ်လို့ သိရပါတယ်။

“သေချာသွားတာက အရောင်းပြခန်းတွေမှာ ကားအဟောင်းတွေကို ပေးမသွင်းတော့ဘူးဆိုတဲ့ သဘောပဲ။ ကျွန်တော်တို့ဆီမှာ အရောင်းစင်တာနဲ့ Brand New အရောင်းပြခန်းနဲ့ ဆိုပြီး နှစ်မျိုးရှိတာကိုး။ အရောင်းစင်တာတွေကျတော့ ကားဟောင်းပဲသွင်းတာဆိုတော့ အခု အရောင်းစင်တာတွေမှာ ကားဟောင်း လုံးဝ ပေးမသွင်းတော့ဘူးဆိုတဲ့ သဘောပဲ“ လို့ သူက ပြောပါတယ်။

တင်သွင်းလာမယ့် မော်တော်ယာဉ်တွေရဲ့ Model Year က ရောက်ရှိတဲ့ ခုနှစ်နဲ့ ရောက်ရှိတဲ့ ခုနှစ်ရဲ့ တစ်နှစ်အောက်နိမ့် မော်ဒယ်နှစ်ဖြစ်ပြီး ဘယ်မောင်းစတီယာရင်ယာဉ်ကိုသာ တင်သွင်းရမယ်လို့ ဖော်ပြထားပါတယ်။

“ဒီလိုမျိုး Brand New ရယ်၊ နောက် သတ်မှတ် မော်ဒယ် တနှစ်အောက်ကိုပေးသွင်းတယ်ဆိုတော့ အကုန်လုံးကတော့ ရည်ရွယ်တာ‌ကတော့ Brand New ပဲပေါ့။ လောလောဆယ်တော့ EP ကိုပဲ ပေးသွင်းထားတယ်။ တိုယိုတာလို၊ မစ်ဆူဘီရှီလိုမျိုး၊ အများကြီးတော့ ရှိတာပေါ့။ အဲ့လိုမျိုး CPU Brand New တွေကိုတော့ အချိန်အတိုင်းတာတခုမှာ ပြန်ဖွင့်ပေးကောင်း ဖွင့်ပေးနိုင်တာပေါ့။ လောလောဆယ်မှာတော့ SKD ရယ် EP ရယ်မှာ ထိုက်သင့်သလောက် သူတို့ပြန်ချပေးထားတယ်။ အဲ့ဒီနှစ်ခုကတော့ လောလောဆယ်မှာ တင်သွင်းထုတ်လုပ်နေတာပေါ“လို့ သူက ပြောပါတယ်။

Brand New ယာဉ်တွေကို ခွင့်ပြုထားတဲ့ လိုင်စင်သက်တမ်းကာလအတွင်း ဆိပ်ကမ်း သို့မဟုတ် နယ်စပ်ကုန်သွယ်ရေးစခန်းအရောက် တင်သွင်းရမှာဖြစ်ပြီး စီးပွား/ကူးသန်း သတ်မှတ်ထားတဲ့ ယာဉ်အရေအတွက်နဲ့ နှစ်စဉ် အတည်ပြု ထုတ်ပြန်တဲ့ ယာဉ်အမျိုးအစားတွေသာ တင်သွင်းရမှာပါ။

တင်သွင်းယာဉ်တွေအတွက် လိုအပ်တဲ့ အာမခံမှု၊ အပိုပစ္စည်းများ (Spare Part) ရောင်းချနိုင်မှု၊ ရောင်းချပြီးနောက် ပြင်ဆင်မှုများ (After Sale Services) ကို ဆောင်ရွက်နိုင်မယ့် အလုပ်ရုံကိုပါ တည်ထောင်ဆောင်ရွက်ရမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

အရောင်းပြခန်းကနေ ဝယ်ယူ အသုံးပြုသူတွေ အနေနဲ့ကလည်း စီးပွား/ကူးသန်းမှာ ဝယ်ယူခွင့်ပါမစ် ရရှိပြီးမှသာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) မှာ ကနဦး မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ စီးပွား/ကူးသန်းက ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်တွေထဲမှာ မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်မယ့် ကုမ္ပဏီအနေနဲ့ အာမခံငွေ (Deposit)အဖြစ် ငွေကျပ် သိန်း (၁၀၀၀) ကို ဘဏ်တခုခုမှာ သီးခြားငွေစာရင်းဖွင့်လှစ်ပြီး ထည့်သွင်း သိမ်းဆည်းထားရမယ်လို့လည်း ပါရှိပါတယ်။

#voiceofmyanmar #VOM #စီးပွါးကူးသန်း #ကားတင်သွင်းမှု #ကားစျေးကွက်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW