ဧရာဝတီတိုင်းက ငါးစည်ဖောင်းခြောက်တွေ ပြည်ပကို ပြန်မတင်ပို့နိုင်တာကြောင့် ဈေးကောင်းမရဖြစ်နေ

ဖေဖော်ဝါရီ၊၂၄-၂၀၂၃
MM[VOM]

ဧရာဝတီတိုင်းကထွက်ရှိတဲ့ ပင်လယ်ငါးစည်ဖောင်း ခြောက်တွေ ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင်သေးတာကြောင့် ဈေးကောင်းမရဖြစ်နေတယ်လို့ ငါးစည်ဖောင်လုပ်ငန်းလုပ်ကိုင်သူတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့ ငါးစည်ဖောင်းခြောက် ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

အဲ့ဒီ ငါးစည်ဖောင်းခြောက်တွေကို အရင်က ပြည်ပဈေးကွက်ဖြစ်တဲ့ စင်္ကာပူ ၊ တရုတ် ၊ ထိုင်း စတဲ့နိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ယနေ့အထိ ပြန်လည်တင်ပို့ မရောင်းချနိုင်သေးတာကြောင့် ဈေးကောင်းမရဖြစ်နေတာလို့ သိရပါတယ်။

“ပင်လယ်ငါးစည်ဖောင်း ခြောက်ဈေးကွက်က တော်တော် လေးထိုးကျလာတယ် ၊ဒီရက်ပိုင်းအတွင်းပိုဆိုးလာတယ် ၊ ပြည်တွင်းဈေးတခုတည်းကိုအားကိုးနေရတာလေ၊ဈေးက ဘယ်ရမလဲ ၊ အရင်က ပြည်ပဈေးကွက်ရှိတော့အရောင်း လည်းသွက်သလို ဈေးကောင်းလည်းရတယ်၊ ဈေးကောင်း ရရှိတာ့ ရေလုပ်သားတွေကော ၊ ကုန်သည်တွေကော အဆင်ပြေခဲ့တယ် ၊ အခုတော့ အကုန်ငုတ်တုတ်မေ့နေ တယ်၊ ဒီအတိုင်းဆို အဆင်ပြေတော့ဘူး ၊ အကုန်ငတ်ကုန် မှာ၊စည်ဖောင်းခြောက် လုပ်ရတဲ့ငါးတွေကလည်း အရင် ထက်ရှားလာတယ်၊ ကုန်ချိန်က သိပ်မရဘူးလေ၊ ကုန်ချိန်ကမရ ၊ ဈေးကမရဖြစ်နေတာ။”လို့ ဖျာပုံမြို့က ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်စမ်းစမ်းသိန်းက VOM ကိုပြောပါတယ်။

ပင်လယ် ငါးစည်ဖောင်းခြောက်တွေကို ပင်လယ်ပြင်က ဖမ်းယူရရှိတဲ့ ငါးတွေဖြစ်တဲ့ ငါးရွှေငါး၊ ငါးရောင်ငါး ၊ငါးပုတ်သင်ငါးစတဲ့ ငါးတွေကိုဝမ်းဗိုက်ခွဲပြီး အတွင်းကနေ ရရှိတဲ့ စည်ဖောင်းတွေကို စနစ်တကျဆေးကြောသန့်စင် နေပူလှန်း အခြောက်ခံပြီး ရရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။

ငါးစည်ဖောင်းခြောက်ဈေးအနေနဲ့ အရင်က ငါးရွှေငါး ၊စည်ဖောင်းခြောက်တစ်ပိသာကို ငွေကျပ် ၇၀၀၀၀ ၊ ငါးရောင်းငါး ၊ စည်ဖောင်းခြောက် တစ်ပိသာကို ငွေကျပ် ၄၀၀၀၀ ၊ ငါးပုတ်သင်ငါးစည်ဖောင်း ခြောက်တစ်ပိသာကို ငွေကျပ် ၁၁ဝ၀၀၀ ဈေးအထိပေါက်ခဲ့ပြီး လက်ရှိမှာတော့ ငါးရွှေငါး စည်ဖောင်းခြောက်တစ်ပိသာကို ငွေကျပ် ၂၈၀၀၀ ၊ ငါးရောင်းငါး စည်ဖောင်းခြောက် တစ်ပိသာကို ငွေကျပ် ၁၉၀၀၀ ၊ ငါးပုတ်သင်ငါးစည်ဖောင်းခြောက်တစ်ပိသာကို ငွေကျပ် ၄၀၀၀၀ ဈေးသာပေါက်တော့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပင်လယ်ငါးစည်ဖောင်းခြောက် ထုတ်လုပ်တဲ့ ငါးတွေကို ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ် ၊ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ် ၊ မော်လမြိုင် ကျွန်းမြို့နယ်နဲ့ ဟိုင်းကြီးကျွန်းမြို့၊ အမာမြို့တွေကထွက် ရှိတာဖြစ်ကာ အခုနှစ်တွေမှာ စည်ဖောင်းထုတ်လို့ရတဲ့ ငါးတွေ ဖမ်းဆီးရရှိမှုလျော့ကျလာလို့ ဈေးကောင်းမရတဲ့ အခက်အခဲအပြင် ငါးကုန်ကြမ်းပါမရတဲ့အခက်အခဲပါရှိလာတယ်လို့ သိရပါတယ်။

”လုပ်လို့ ကိုင်လို့ အဆင်ပြေဘူးဆို အကုန်အဆင်ပြေ ဖြစ်လာတာ ၊ရသလောက်လေးနဲ့ မငတ်ရေးလုပ်လာတာ၊ ဈေးက ကောင်းကောင်းမရတဲ့အပြင် အခုနှစ် ငါးဖမ်းရာသီမှာ စည်ဖောင်းထုတ်လို့ရတဲ့ငါးတွေ တနေ့ တကောင်တောင် မရတဲ့နေ့ရှိတယ် ၊ စည်ဖောင်းလုပ်တဲ့ငါး မရတော့ အခြားငါးတွေလည်း ရသလားဆိုတော့ မရဘူး ဖြစ်နေတယ် ၊ အရင် ၃ နှစ်လောက်ကို အလုပ်လုပ်ရတာ အဆင်ပြေဘူး ၊ ငါးတွေရှားပါးလာတာပါ ၊ ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းတာတွေကြောင့်လေ ၊ ဒီတရားမဝင် ငါးဖမ်းဆီးတာတွေကို ထိထိရောက်ရောက်အရေးမယူနိုင်တဲ့အပြင် အခုနောက်ပိုင်း ပိုဆိုးလာနေတယ် ၊ အဲ့ဒီတော့ သမာရိုးကျ ငါးဖမ်းသူတွေကျတော့ မရဘူး ဖြစ်နေတာ။
”လို့ ဟိုင်းကြီးကျွန်းမြို့က ပင်လယ်ငါးဖမ်းလုပ်ငန်းရှင် ကိုမျိုးဇော်က VOM ကိုပြောပါတယ်။

ငါးစည်ဖောင်းခြောက်ထုတ်လုပ်ရာမှာ ရရှိတဲ့ ငါးအမျိုးအစားတွေကို ပင်လယ်ကျားဖောင်တွေနဲ့ ပင်လယ် ကမ်းနီးကမ်းဝေ ကမ်းဖမ်း လုပ်ငန်းတွေကအဓိကရရှိတာလို့ သိရပါတယ်။

ရေလုပ်ငန်းရှင်တွေနဲ့ ရေလုပ်သားတွေဟာ ငါးစည် ဖောင်း ဈေးကောင်းမရတာအပြင် ပင်လယ်ထွက် ငါးဖမ်းစရိတ်တွေ ပိုမိုကုန်ကျလာတာ ၊ ကျားဖောင်ပြင်ဆင်စရိတ်တွေ များပြားလာတာ ၊ စက်သုံးဆီဈေးတွေ တက်လာတာ ၊ လုပ်သားခဈေးတွေ နှစ်ဆလောက်တက်သွားတာ ၊ ပင်လယ်မှာ ငါးတွေပျောက်နေတာ ၊ သဘာဝဘေး မကြာခဏရှောင်ရ တာ စတဲ့ အခက်အခဲတွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ငါးစည်ဖောင်းခြောက်လုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW