မြို့သိမ်းမင်္ဂလာ စစ်အင်္ဂါ အခင်းအကျင်းနှင့် သူရဲတပ်

ဆူးငှက်

ကုန်းဘောင်ခေတ်ကို စတင် တည်ထောင်တော်မူသော အလောင်းမင်းတရားကြီးနှင့် မဟာမင်္ဂလာ ရတနာဓိပတိ သိရီရာဇစန္ဒာဒေဝီ ဘွဲ့ခံ မိဖုးရားခေါင်ကြီးတို့မှ ဖွားမြင်သော စတုထ္တသားတော် ဘိုးတော်မင်းတရား (ဗဒုံမင်း)နှင့် ၎င်း၏ မိဖုးရားခေါင်ကြီးဖြစ်သော အ၀ ဗိုလ်မှုးမင်းလှကျော်သူနှင့် မဟာအတုလဒဝီ မယ်အိတို့မှ ဖွားသည့် သီရိပဝရ မဟာရာဇိန္ဒာ မင်္ဂလာရတနာဒေဝီတို့သည် ကုန်းဘောင် မင်းဆက်၏ ဆဋ္ဌမမြောက် မင်းဆက်ကို ဆက်ခံခဲ့သည်။

ကုန်းဘောင်မင်းဆက်သည် ထိုလက်ထက်တော်၌ ဘုန်းလက်ရုံးသည် နေလိုလလို ထွန်းတောက်ခဲ့သည်ဟု ဆိုကြ၏။ ထိုအချိန်၌ ဘိုးတော်မင်းတရားသည် အင်းဝနေပြည်တော်ကို စွန့်၍ အမရပူရနေပြည်တော်ကြီးကို တည်ထောင်ခဲ့သည်။ အမရပူရမြို့တော်ကြီးသည် အရှေ့အောင်ပင်လယ်၊ အရှေ့တောင် ရွှေစာရံ၊တောင် ပလိပ်ရွာ၊ အနောက်တောင် တဘက်ဆွဲ၊ အနောက်မြောက် စကိုင်းနယ်၊မြောက်ဘက် တောင်ကျုံးကြီး၊ အရှေ့မြောက် ဘုတ်သက်ကယ်ကျင်းထိ ကျယ်ဝန်းသည်။

အမရပူရနေပြည်တော် တည်ထောင်ရာတွင် ၁၁၄၄ခု တန်ဆောင်မုန်းလ္ဆန်း ၅ရက်မှစ၍ ထီးပေါင်းကား အရပ်မှ စတင်ကာ တောရှင်းစခဲ့သည်။ ၎င်းနှစ် ပြာသိုလဆန်း ၁၁ ရက်နေ့တွင် မြို့တော်ကို ရွှေပန္နက် ငွေပန္နက်များ စိုက်ထူခဲ့သည်။ ၁၁၄၄ခု တပို့တွဲ လဆန်း ၇ရက်နေ့တွင် မြို့တော်၊ ကျုံးတော်၊ နန်းတော်၊ရွှေဂူတော်၊ကျောင်းတော်၊ ပိဋကတ်တိုက်တော်၊ ကန်တော်ဟူသော ခုနှစ်ဌာနကို တပြိုင်တည်း တည်ဆောက်ခဲ့သည်။

အမရပူရမြို့တော် အရှေ့မျက်နှာ မြောက်ဘက်လးကျွန်းတံခါး၊ အလယ်တွင် ဦးနှိမ်တံခါး၊တောင်ဘက်
သိမ်းဆည်တံခါး။တောင်မျက်နှာ အရှေ့ဘက် ကျွန်းလုံးဝင်တံခါး၊ အလယ် ကုန်းမော် တံခါး၊ အနောက်
နန္ဒမူတံခါး။ အနောက် မျက်နှာတာင်ဘက် အာဠဝီတံခါး၊ အလယ်တွင် စည်ရှင်တံခါး၊မြောက်ဘက် ရန်နှင်တံခါး။ မြောက်မျက်နှာ အနောက်ဘက် ရန်မျိုးအောင်တံခါး၊ အလယ်တွင် လေးသိန်းတံခါး၊ အရှေ့ဘက် မုဒ်ဦးတံခါးဟူ၍ တံခါး၁၂ရပ်နှင့် မြို့ရိုးကြီး တည်ခဲ့သည်။ အမရပူရမြို့တော်ကြီးကို မြနန်းဘုံစံ၊ရွှေနန်းတော်ကို အောင်နန်းစံရာဟု သမုတ်ခဲ့သည်။

ဘိုးတော်မင်းတရားကြီးသည် ၁၁၄၅ခု နယုန်လဆန်း ၅ရက်နေ့တွင် ပြာသာဒ်တော်၊ ထီးတော်၊ ပလ္လင်၈ခန်းတို့ကို အပြီးတင်စေသည်။ ၎င်းနောက် စွယ်တော်ကျောင်း၊ထီးဖြူတော်၊ရွှေနန်းတော် အဆောင်ဆောင်တို့ကို ဆင်ယင် တပ်ဆင်တော် မူသည်။ ၎င်းနှစ် နယုန်လ္ဆန်း ၁၂ရက်နေ့တွင် ဘိုးတော်မင်းတရားသည် အင်းဝမှ အမရပူရသို့ ရွှေဖောင်တော်၊
ရွှေလှေတော်၊ ဆင်လုံး မြင်းရင်း၊ စစ်အင်္ဂါလေးပါးနှင့် သိမ်းယူတော် မူခဲ့သည်။

ဘိုးတော်မင်းတရားကြီးသည် ၁၁၈၁ခု နယုန်လဆန်း ၁၃ရက်နေ့တွင် နတ်ရွာစံခဲ့ရာ မြေးတော် ဘကြီးတော် မင်းတရားက ထီးမွေ နန်းမွေ ဆက်ခံခဲ့လေသည်။ ဘကြီးတော်မင်းတရားသည် ၁၁၈၃ခု ကဆုန် လဆုတ် ၁၀ရက် အမရပူရမီးကြီးလောင်ပြီးနောက်
မြို့တော်ကို စွန့်ခွာ၍ ၁၁၈၇ခုတွင် အင်းဝသို့ စံခဲ့ပြန်သည်။ ၎င်းနောက် သာယာဝတီမင်းကြီးက ၁၁၉၉ခုတွင် အမရပူရကို မြို့တော်အဖြစ် စံတော်မူခဲ့ပြန်ပါသည်။ ၁၂၀၀ပြည့်တွင် နန်းတက်သော ပုဂံမင်းသည်လည်း အမရပူရကို မြို့တော်အဖြစ် စံမြန်းခဲ့ပါသည်။ ၎င်းနောက် မင်းတုန်းမင်းတရားသည် ၁၂၂၁ခုတွင် မန္တလေး ရတနာပုံနေပြည်တော်ကို တည်ထောင်ဖန်ဆင်း၍ စံခဲ့လေရာ အမရပူရမြို့တော်ကို မြို့ဟောင်းဟု လည်းကောင်း၊ တောင်မြို့ဟု လည်းကောင်း ခေါ်တွင်ခဲ့လေသည်။

ဘိုးတော်မင်း တည်ထားခဲ့သော အမရပူရမြို့ ဟူသည် သေခြင်းကင်းသော အရပ်ဒေသဟု အနက်ရှိသည်နှင့်အညီ အမရပူရမြို့တော် မြို့ပြဖွဲ့စည်းမှုမှာကတည်းက ပါဝင်ခဲ့သော အရပ်နာမည်များကို မင်းတုန်းမင်းက မန္တလေးရတနာပုံနေပြည်တော် တည်ထောင်သောအခါ ပြန်လည်ထည့်သွင်း အကွက်ချကာခေါ်တွင်စေခဲ့သည်ဟု ဆို၏။ အမရပူရမှသည် မန္တလေးမြို့သစ် တည်သည်အထိ ပါဝင်ထင်ရှားခဲ့သော အရပ်များ ဖြစ်သော်လည်း ယခုအခါ ပျောက်ကွယ်သွားသော ရပ်ကွက်ကြီးများလည်း ရှိပါသည်။
မြကျွန်းတန်ဆောင်တဲ့၊မြနန်းအောင်မြေတဲ့၊မြနန်းစံရာတဲ့၊မြနန်းမြေနုတဲ့။

အမရဌာနီအရှေ့ အမရစံခေါင်ရပ်ကွက်က အကွက်ပေါင်း ၂၃ ကွက်ရှိပြီး ယင်းရပ်ကွက်ကြီးထဲတွင် သူရဲတပ်ရပ်ကွက် ရှိသည် ဆို၏။ သူရဲတပ်ရပ်ကွက်က အမှတ်(၂) ရဲစခန်းနှင့် မျက်နှာချင်းဆိုင် ရပ်ကွက်တန်းဖြစ်ပါသည်။ ရှေးခေတ်က ဘုရင့် သူရဲကောင်းများ နေရာချထားပေးခဲ့သော အရပ်များဖြစ်သည်ဟု ဆိုပါသည်။ ဘုရင့်သူရဲတပ်သည် ဘုရင် ထွက်တော်မူရာတွင် မြင်းစီးသူရဲ၊ခြေကျင်သူရဲတပ်များ အဖြစ် ခင်းကျင်း လိုက်ပါရသည်။ ၁၂၂၄ ခုနှစ်က မင်းတုန်းမင်းတရားကြီး မြို့ရှေ့ မင်္ဂလာဥယျာဉ်တော်သို့ ထွက်တော်မူရာတွင် ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ် အခင်းအကျင်းဖြင့် ထွက်တော်မူ၏။ ထိုအခါ အင်္ဂလိပ်အရေးပိုင်မင်း ဖယ်ယာ အား ဝင်းတော်မြောက် ဇရပ်က ဖူးမြော်စေပြီး စံနန်းတော်တွင် လက်ခံတွေ့ဆုံခဲ့သည်ဟု ရှေးစာများတွင် ပါရှိခဲ့သည်။

လက်ထက်တော်ကြီး အခါက မြို့သိမ်း နန်းသိမ်း မင်္ဂလာများတွင် သူရဲတပ်များ ပါဝင်သော အခင်းအကျင်းများကို ကန္နီမြို့ စစ်ကဲ မင်းထင်ရာဇာကလည်း မှတ်တမ်းပြုစုထားခဲ့သေး၏။ လက်ထက်တော်လေး အခါတွင်လည်း ကြည်းတပ်၊ရေတပ် အခင်းအကျင်းများတွင် သူရဲတပ်များ ပါဝင်ခဲ့၏။ မြောက်ထားဝယ်သေနတ်ဗိုလ် ရနောင်မြို့စား မဟာမင်းလှမင်းထင်စည်သူ ဦးစီးလျက် သူရဲဝန် ကျပင်းမြို့စား မဟာမင်းထင် ပညာသီရိသင်္ခယာတို့မှာ အရှင်နှစ်ပါးအား ထီးဖြူတော် အုပ်မိုး လိုက်ပါကြရသူများဖြစ်သည်။

ရှေးက သူရဲတပ်ရပ်တွင် သူရဲဝန်နေသည့် အိမ်လည်း ရှိသည်ဆို၏။ သူရဲတပ်ဖွဲ့တပ်သားများ နေထိုင်ကြသဖြင့်လည်း သူရဲတပ်ဟူ၍ ထင်ရှားသည်။ သူရဲတပ်ရပ်ကို အမှီပြု၍ သူရဲဈေးဟူ၍လည်း ရှိခဲ့သည် ဆို၏။ သူရဲတပ်ရပ်တွင်လည်း မန္တလေးရပ်ကွက်များ ထုံးစံအတိုင်း သူရဲတပ် ဓမ္မာရုံ တည်ရှိသည်။ သူရဲတပ် ဓမ္မာရုံ၏ထူးခြားချက်မှာ ရာပြည့် အခါသမယအထိ တည်တံ့ခဲ့သော သူရဲတပ် အရုဏ်တော်အဖွဲ့ ကြီးကို စုစည်းခိုင်မြဲစေခဲ့ခြင်းပင် ဖြစ်ပါသည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW