မဟာမုနိ ဘုရားဖူးအပြန် အဖိုးတန် လက်ဆောင်ကောင်းများ

ဆူးငှက်

မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးခိုင်မင်း က စာအုပ် ၃အုပ်နဲ့ အော်ရီယို စီဒီခွေ တစ်ခွေ လက်ဆောင်ပေးပါတယ်။ စာအုပ်တွေကတော့
(၁) မန္တလေးမဟာမုနိ ရုပ်ရှင်တော် ဘုရားကြီးသမိုင်း၊
(၂) ၂၀၁၆ – ၂၀၂၁ ခုနှစ်အတွင်း တာဝန်ယူခဲ့သော မဟာမုနိဂေါပကအဖွဲ့၏ဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊
(၃) မန္တလေး မဟာမုနိဘုရားကြီး မြန်မာမှုအနုပညာ လက်ရာများနှင့် ရှေးဟောင်းပစ္စည်းများ၊
(၄) သတင်းစာများက ပုံဖော်ခဲ့သော မဟာမုနိ (ကိုလိုနီခေတ်) အမည်ရှိ စာအုပ်တွေပါ။
အော်ရီယို စီဒီခွေက မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ဗုဒ္ဓပူဇာ တေးအလင်္ကာ အမည်နဲ့ပါပဲ။

တကယ်တော့ မြန်မာပြည်တွင်းက တန်ခိုးကြီး ဘုရားစေတီ အဆူဆူမှာ ပတ်သက်ရာ ဘုရားသမိုင်းစာအုပ်တွေ ရှိပါတယ်။ ဘုရားဖူးဧည့်သည်က ဘုရားဖူးပြီး ဘုရားသမိုင်း စာအုပ်ကို ဝယ်ယူပူဇော်ကြပါတယ်။ အချို့သော ဘုရားစေတီတွေမှာ ပတ်သက်ရာ ဓမ္မပူဇာ သီချင်းခွေတွေလည်း ဝယ်ယူပူဇော်နိုင်ကြပါတယ်။

အခု မန္တလေးက မဟာမုနိဘုရားကြီးမျာလည်း အထက်မှာပြောခဲ့တဲ့ စာအုပ်တွေ စီဒီခွေတွေကို ရုပ်ရှင်တော်မြတ်ကြီး ကိန်းဝပ်ရာရွှကျောင်းတော်ကြီးရှေ့ စံမြင်ဆောင်မှာ ဝယ်ယူ ပူဇော်နိုင်ပါတယ်။ အခု ထုတ်ဝေထားတဲ့ စာအုပ်တွေနှင့်ပတ်သက်ပြီး အလွန်ကျေးဇူးတင်ကြောင်းပြောရင်း စာဖတ်ပရိသတ်ကို ဖောက်သည်ချချင်လို့ပါ။

တစ်ချိန်က မန္တလေးမှာ ဆရာကြီး ရွှေပြည်ဦးဘတင် အမည်ရှိ မြန်မာပညာရှိကြီး တစ်ဦးရှိပါတယ်။ မိဘမျိုးရိုးကလည်း ဖခင်က ရွှေနန်းတော်တွင်း လွှတ်တော်ရုံးစာရေးကြီးဖြစ်ပြီး ကိုယ်တိုင်ကလည်း သင်ယူလေ့လာ လိုက်စားသူမို့ ဂီတအနုပညာအစ မြန်မာစာ မြန်မာမှု မြန်မာ့သမိုင်းအထွေထွေ မွှေနှောက်ချောက်ခြားနိုင်သူပါ။ တစ်နေ့တော့ ဆရာကြီးထံမှောက်ကို မန္တလေးရှိ ဘုရားတစ်ဆူက ဘုရားလူကြီးများရောက်ရှိလာပြီး ဘုရားသမိုင်း ရေးသားပြုစုပေးဖို့ တောင်းပန် ပန်ကြားသတဲ့။ ဆရာကြီးကလည်း ကိုယ့်မြို့က ဘုရားမို့ ရေးပေးပါ့မယ်လို့ လက်ခံလိုက်သတဲ့။ ဒီတင် ဘုရားလူကြီးများက သူတို့ဘုရားကို ဘုရားဖူးများ ပိုမိုလာရောက်ပြီး လှူဒါန်းကြအောင် ဘုရားသမိုင်းမှာ ဘုရားရှင်ကိုယ်တော်တိုင် ဒေသစာရီ ကြွရောက်လာတဲ့ လမ်းခုလပ်က ဘာညာစတဲ့ အထင်ကရနေရာအဖြစ် ရေးပေးဖို့ပြောသတဲ့။ ဒီတော့ ဆရာကြီးက ဘုရားထဲမှာ ဘုရားသမိုင်းကျာက်စာလည်း အတိအကျရှိနေ ဘုရားသမိုင်းကို ကိုယ်တိုင်လည်း သိနေပြီးမို့ မဟုတ်တဲ့သမိုင်းကို မရေးလိုပါကြောင်း ဆိုတော့ ဘုရားလူကြီးများက ထပ်ပြီး အလောင်းစည်သူမင်းကြီး ဖောင်တော်နဲ့ တိုင်းခမ်းလှည့်စဉ် ကုသိုလ်တော်အနေနှင့်ရော ရေးပေးလို့ မဖြစ်နိုင်ဘူးလားလို့ အတွန့်တက်သတဲ့။ ဒီတော့ ဆရာကြီးက ဘုရားဝင်းထဲမှာ ဘုရားသမိုင်းကို ကျောက်စာနှင့်တကွ အခိုင်အမာရှိနေလို့ ဒီသမိုင်းကလွဲပြီး မရေးလိုကြောင်း အပြတ်ပြောလိုက်ရသတဲ့။ ဒီတော့
မြန်မာပြည်မှာက ဘုရားသမိုင်းဆိုတဲ့ စာအုပ်တွေဟာ မရှိတဲ့သမိုင်းကို အရှိလုပ်ပြီး ချဲ့ကားရေးကြတာက အများစုပါ။ ဘုရားဖူးပြန်လာရင် ဘုရားဈေးက ဝယ်လာတဲ့ ဘုရားသမိုင်းစာအုပ်ထဲက သမိုင်းလိမ်တွေပဲရရှိကြ အမှတ်မှားကြတာပါပဲ။

ဒီနေရာမှာ မန္တလေးက မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနဲ့ ပတ်သက်ပြီး မြန်မာစာနဲ့ သမိုင်းပညာရှင်
ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ကိုယ်တိုင်ပြုစုတဲ့ ဘုရားသမိုင်းစာအုပ်ဟာ အရပ်ရပ် ယုံကြည် အားထားဖွယ် အဖိုးတန် သမိုင်းစာအုပ်ဖြစ်ပါတယ်။ တလျှောက်လုံး လက်ခံယုံကြည်ခဲ့ကြတဲ့ ဘုရားရှင်လက်ထက်သမိုင်းကို ကျမ်းအကိုးအကားနှင့် အညီဖော်ပြပြီး အမရပူရနေပြည်တော်သို့ ပင့်ဆောင်တဲ့ ခရီးလမ်းပန်း အခြေအနေ အရပ်ရပ်ကို ပေစာ ကျောက်စာ လင်္ကာမော်ကွန်း အထောက်အထား အစုံနှင့်မှတ်တမ်းတင်ထားပါတယ်။ အမရပူရနေပြည်တော်ကို ဖောင်တော်ဆိုက်ရောက်ပြီး ပင့်ဆောင်ခြင်း တည်ထားခြင်း လှူဒါန်းခြင်းတွေကိုလည်း အထောက်အထားများနှင့် ရေးသားပြုစုပါတယ်။ ဒီ့နောက် ကိုယ်တော်ကြီးနှင့် အတူပါလာတဲ့ အစုအဖွဲ့တွေ၊ တာဝန်တွေ၊ စရိတ်လစာတွေကအစ မှတ်တမ်းတင်ပါတယ်။ အမရပူရရဲ့ မင်း အဆက်ဆက်နှင့် ရတနာပုံခေတ် လက်ထက်တော်ကြီး လက်ထက်တော်လေးကာလ အလှူအတန်း အပြင်အဆင်တွေလည်း မှတ်တမ်းတင်ပါတယ်။ ဒါတင်မက ခေတ်အဆက်ဆက် ဂေါပကအဆက်ဆက် မှတ်တမ်းတွေ သမိုင်းတွေလည်း ပါရှိပါတယ်။

မဟာမုနိရွှေကျောင်းတော်ကြီးအတွင်း ရွှေသားမျက်နှာကျက်တော် တပ်ဆင် ပူဇော်တာလည်း လုပ်ငန်းစဉ်သာမက ဒီဇိုင်း ပန်းချီ ပန်းတိမ်လုပ်ငန်း အရွက်အဆောင်တွေလည်း ပါရှိတယ်။ အထူးသဖြင့် ဘုရားပရိဝုဏ်အတွင်းမှာ ရှိတဲ့ခတ်အဆက်ဆက်က
လှူဒါန်းခဲ့တဲ့ခါင်းလောင်းစာများကိုလည်း အပြည့်အစုံ ဖော်ပြထားပါတယ်။ သမိုင်းနှင့်မြန်မာမှု ပညာရှင် ဦးဝင်းမောင်(တမ္ပဝတီ)ရဲ့ ခေတ်၁၂ခေတ် ဆင်းတုတော်များစာတမ်းနှင့် မဟာမုနိအတွင်း အုတ်ဂူတော် စာတမ်းတွေကလည်း အဖိုးတန်လှပါတယ်။ ဒါကြောင့် ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)ပြုစုခဲ့တဲ့ မဟာမုနိသမိုင်းစာအုပ်က သာမန် ဘုရားသမိုင်းစာအုပ်မျှ မဟုတ်ပါ။ ဘာသာတရား၊ ခေတ်နောက်ခံသမိုင်း၊ ရိုးရာအစဉ်အလာ၊ အမရပူရနှင့် မန္တလေးခေတ်ဖြတ်ပိုင်း၊မြန်မာမှုအနုပညာ စတဲ့ အချက်အလက်တွေကို ရရှိနိုင်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီသမိုင်းစာအုပ်က ၁၉၉၀ကျော် ကာလကတည်းက ထုတ်ဝေခဲ့တာဖြစ်ပြီး ယခု ဆဋ္ဌမအကြိမ်တိုင် ပုံနှိပ်ထုတ်ဝေခဲ့ပါပြီ။ ဆဋ္ဌမအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းမှာ နောက်ဆက်တွဲ အချက်အလက်နှင့် ဓာတ်ပုံများလည်း ဖြည့်စွက်ထားပါတယ်။ ဒုတိယ စာအုပ်ကတော့ ၂၀၁၆ – ၂၀၂၁ ခုနှစ်အတွင်း တာဝန်ယူခဲ့သော မဟာမုနိဂေါပကအဖွဲ့၏ ဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများအမည်နဲ့ စာအုပ်ပါ။ မဟာမုနိဘုရားကြီး ပရိဝုဏ်အပါအဝင် ရွှေကျောင်းတော်ကြီးနှင့် စောင်းတန်း ၄သွယ် အပြုအပြင်များ၊ မီးစံနစ်ရေစံနစ်၊ ကားပါကင်၊ ငါးကန်လိပ်ကန်နှင့် ပန်းဥယျာဉ်၊ ဝါဆိုခြင်းလုံးရုံ၊ သန့်စင်ခန်း စတဲ့ ထူးခြားသစ်လွင်အပြောင်းအလဲများကို ဓာတ်ပုံများနှင့်အတူ မှတ်တမ်းတင်ထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကတော့ မဟာမုနိဟူသော ခေါင်းစီးအောက်မှာ ဂေါပကအဖွဲ့ရဲ့ဆောင်ရွက်မှုတွေကို အသေးစိပ် မှတ်တမ်းတင်ထားလို့ အနာဂတ်အတွက် မဟာမုနိသမိုင်းမှာ ကောင်းမွန်တိကျတဲ့ အထောက်အထား မှတ်တမ်းအဖြစ် အဖိုးတန်လှပါတယ်။

တတိယစာအုပ်က မန္တလေး မဟာမုနိဘုရားကြီး မြန်မာမှု အနုပညာ လက်ရာများနှင့် ရှေးဟောင်း
ပစ္စည်းများ အမည်ရှိ စာအုပ်ပါ။ မြန်မာပြည်အရပ်ရပ်ရှိ ဘုရားများမှာ လှူဒါန်းတဲ့ ပစ္စည်းတွေ အများအပြားရှိပါတယ်။ များသောအားဖြင့် ဒီပစ္စည်းများကို ထိန်းသိမ်းခြင်း၊ မှတ်တမ်းတင်ခြင်းမှာ အားနည်းလှပါတယ်။ပြတိုက်အမည်နဲ့ အဆောက်အအုံ တစ်လုံးထဲ စုပြုံထည့်ထားကြတာပါပဲ။ အရင်က
မဟာမုနိဘုရားကြီးမှာလည်း ဒီလိုပုံစံဆင်ဆင်မျိုးဖြစ်ခဲ့ပါတယ်။ ဆံစု အလှုကလည်း ရှေးဟောင်းငွေဖလားထဲ ရောက်လိုရောက်၊ ဂျပန်ခေတ် ငွေစက္ကူတွေက ရှေးဟောင်းယွန်းဗျပ်ပေါ် တင်လို့တင်၊ ငယ်စဉ်က ဆုံးပါးသွားတဲ့ အလှူ့ရှင်ကလေးရဲ့ ဓာတ်ပုံက ရှေးဟောင်း ရွှေချည်ထိုး တညင်းပေါ် တင်လိုတင်၊ နာမည်ကျော် ပန်းချီဆရာကြီးများရဲ့ သမိုင်းဝင်ပန်းချီကားကြီးများနှင့်အတူ လက်သင်ဝါသနာရှင်က ရေးဆွဲ လှူဒါန်းထားတဲ့ ခဲပန်းချီတွေနဲ့ ယှဉ်ချိတ်လို့ချိတ်ပေါ့။ အခုတော့ အဲ့လို မဟုတ်တော့ပါဘူး။ လှူတန်းထားတဲ့ ပစ္စည်းတွေကို ခွဲခြားပြီး သင့်တော် လိုက်ဖက်တဲ့နေရာတွေမှာ ပညာရှင်များ အကြံဉာဏ် အကူအညီများနှင့်ပြတိုက်များပုံစံ စနစ်တကျ
ထိန်းသိမ်းပြသထားပါပြီ။ အလားတူ သမိုင်းပန်းချီကားကြီးများကလည်း စံနစ်ကျတဲ့ အလင်းရောင်ပေးမှုနဲ့ သီးခြားထိုက်တန် ပြသထားပါပြီ။ ဒီနေရာမှာ အထူးအရေးကြီးတဲ့အချက်ဖြစ်တဲ့ ပြသထားတဲ့ပစ္စည်းများကို သမိုင်းအချက်အလက်နှင့် မှတ်တမ်းတင်နိုင်ခြင်းပါပဲ။ ဒီမှတ်တမ်းကို ဓာတ်ပုံများနှင့် စာအုပ်အဖြစ် ထုတ်ဝေခြင်းပါပဲ။ ဒါကြောင့် ဒီစာအုပ်ကလည်း သမိုင်းခေတ်၊ ဘာသာရေးအသုံးအဆောင်၊ လူမှုရေးအသုံးအဆောင်၊ သက်တမ်း လက်ရာ စတဲ့ အချက်အလက်တွေကို မှတ်သားလေ့လာဖွယ် အဖိုးတန်စာအုပ်ပါပဲ။

နောက် တစ်အုပ်ကတော့ သတင်းစာများက ပုံဖော်ခဲ့သော မဟာမုနိ (ကိုလိုနီခေတ်)ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကိုပြုစုသူက စာကြည့်တိုက်ပညာရှင် တစ်ဦးဖြစ်တဲ့ အောင်မြင့်ဦး(လူထု)ပါ။ ဒီစာအုပ်ကို ပြုစုသူရော၊ ထုတ်ဝေဖို့ စိတ်ကူးစိတ်သန်းနဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထုတ်ဝေတဲ့ ဂေါပကအဖွဲ့ကို ချီးကျူးပါရစေ။ ကျွန်တော်တို့ဟာ မှတ်တမ်းမှတ်ရာများ ပြုစုရေးမှတ်မှု ထိန်းသိမ်းမှု ဖြန့်ဝေမှုတွေမှာ အားနည်းခဲ့ကြပါတယ်။ သိသာထင်ရှားစွာ မှတ်တမ်းတင်အပ်တဲ့ အချက်အလက်တွေလည်းရှိတယ်၊ မှတ်တမ်းတင်အပ်တဲ့ ဂုဏ်ဒြပ်လည်းရှိတယ်၊ မှတ်တမ်းတင်ပြမယ့် စွမ်းအားရင်းမြစ်လည်း ရှိတယ်၊ မှတ်တမ်းမှတ်ရာ ပြုစုခြင်း ထိန်းသိမ်းခြင်း ဖြန့်ဝေခြင်းလုပ်ငန်းစဉ်အတွက် ဘဏ္ဍာငွေကြေးလည်းရှိတယ်ဆိုတဲ့နေရာပုဂ္ဂိုလ်အသီးသီးဟာ ထိုလုပ်ငန်းစဉ်များ ပျက်ကွက်ခဲ့ကြလို့ သမိုင်းမှာ အငြင်းပွားဖွယ်နှင့် အမှားက အမှန်ဖြစ်ခဲ့ကြပါတယ်။ အခု ဒီစာအုပ်က ကိုလိုနီခေတ်အတွင်း မဟာမုနိနဲ့ ပတ်သက်တဲ့သတင်းတွေကို စုစည်းလိုက်ခြင်းက ခေတ်သမိုင်းပုံရိပ်ကို ထင်ဟပ်စေနိုင်သလို ထိုခေတ် အုပ်ချုပ်ရေးယန္တယား၊ လုပ်ထုံးလုပ်နည်း၊ အုပ်ချုပ်သူရဲ့ ဘာသာရေးအပေါ် သဘောထား၊ ထိုခေတ် ရဟန်းသံဃာ အဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်း၊ မြို့ပြဆိုင်ရာ ပိုင်ဆိုင်မှု အစ်အမှန် စတာတွေ ဆက်တိုက်
သိရှိနိုင်ပါတယ်။ အနိမ့်ဆုံးအနေနဲ့ နာမည်ကျော် ရဟိုင်းသုသာန်နေရာကြီးဟာ မဟာမုနိ ဝတ္တကမြေဆိုတာက အစပေါ့။ ဒါကြောင့် ဒီစာအုပ်ဟာ မဟာမုနိခေါင်းစဉ်အောက်ပေမယ့် မန္တလေးသမိုင်း၊ မန္တလေးသာသနာ ယခင်သမိုင်း၊ ကိုလိုနီခေတ် ယန္တယား စတဲ့ အချက်အလက်တွေအထိ အလွန်တန်ဖိုးရှိတဲ့စာအုပ်ပါပဲ။

တကယ်တော့ မဟာမုနိဟာ ကိုးကွယ်မှုဆိုင်ရာ ရုပ်ပွားတော်သမိုင်းမျှသာ မဟုတ်ပါဘူး၊ အထူးသဖြင့် အမရပူရခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီခေတ် စတဲ့ ရှေးခေတ်ဆိုင်ရာ ဗိသုကာ၊ အနုပညာလက်ရာ၊
တည်ဆောက်ပုံ နည်းစံနစ် စတာတွေကို ပညာရှင် အသုံးအသတ်နဲ့ မှတ်တမ်းတင်သင့်တဲ့ အဖိုးတန်ပြတိုက်ကြီးပါ။ အဆောက်အအုံ၊ ပန်း၁၀မျိုးလက်ရာ စတာတွေကို အစိတ်အပိုင်းအလိုက် ဓာတ်ပုံတွေ
စကက်ချ်တွေ ပညာရှင်အမြင်တွေနဲ့ မှတ်တမ်းစာအုပ်တွေ ပြုလုပ်ထိန်းသိမ်းဖြန့်ဝေဖို့ လိုအပ်လှပါတယ်။

ဒီမှာ နေ့စဉ်နှင့်အမျှ ဘုရားဖူးတွေ ထောင်ချီ လာရောက်ဖူးမြော်ကြပေမယ့် အတွင်းတော်မှာ ဘိုးတော်ဘုရားကောင်းမှု အုတ်ပြာသာဒ်တော်ရှိတာ၊ အဲဒီအပေါ်က လက်ရာမြောက် ကျွန်းပြာသာဒ်ကြီးရှိခဲ့ဖူးတာ၊ သီပေါမင်းလက်ထက်မှာ ကျွန်းပြာသာဒ်ကြီး မီးဘေးသင့်ပြာကျတာ၊ အခု လက်ရှိ အုတ်ကျောင်းတော်ကြီးကို ကိုလိုခေတ်ဦးမှာ တည်ဆောက်ခဲ့တာ ဆိုတာတွေ မသိနိုင်ခဲ့ကြပါဘူး။ ဒါတွေက ပုံစံငယ်နဲ့ပြသထားမှ၊ စာတစ်ပုဒ်အနေနဲ့ ပညာရှင်များ ရေးသားမှ သိနိုင်တာပါ။ အလားတူပါပဲ ဘုရားပရိဝုဏ်အတွင်းမှာ သိစေအပ် မှတ်စေအပ်သော ကဏ္ဍတွေ အများကြီးပါပဲ။ ဒါတွေ မှတ်တမ်းတင် ထိန်းသိမ်းဖြန့်ဝေမယ်ဆိုရင် လူသာဓုခေါ် နတ်သာဓုခေါ်အလုပ်ပါပဲ။

ဒါကြောင့်ဂါပကအနေနဲ့ ဆက်လက်ထုတ်ဝေမယ်လို့ကြေညာထားတဲ့ သတင်းစာများက ပုံဖော်ခဲ့သော မဟာမုနိ (ဖဆပလခတ်) (၁၉၄၈ – ၁၉၆၂)၊ သတင်းစာများက ပုံဖော်ခဲ့သော မဟာမုနိ
(တော်လှန်ရေးကောင်စီခေတ်) (၁၉၆၂ – ၁၉၇၈ )၊ မဟာမုနိဘုရားကြီး အတ္ထုပ္ပတ္တိကျာက်စာ၊ မဟာမုနိ
သုတေသနင့် မဟာမုနိဆောင်းပါးပါင်းချုပ် စာအုပ်များလည်း ခံ့ခံ့ညားညား ထွက်ပေါ်လာမယ်လို့ ယုံကြည် မျှာ်လင့်ပါကြောင်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW