ပြည်သူချစ်သော အနုပညာသည် ဟူသည်မှာ

ဆူးငှက်

တကယ်တော့ ကျွန်တော်တို့ မိသားစုတွင် အဖေရော အမေရောက ပွဲကြိုက်ကြသည်ဆိုငြား ဗေထိအသံကြားတိုင်း သည်းသည်းလှုပ် မဟုတ်ကြပေ။ အဖေ ပွဲကြိုက်တာကလည်း ဆိုင်း၊ အငြိမ့် ၊အလယ်ထွက်နှင့် ဇာတ်ဆိုလျှင် နောက်ပိုင်း ဇာတ်ထုပ်ပဲဖြစ်သည်။ သူကြည့်သော ဆိုင်း အငြိမ့်နှင့် ဇာတ်ဆိုတာကလည်း သူကြိုက်သည့်အဖွဲ့ကိုပဲ ရွေးချယ်ကြည့်ခြင်းဖြစ်သည်။ ဆိုင်းတိုင်း အငြိမ့်တိုင်း ဇာတ်တိုင်းမဟုတ်။နောက် အဖေက ပွဲကြည့်လျှင်လည်း ဗလာဇာတ်ပဲ ကြည့်တာမို့ ပိုက်ဆံမကုန်။ ရုံဇာတ်ကိုလည်း တစ်ရေးနိုးမှ ထကြည့်လို့ ရုံဖွင့်နှင့် ကြုံကာ အလကားကြည့်ရသည်။ ရုံမဖွင့်သေးလည်း နောက်တန်းက ကုလားထိုင်တစ်လုံးပဲ ဝယ်ကာ သားအဖနှစ်ယောက် ကြည့်သည်။ အမေကရော ဘာထူးမှာလဲ။ အမေက ရွှေမန်းတင်မောင်ကြိုက်သည်။ အမတွေက ဝင်းဗိုလ်ဆန်းဝင်း ကြိုက်သည်။ သည်တော့ တစ်နှစ်မှာ တစ်ကြိမ်လောက်တော့ ရွှေမန်းတင်မောင်ဇာတ်ကို ကြည့်သည်။ ကျောက်တော်ကြီးပွဲ ဒါမှမဟုတ် ဘုရားကြီး ၄၅ တာပေါ့။

ထို တစ်ခါကလည်း ဖျာကို မေတ္တာလက်မှတ်ရလို့
ဖြစ်သည်။ ချမ်းသာရ ထန်းမြင့်အရပ်ထဲမှာ အမေ့မိတ်ဆွေ ရှိသည်။ မမညွန့်တဲ့။ သူ့အိမ်က ရွှေမန်းတင်မောင်တိုက်၏မြောက်ဘက်လမ်းကြားထဲမှာ ရှိသည်။ မမညွန့်က စက်ချုပ်သည်။ မမညွန့် ခင်ပွန်းက
ရွှေမန်းတင်မောင်ဇာတ်ထဲက မင်းသားလတ် ဖြစ်သည်။ သည်တော့ ရွှေမန်းတင်မောင်၏ ဇာတ်ဝတ်ဇာတ်စားတွေကို မမညွန့်ပဲ ချုပ်သည်။ မမညွန့်က မင်းသမီးအင်္ကျီချုပ်တာ နာမည်ကြီးသည်။ အထူးသဖြင့် မင်းသမီးအင်္ကျီတွင် ခါးစိုက်ထက် ခါးတောင်က
ပိုခက်သတဲ့။ ခါးတောင်က အင်္ကျီအောက်နားတလျှောက် ကြိမ်လုံးလေးထိုးပြီး ကော့နေစေရသည်။ ခါးနှင့် ခါးတောင်နှင့် အချိုးကျပါမှ အဆင်ပြေသည်။ လှသည်။ အဲဒီ မမညွန့်က ဆွေမျိုးလိုဖြစ်နေတော့ ရွှေမန်းတင်မောင်ဇာတ် ဖျာလက်မှတ် ၃စောင်ကို နှစ်တိုင်းမေတ္တာလက်မှတ်အဖြစ်ပေးသည်။ တစ်ခါတရံ ရုံဝင်လက်မှတ်ပင် အလကားရသေး၏။ ထို့ကြောင့် အမေနှင့် သားသမီးများ ရွှေမန်းတင်မောင် ရုံဇာတ်ကြည့်ခြင်းမှာလည်း အသွားအပြန် မြင်းလှည်းခပဲ ကုန်တာပေါ့။

အမေက ရွှေမန်းတင်မောင်မှလွဲ၍ အခြားဇာတ်များ မကြည့်ဖူးလှချေ။ မကြည့်ဖူးဆိုသည်ထက် မကြိုက်တာလည်း ပါသည်။ သူငယ်ငယ်က ကြည့်ဖူးသောဇာတ်များထက် ရွာမှာပွဲလမ်းရှိသောကြောင့်
ဖွင့်သည့် ဓာတ်စက်များက ဇာတ်ထုပ်များကိုသာ သိသည်။ ထို့ကြောင့် ကျွန်တော့်ကို အိပ်ရာဝင်ချိန်
ပြောပြသည့် ဇာတ်ထုပ်များဆိုသည်က ဓာတ်စက်များက ဖွင့်သည့် ဇာတ်ထုပ်များပဲဖြစ်သည်။ ဆရာပု၊ ဦးဖိုးစိန်၊ရွှေကျီးညို၊ပဲခူးမြ စသူတို့၏ ဇာတ်ထုပ်များဖြစ်သည်။

ဇာတ်ပွဲကို အပြင်မှာ ကြည့်ဖူးတာကလည်း ရွာမှာလာကသော တိုင်းချစ်သန်းစိန်၊ရွှေမန်းကျော်တင်၊
မွန်ကျော်အောင်တို့လောက်ဖြစ်မည်။ မန္တလေးမှာ ရုံဇာတ်အနေနှင့်က ရွှေမန်းတင်မောင်ဇာတ်ကိုပဲ အမေက ကြည့်သည်။ သည်လို ရွှေမန်းမှ ရွှေမန်း သည်းသည်းလှုပ်နေသော ပရိသတ်အတွက် မှတ်မှတ်ရရ
၁၉၆၉ခုနှစ် နိုဝင်ဘာလကုန်ရက်တွင် ထိပ်လန့် တုန်လှုပ်ဖွယ် သတင်းကြောင့် ဝမ်းနည်းကြေကွဲကြရသည်။

နိုဝင်ဘာ ၃၀ ရက်ညကပဲ သရက်ခရိုင် မင်းလှမြို့နယ် လက်ပံရွာရှိ မဟာပိန္နဲဘုရားပွဲတွင် ဇာတ်ပွဲ ကနေရင်း ရွှေမန်းတင်မောင် ကွယ်လွန်သတဲ့ ဟူသော သတင်းဖြစ်သည်။ ထိုသတင်းက တစ်ပြည်လုံး တမုဟုတ်ချင်းပြန့်သွာသည်။ တချို့က မယုံကြ၊ သို့သော် နောက်ရက် (ဒီဇင်ဘာလ ၁ ရက်နေ့)တွင် သတင်းစာအသီးသီးက ဓာတ်ပုံများနှင့်ပင် သတင်းပေးရေးသားကြသောကြောင့် ကြားရသူအပေါင်းမှာ ယူကြုံးမရဖြစ်ကြသည်။ သတင်းပေးရုံမျှမက ဆောင်းပါးများရေးသား၍လည်း ဝမ်းနည်းကြောင်း ဖော်ပြကြသည်။

ကြေးမုံသတင်းစာတွင် ဇဝန က အနုပညာသည်တစ်ဦး ဆုံးရှုံးခြင်း အမည်ဖြင့် လည်းကောင်း၊ မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာတွင် လူထုဒေါ်အမာက က ရင်းသေသည့် ကိုတင်မောင် အမည်ဖြင့် လည်းကောင်း၊ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် စိုးညွန့်(ပဲခူး) က ရွှေမန်းတင်မောင် သေသော်လည်း အမည်နှင့် ဟံသာဝတီ ဦးဘရင်က ရွှေမန်းဦးတင်မောင် အမည်ဖြင့် သခင်တင်ဦးက ရွှေမန်းထံမှ အမွေများ အမည်ဖြင့် လည်းကောင်း အသီးသီး
ရေးသားဖော်ပြကြသည်။

ရွှေမန်းတင်မောင် ကွယ်လွန်ခြင်းမှာ အို နာဘေးဖြင့် မီးစာကုန်ဆီခမ်းမဟုတ်ဘဲ အသက်ကလည်း ၅၁နှစ်ပဲ ရှိသေးချိန် ကျန်းကျန်းမာမာ အရွယ်တွင်စ်ပါးသွား ကနေရင်း ရုတ်တရက် ကွယ်လွန်ခြင်းကြောင့် စုပ်တသပ်သပ်နှင့် မောကြသည်။ ထိုသတင်းက မန္တလေးသို့ ချက်ချင်းရောက်လာတော့ လက်ဆည်ကန်ရပ် ဝင်းလိုက်ရုပ်ရှင်ရုံတောင်ဘက်
တစ်တိုက်ခြားက ရွှေမန်းတိုက်သို့ သတင်းမေးကြသူများနှင့် စည်ကားနေတော့သည်။ အမေက ထိုသတင်းကို ဆီရောင်းနေရင်း အရပ်ထဲက ဆီဖောက်သည် တစ်ဦးပြောပြသဖြင့် သိလျှင်သိချင်း ဈေးဆက်မရောင်းတော့ဘဲ အိမ်ပြန်လာသည်။ ကျွန်တော်ကတော့ ၇တန်းကျောင်းသားပေမင့် အတော်အတန် သိရှိသောအခါ အမေက ဤမျှ လွမ်းဆွေးနေသည်ကို စိတ်ပူနေမိသည်။ အဘယ်ကြောင့်ဆိုသော် ပေါက်ဆိန်ပေါက်ရွာက သူ့မောင်ကြီး ဆရာတော်ပျံတော်မူစဉ် အမေ၏ အူလှိုက်သည်းလှိုက် ငိုကြွေးသည်ကို မြင်တွေ့ဖူးသောကြောင့် ဖြစ်သည်။

သို့သော် ယခု ရွှေမန်းတင်မောင် ကွယ်လွန်ခြင်းကို အမေ ဝမ်းနည်းသော်လည်း ထူးခြားသည့် သတင်းတစ်ပုဒ်အနေနှင့်သာ မြင်လို သိလိုခြင်းက ပိုမိုပါသည်။ ထိုရက်များတွင် မန္တလေးသူ မန္တလေးသားများ အလုပ်အကိုင်ပင် ရပ်နားကြပြီး လက်ဆည်ကန်ရွှေမန်းတိုက်ရှေ့ပဲ သွားရောက် စနည်းနာနေကြသည်။ ရပ်ကွက်ထဲတွင်လည်း ထမင်းမေ့ ဟင်းမေ့ကာ ထိုသတင်းကိုပဲ စုစုစုစု ပြောဆိုနေကြသည်။

လက်ဆည်ကန်ရပ်က ရွှေမန်းတိုက်ရှေ့တွင် ယာယီမဏ္ဍပ်ထိုးလိုက်တော့ မန္တလေးက သင်္ဂြုံဟ်မည်ဆိုတာ
သေချာလေပြီ။ ဤသို့ဖြင့် ဒီဇင်ဘာ ၁ရက်နေ့ မနက်၄နာရီကျော် ၅နာရီထိုးလု အချိန်မှာ အောင်လံမှတဆင့် ကားဖြင့် သယ်ဆောင်လာသော ရုပ်ကလာပ်က ရွှေမန်းတိုက်ရှေ့တွင် အသင့်ပြင်ဆင်ထားသည့် ယာယီမဏ္ဍပ်သို့ ရောက်ရှိလာသည်။ မဏ္ဍပ်အတွင်းက ဧခုတင်တွင် ရုပ်ကလာပ်ကို အဝါအနုအရင့် အမရပူရပိုးချိတ်ကိုလွှမ်းထားပြီး မိတ်ကပ်နှင့်ပြင်ဆင်ထားသည်။ ထိုမနက် မိုးလင်းသည်နှင့် အသုဘရှု ပရိသတ်က ဗိုလ်ချုပ်အောင်ဆန်းလမ်းခေါ် ၈၄လမ်းမကြီးပိတ်သွားသောကြောင့် တောင်ဘက် ၃၃လမ်းနှင့်မြောက်ဘက် ၃၂လမ်းထိပ်များမှ ပိတ်ပြီး ရဲများဖြင့် လမ်းရှင်းနေရသည်။ ထိုမနက်မှာပဲ အမေက ကျွန်တော့် လက်ဆွဲပြီး ရွှေမန်းတိုက်ရှေ့သို့ သွားသည်။ တန်းစီနေသော လူတန်းကြီးနောက်က ဝင်ရပ်ကာ ရုပ်ကလာပ်ကိုကြည့်ရသည်။ မျက်နှာမှာ မိတ်ကပ်ကို အကျအနပြင်ဆင်ထားရာ ပိုးအင်္ကျီ ပိုးချိတ်ပုဆိုးနှင့် မျက်နှာပေါ်ကလည်း အဝါနု ဇာပုဝါလေး လွှမ်းထားရာ တကယ်သေဆုံးသည်ဟု မထင်မှတ်ရက်ဘဲ နောက်ပိုင်းဇာတ်ထုပ်ထဲက သရုပ်ဆောင်နေသည့် ဇာတ်ဝင်ခန်းနှင့်ပင် တူသေးသည်။ လာရောက်ကြည့်ရှုသူတိုင်းက မျက်ရည်ဝဲကြသလို အချို့သော အဖွားကြီးများက တမ်းတအော်ဟစ် ရင်ထု ငိုကြွေးကြသည်များလည်းတွ့ရသည်။ အမေကတော့ ရုပ်ကလာပ်ကို ကြည့်ရင်း
မျက်ရည်တွေကို အင်္ကျီလက် ပင့်ပြီး သိမ်းသည်။

ဒီဇင်ဘာ ၂ရက်နေ့ ဟံသာဝတီ သတင်းစာတွင် ဈာပန ပို့ဆောင်မည့် အစီအစဉ်များ ဖော်ပြပါရှိလာသည်။ ထိုအစီအစဉ်အရ ဒီဇင်ဘာလ ၄ ရက်နေ့ ၁၁နာရီတွင် လက်ဆည်ကန်ရပ်နေအိမ်မှ မန္တလေးတောင် အရှေ့ဘက်ရှိ အုတ်စက် သုသာန်သို့ ပို့ဆောင် သင်္ဂြုံဟ်ရာ မကြုံစဖူး ထူးကဲစွာ ပို့ဆောင်ကြသည့်
ဈာပနပွဲကြီးဖြစ်ခဲ့သည်။ ရွှေမန်းဇာတ်အဖွဲ့၏ ပင်တိုင် ဆက်တင်နှင့် ပန်းချီဆရာ ဆရာစုက မြင်းဖြူ၈ကောင်ကသည့် ဈာပန ပန်းရထားဖြင့် တင်ဆောင်ပြီး သားသမီးများနှင့် ဇာတ်မင်းသား မင်းသမီးများနှင့် ဇတ်သူဇာတ်သား ၁၀၀ကျော်က စန္ဒားယများ ကြိုးကို ဆွဲကြသည်။ ရွှေမန်းတင်မောင်ပုံ ပန်းချီကားကြီးနှင့် ပန်းခွေတင်ကားများအပါအဝင် ရှည်လျားသော ကားတန်းကြီးက နာရီစင်၏ အရှေ့ ကျုံးထိပ်ရောက်သည်အထိ အိမ်ရှေ့မှာ ကားတွေ ရှိသေးသည်။

အမေက သူ့မြေးမဖြစ်ကို ခါးထစ်ခွင်တွင် တင်ကာ လက်ဆည်ကန် အိမ်ရှေ့မှသည် နာရီစင်အရှေ့ဘက်
မောရဂျမ်းတိုက်အထိ လူအုပ်ကြားတွင် တိုးဝှေ့ကြည့်သည်။ချွေးသန် တရွှဲရွှဲနှင့် မြေးအဘွား၂ယောက် ပြန်လာကြတော့ ၂ယောက်စလုံး ဖိနပ်တွေ မပါခဲ့တော့။ တိုးရင်းဝှေ့ရင်း လမ်းမှာ ကျွတ်ကျန်ခဲ့တာတဲ့။ ထိုသို့ ကျွတ်ကျန်ရစ်ခဲ့သော ဖိနပ်များကို သိမ်းဆည်းရှင်းလင်းရာတွင် မြူနီစီပါယ်အမှိုက်ကား တစ်စီးစာ ရသည်ဟုလည်း ပြောကြသည်။ ကျွန်တော်ကတော့ အစ်မတို့နှင့် အတူ လူအုပ်ကြား ဒရွတ်တိုက်၍ ပါသွားပြီး အနောက်ကျုံးထောင့်ရောက်တော့ တွေ့သည့်မြင်းလှည်း တစ်စီးကို ငှားကာ မြောက်ကျုံးလမ်းက တဆင့် အုတ်စက်သုသာန်သို့ ကြိုသွားနှင့် ကြသည်။ ကျွန်တော်တို့လို ကြိုသွားနှင့်သူတွေက အများသား။ ထို့ကြောင့် အုတ်စက်သုသာန်မှာ ဈာပနမရောက်ခင် ကတည်းက လူတွေ ဖွေးဖွေးလှုပ်နေပြီ။
တကယ်တမ်း သုသာန်သို့ ဈာပနရောက်လာတော့ ညနေစောင်းပြီပေါ့။ အနားသို့ပင် မကပ်နိုင်ခဲ့။ သုသာန်၏ အနောက်ဘက်ခြမ်းက မြေမြို့ရိုး အဟောင်း ကုန်းပေါ်ကပဲ ဂူသွင်းသည့် သုသာန်အရှေ့ခြမ်းကိုမျှော်ကြည့်ပြီး နေဝင်မှ ပြန်ခဲ့တော့သည်။ အိမ်ရောက်တော့လည်း သည်အကြောင်း တစ်ညလုံး ပြောမဆုံးတော့ပေ။ ထိုနေ့က ဈာပနကို လူဦးရေ ၂သိန်းကျော် ပို့ဆောင်ကြသည်ဟု သတင်းစာများက ဖော်ပြကြသည်။ ရွှေမန်းတင်မောင်ကို လွမ်းဆွတ်မှုက အတောမသတ်နိုင်သေး။

နောက်နှစ် ပွဲရာသီတွင် သစ္စာမေတ္တာရွှေမန်းသဘင်က မန္တလေးတွင် ရုံသွင်းတော့ ကျန်ရစ်သော သားများ ကပြကြသည့် ရွှေမန်းဇာတ်ကို အားပေးကြတာ
ရုံကွဲထွက်၏။ ထိုနှစ် ဇာတ်အစီအစဉ်တွင် ရွှေမန်းတင်မောင်ပုံ ပန်းချီကားကြီးရှေ့၌ မင်းသားညွန့်ဝင်း ဦးဆောင်ကာ ညီအစ်ကိုများက တိုက်ပုံဆင်တူ ပုဆိုးဆင်တူများဖြင့် ပန်းစည်းများ ကိုင်ပြီး “ ကျွန်တော်တို့ရဲ့ဖေဖေ ဖေဖေ၊ သွားလေသူ ရှိစဉ်တုန်းကသာ၊ လုပ်သားပြည်သူများကို ဖျော်ဖြေခဲ့ရရှာ၊ အပူလုံးကြွ ယူကြုံးမရ လွမ်းတသသနဲ့ တမ်းတနေသူပါ၊ဖေဖေရှိရာကိုသာ သားသားတို့ ကန်တော့လိုက်ပါရဲ့ ခင်ဗျာ” ဟူသော သီချင်းဖြင့် ကန်တော့ကြတော့လည်း မန်းသူ ရွှေမန်းပရိသတ်က မျက်ရည်လည်ရွှဲ ဖြစ်ကြရပြန်သည်။

သြော် ပြည်သူချစ်သော အနုပညာသည် ဟူသည်မှာ ပြည်သူက ပေးမှ ခိုင်မြဲ စစ်မှန်သည်ဟူသော မှတ်ကျောက်ကို ရွှေမန်းတင်မောင်က သက်သေပြခဲ့သည်လေ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW