ရခိုင်မှာ ကြုံနေရတဲ့ သဘာဝဘေးဆိုး(သို့) မီးဘေး

မတ် ၁၂- ၂၀၂၃
SW(VOM)

“ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ၊ မညာတာ ဘယ်သူ့မှ မထောက်တာ သူခိုး၊ဓားပြထက် ဆိုးတဲ့ရန်သူဟာ” ဆိုတဲ့ စာသားပါ မီးဘေးအန္တရာယ် အသိ၊ သတိပေးတဲ့ သီချင်းကို ရော်ရွက်ဝါတွေကြွေကျပြီး တောတောင်တွေက ခြုံနွယ်၊သစ်ပင်တွေမှာ ရွက်ဟောင်းတွေကြွေ သစ်လွင်နူးညံ့တဲ့ ရွက်နုလေးတို့ ရှင်သန်ထွက်လာတဲ့ နွေဦးရာသီရဲ့ ညမှောင်ရီပျိုးစအချိန်တွေမှာ ကြားရတဲ့အခါ မြို့ပြရဲ့ အငွေ့အသက်တွေကို သတိရမိပါတယ်။

ရခိုင်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကနေစပြီး မီးလောင်မှုတွေတဖြည်းဖြည်း များပြားလာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်မှာ မီးလောင်မှု (၁၀) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး လူ (၃) ဦး သေဆုံးထားပါတယ်။

လက်ရှိ မတ်လအထဲမှာလည်း ရခိုင်ပြည်နယ်အတွင်း မီးလောင်မှု (၆) ကြိမ်ထက်မနည်းရှိထားပြီး လူတဦးထိခိုက် ဒဏ်ရာရတာရှိသလို မီးဘေးဒုက္ခသည်တွေလည်း (၅၀) ကျော်အထိရှိလာကြောင်း မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလိုမျိုး မီးလောင်မှုတွေ မကြာခဏဆိုသလိုဖြစ်ပွားနေတာဟာ မီးဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေအားနည်းနေသေတာကြောင်းနဲ့ ပြည်သူတွေကြား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေလုပ်ဆောင်မှုအားနည်းတာကြောင့်ဖြစ်သလို မီးကို ဂရုမစိုက်ပဲ ပေါ့ဆမှုတွေကြောင့်လို့ မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး စောင့်ကြည့်နေသူတွေက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေတဲ့ ကိုမျိုးလွင်က “ အဓိကပြောရမယ်ဆိုရင် ပြည်သူတွေက မီးဘေးနဲ့ပတ်သက်ရင် မီးလောင်ရင် ဆုံးရှုံးပျက်စီးမယ်ဆိုတာသိထားပေမယ့် မီးလောင်မှုနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်လုပ်ဆောင်မှုပိုင်းမှာ အားနည်းနေပါသေးတယ်။ ရွယ်ရည်ချက်မရှိဘဲဖြစ်သွားတဲ့အပိုင်းမှာဆိုရင်လည်း ပေါ့ဆမှုတွေရှိတယ်။” လို့ ထောက်ပြပါတယ်။

ဒီလအတွင်း မီးလောင်မှုမှာတော့ ထူးခြားဖြစ်စဉ်အနေနဲ့ မတ်လ ၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ၊ ပိုးရွှီပြင်စံပြကျေးရွာမှာ အရက်သေစာသောက်စားပြီး မိမိနေအိမ်ကို ကိုယ်တိုင် မီးရှို့ရာကနေ တခြားအိမ် ၂ ဆောင်ကိုပါ ကူးစက်လောင်ကျွမ်းသွားတာကြောင့် နာရီပိုင်းအတွင်းမှာ နှစ်ရှည်လများကြိုးစားတည်ဆောက်ထားတဲ့ အိမ်တွေ ပြာကျကုန်ပြီး ဆုံးရှုံးမှုတန်းဖိုး ကျပ်သိန်းပေါင်း (၃၀၀) ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း အိမ်ခြေ ၁ ထောင်ကျော်ရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်စံပြကျေးရွာမှာဆိုရင် အရင်ကရှိခဲ့တဲ့ ရဲစခန်းလည်းမရှိတော့ကြောင်းနဲ့ မီးသတ်ဌာနဟာလည်း အခုထိမရှိသေးဘူးလို့ ကျေးရွာတာဝန်ရှိသူတွေက ပြောပါတယ်။

ပိုးရွှီပြင်စံပြကျေးရွာမှာ အခုဆိုရင် မီးလောင်မှုကြီးကြီးမားမားဖြစ်သွားတာကြောင့် မီးသတ်ဌာနတခုလိုအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိတဲ့ အာဏာပိုင်တွေအနေနဲ့ မီးသတ်ဌာန ချထားပေးစေချင်တယ်လို့ ကျေးရွာတာဝန်ရှိသူတွေက ပြောပါတယ်။

ပိုးရွှီပြင် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက “ရွာမှာ မီးသတ်ဌာနလိုတာပေါ့။ အိမ်ခြေလည်းများတယ်။ မီးလောင်ပြီဆိုရင် ရပ်သူရွာသားတွေ ဝိုင်းပြီးငြိမ်းသတ်ရတယ်။ ဘယ်ကမှ အကူအညီတွေမရဘူး။ လမ်းကလည်း သိပ်မကောင်းတော့ ပုဏ္ဏားကျွန်းကနေ မီးသတ်ကားတွေလည်း မလာဘူး။ ရပ်ရွာမှာတော့ မီးဘေးနဲ့ပတ်သက်ပြီး အမြဲသတိပေးနေပါတယ်။လိုက်နာမှုသိပ်အားနည်းနေသေးတယ်။ ” လို့ ပြောပါတယ်။

ပိုးရွှီပြင်ကျေးရွာမှာ မီးသတ်ဌာနလိုအပ်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အစိုးရတာဝန်ရှိသူတွေကို တင်ပြဖို့ရည်ရွယ်ထားပေမယ့် အကောင်အထည်မပေါ်နိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တောဖျားချောင်း၊ လေးမြို့ချောင်း တို့လို ဝေလံပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေက ရွာတွေအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့အခြေအနေတရပ်နဲ့ မီးသတ်ဌာနတို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေပါလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါကြောင့် မီးကို အကျိုးရှိရှိ၊ သတိရှိရှိနဲ့ အသုံးပြုတတ်မယ်ဆိုရင် မိတ်ဆွေကောင်းဖြစ်နိုင်ပေမယ့် ပေါ့တိပေါ့ဆနဲ့ မီးသတိမပြုရင်တော့ ရန်သူအဖြစ်ရောက်သွားနိုင်တယ်ဆိုတာ လူတိုင်းနှလုံးသွင်းထားဖို့လိုသလို အခုလို ခြောက်သွေ့ရာသီမှာ ပိုပြီးသတိထားဖို့လိုအပ်လာပါတယ်။

“မီးသတိထားဖို့အတွက် အသိပညာပေးမှုတွေ အများကြီးလိုအပ်တယ်။ ရခိုင်မှာ မီးဘေးနဲ့ပတ်သက်ပြီး အသိပညာပေးမှု အားနည်းနေတယ်။ မီးဘေးကြိုတင်ပြင်ဆင်မှုတွေကို အရပ်ဘက်အဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ်၊ အစိုးရအနေနဲ့ပဲဖြစ်ဖြစ် မြေပြင် ကွင်းဆင်းပြီး လုပ်ဖို့လိုအပ်တယ်လို့ မြင်တယ်။” လို့ ကိုမျိုးလွင်က အကြံပြုပြောပါတယ်။

ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနကထုတ်ပြန်ချက်မှာလည်း ပြည်နယ်တွင်း မြို့နယ်၊ မြို့၊ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မီးလောင်မှု (၁၀) ကြိမ်ဖြစ်ပွားခဲ့ပြီး မီးဘေးဒုက္ခသည် (၅၂) ဦးရှိကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကတော့ ၅.၁၅၄ သန်း (ကျပ် ၅၁ သိန်း) ရှိကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်လို ဆင်းရဲနွမ်းပါးပြီး မုတ်သုံရာသီဥတုရှိရာ ပြည်နယ်တခုမှာ မီးဘေး၊ ရေဘေး၊ လေဘေး စတဲ့ သဘာဝဘေးအန္တရာယ်တွေကိုလည်း အချိန်နဲ့အမျှ သတိထားဖို့လိုအပ်ပြီး မြန်မာနိုင်ငံတဝန်း ဘယ်ဒေသ၊ ဘယ်မြို့နယ်မဆို ပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ်ကို အချိန်တိုင်း သတိထားဖို့လိုအပ်ပါတယ်။

ကျောက်တောမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဌေးမင်းနိုင်က “ကျနော်တို့ကတော့ မီးဘေးအသိပညာပေးမှုတွေလုပ်ထားပါတယ်။ မြို့ပေါ်တွေကတော့ ကျနော်တို့ကိုယ်တိုင် ကွင်းဆင်းပြီးလုပ်တာပေါ့။ ကျေးရွာတွေကတော့ အရန်မီးသတ်တွေက လုပ်ပါတယ်။ ကျေးရွာတွေကတော့ ကျနော်တို့ မသွားနိုင်လို့ပါ။” လို့ ပြောပါတယ်။

မီးသတ်ဌာနအနေနဲ့ နယ်ဘက်ကျေးရွာတွေကို ဆင်းပြီး မီးဘေးအသိပညာပေးရေး လုံခြုံရေးအခြေအနေတွေကြောင့် မသွားနိုင်တာလို့ သိရပါတယ်။

ကျောက်တော်မြို့ပေါ်မှာဆိုရင် မီးဘေးအန္တရာယ်အသိပညာပေးမှုတွေအပေါ် လူထုအားလုံး လိုက်နာမှုမရှိပေမယ့် ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ကျောက်တော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဌေးမင်းနိုင်က ပြောပါတယ်။

“တမြို့လုံးအတိုင်းအတာနဲ့ဆိုရင် မီးဘေးကြိုတင်ကာကွယ်မှုလုပ်ဆောင်ချက်မှာ လိုက်နာမှုက ၇၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်ထင်ပါတယ်။မီးဘေးနဲ့ ပတ်သက်ပြီး ကြိုတင်အစီအမံတွေကို အားလုံးလိုက်နာကြဖို့ကိုပဲ ပြောချင်ပါတယ်။” လို့ ပြောပါတယ်။
မီးဘေးဟာ သဘာဝဘေးအန္တရာယ်တွေထဲက တခုဖြစ်ပါတယ်။ ။ မြန်မာနိုင်ငံဟာ မြေမျက်နှာသွင်ပြင်အနေထားအရ ကမ္ဘာ့အန္တရာယ်အများဆုံးနိုင်ငံတွေကြားမှာ နေရာယူလျက်ရှိနေသေးကြောင်းနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံတွင်း အချိန်အခါ အားလျော်စွာ ရေကြီး၊ မီးလောင်၊ မုန်တိုင်းကျရောက်တာနဲ့ မိုးခေါင်မှုဒဏ်တွေဟာ ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့(UNICEF) ရဲ့ အစီရင်ခံစာ တစောင်မှာ တွေ့ရပါတယ်။

မီးလောင်မှု၊ ရေကြီးမှု၊ လေပြင်မုန်တိုင်း ကျရောက်မှုနဲ့ မိုးခေါင်မှုလိုမျိုး သဘာဝဘေးအန္တရာယ်တွေဟာ အဓိကအားဖြင့် သဘာဝဖြစ်စဉ်တခုတည်းရဲ့ ရလဒ်မဟုတ်ဘဲ လူသားတို့ ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်တွေဟာ လူ့အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ စွမ်းရည်ကို ထင်ဟပ်စေကြောင်းကို နားလည်သဘောပေါက်ဖို့ လိုကြောင်းကို အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ရခိုင်ပြည်ရဲ့ အရှေ့ဘက် ချင်းပြည်နယ်ကနေ ဧရာဝတီတိုင်းထိ ရှည်လျားတဲ့ ရခိုင်ရိုးမတောင်တန်းတွေဟာ အရင်က သစ်ပင်၊ သစ်တောတွေနဲ့ စိမ်းစိုအုပ်မိုင်းနေတဲ့ သဘာဝကပေးတဲ့အမွေအနှစ်တခု ဖြစ်ခဲ့ပေမယ့် အခုဆိုရင်တော့ ကျေးငှက်တွန်မြေသံ မကြားရလောက်အောင်ပင် သစ်တောတွေ ပြုန်းတီးနေပြီလို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေက သတိပေးနေတာ တွေ့ရပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ ကိုမျိုးလွင်က “သစ်တောပြုန်းတီးမှုတွေကတော့ တောက်လျှောက်ရှိနေပါတယ်။ ရခိုင်မှာဆိုရင် ကမ်းရိုးတန်းဒေသတွေမှာရှိတဲ့ ဒီရေတောတွေဆိုလို့ရှိရင်လည်း သစ်တောပြုန်းတီးမှုက အရှိန်မြင့်နေတယ်။ အဲဒီလိုပဲ ရခိုင်ရိုးမ တောတန်း၊ တောင်တန်းတွေမှာလည်း သစ်တောပြုန်းတီးမှုတွေ တောက်လျှောက်ရှိလာတယ်။” လို့ ပြောပါတယ်။

ဒီလို သစ်တောသယံဇာတတွေပြုန်းတီးလာတာက တောတောင်ရဲ့ ရေမြေတွေဟာလည်း ခြောက်သွေ့လာပြီး လူတွေရဲ့ သတိမပြုမိတဲ့ပေါ့ဆမှုကနေတဆင့် တောမီးလောင်တဲ့အထိ ဖြစ်သွားတာတွေလည်း ရခိုင်ပြည်နယ်ထဲမှာ ရှိနေတဲ့အတွက် ဒါတွေကို အချိန်မီထိန်းသိမ်းဖို့ လိုအပ်လာနေပါတယ်။

မကြာသေးမီ မတ်လ ၈ ရက်နေ့ ကျောက်တော်မြို့နယ်အတွင်းက တောမီးလောင်မှုတခုမှာ လယ်သမားတဦးက လယ်ကွင်းပြင်က ကောက်ရိုးမျှင်တွေကို မီးရှို့ရာကနေ ထိမ်းမနိုင်တော့ပဲ ခြောက်သွေ့ပြီး ရွက်ဟောင်းတွေကြွေနေတဲ့ မြို့အရှေ့ဘက် တောတောင်တွေအထိ မထင်မှတ်ဘဲ ကူးစက်လောင်ကျွမ်းသွားတာမျိုးဖြစ်သွားခဲ့ပါတယ်။

အဲဒီလို တဦးတယောက်ရဲ့မီးဘေးပေါ့ဆမှုကနေ လူနဲ့ တောတွင်း သက်ရှိတွေအတွက်ပါ အန္တရာယ်ကျရောက်နိုင်တာကြောင့် တောမီးလောင်ကျွမ်းမှုတွေမဖြစ်အောင်လည်း အသိပညာပေးမှုတွေလိုအပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ ကိုမျိုးလွင်က ပြောပါတယ်။

“သစ်တောပြုန်းတီသွားတဲ့နေရာတွေမှာ မီးဘေးသတိပေးချက်တွေ စနစ်တကျလုပ်ဆောင်မှုတွေက နဂိုထက်အားနည်းလာတယ်။ မီးဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုက ပိုပြီးနည်းပါးလာတယ်။ ဒါကြောင့် ရည်ရွယ်ချက်မရှိဘဲ မီးလောင်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရတယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ နွေရာသီ ရေရှားလာတာကြောင့် မီးလောင်မှုတွေများတဲ့ နွေရာသီမှာ ရေအလုံအလောက်မရှိတာမျိုးတွေနဲ့ ကြုံရနိုင်တဲ့ အခြေအနေတွေလည်း ရှိနေကြောင်း သိရပါတယ်။
မီးဘေးအန္တရာယ်တခုဖြစ်လာရင် မီးသတ်၊ ပြည်သူနဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်တာမျိုးကို ပြည်နယ်တွင်း မီးလောင်မှုဖြစ်စဉ်တွေမှာ မြင်တွေ့ရပေမယ့် မီးကို အချိန်မီငြိမ်းသတ်နိုင်လိုက်တာမျိုး၊ ပျက်စီးဆုံးရှုံးမှုနည်းပြီး ငြိမ်းသတ်နိုင်တာမျိုး မတွေ့ဖူးသလောက်ကို ရှားနေကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မြောက်ဦးမြို့နယ် မြတန်ဆောင်းဆရာတော်က “ဒီမှာက အားကိုးစရာဘာမှမရှိဘူး။ ကိုယ့်ပြဿနာကိုယ် ရှင်းရပါမယ်။ ဆုံးရှုံးသွားရင်လည်း ကူညီဖေးမပေးတဲ့သူတွေလည်း မရှိဘူး။ ဒါကြောင့် မီးကို သတိထားပြီး ဂရုစိုက်ကြဖို့ မှာချင်ပါတယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ပြည်တွင်းစစ်ရေးပဋိပက္ခကိုခံစားနေရတာကြောင့် လူဦးရေ ရာပေါင်းများစွာ စုဝေးနေထိုင်တဲ့ စစ်ဘေးရှောင်စခန်းတွေမှာလည်း မီးဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သတိထားနေရပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ ပေါ့ဆမီးလောင်မှုကြောင့် စခန်းက နေအိမ် (၇၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးဒုက္ခသည် ၃ ထောင်နီးပါးထိ ရှိခဲ့သလို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ကျောက်တော်မြို့နယ် မဟာမုနိစစ်ဘေးရှောင်စခန်းတွေမှာ ကြီးမားတဲ့မီးလောင်မှုတွေကို ခံစားခဲ့ရပါတယ်။

ဒါ့အပြင် လယ်ယာလုပ်ငန်းခွင်တွေမှာ ကောက်ရိုးပုံတွေ၊ ရာနဲ့ချီတဲ့ စပါးကောက်လိုင်းစည်းတွေကို မီးရှို့ခံရသလို စပါးရိတ်သိမ်း၊ ခြွေလှည့်စက်တွေလည်း မီးရှို့ခံရမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၁- ၂၀၂၂ ခုနှစ်တို့က မင်းပြား၊ မြောက်ဦး၊ ဘူသီးတောင် စတဲ့မြို့နယ်တွေမှာ ရှိခဲ့ဖူးကြောင်း သိရပါတယ်။

အဲဒီလို ဥပဒေမဲ့ အကျိုးစီးပွားပျက်စီးစေတဲ့ ရည်ရွယ်ချက်တွေနဲ့ မီးဘေးအန္တရာယ်ကိုအသုံးပြုတဲ့လုပ်ရပ်တွေဟာ တိုင်တန်းလို့ရှိရင် ဥပဒေအရအရေးယူမှာဖြစ်ကြောင်း ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

“အဲ့ဒီမှာ စပါးကိုမီးရှို့တယ်ဆိုလို့ရှိရင် အကျိုးစီးပွားကိုဖျက်တာဖြစ်တဲ့အတွက် စပါးကိုရှို့တဲ့ ပုဒ်မပေါ့။ လူနေတဲ့အိမ်ကို ရှို့မယ်ဆိုရင်တော့ လူ့ရဲ့ လုံခြုံရေးကိုပါထိ ခိုက်စေတဲ့အတွက် ပုဒ်မက ပိုကြီးသွားတယ်။ ဒါကတော့ ဥပဒေအရ ရှိပြီးသားဖြစ်ပါတယ်။ ရဲအရေးပိုင်တဲ့အမှုတွေဖြစ်ပါတယ်။ အရှို့ခံရတဲ့လူက အကြောင်းတစုံတရာကြောင့် မတိုင်ရင်တောင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အမှုဖွင့်နိုင်တဲ့ အနေအထားရှိပါတယ်။ အိမ်မီးရှို့ခံရတယ်ဆိုရင် နစ်နာသူက ရဲကိုတိုင်တယ်။ သက်သေတွေက ပီပီပြင်ပြင်ထွက်ဆိုတယ်ဆိုရင် အဲပေါ်မှာပဲ မူတည်ပါတယ်။” ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

မြို့ပြ၊ ကျေးလက်ဒေသတွေမှာ မီးဘေးအန္တရာယ်နဲ့ ပတ်သက်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်လောက်က ပြည်သူတွေ မီးကင်းစောင့်တာတွေရှိခဲ့ဖူးပေမယ့် ဒီဘက်ခေတ်မှာတော့ မီးသတ်ဌာနကသာ တာဝန်ယူလုပ်ဆောင်နေရတာတွေ့ရကြောင်း သူကဆက်ပြောပါတယ်။

ပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ်ကျရောက်လာခဲ့ရင် အတတ်နိုင်ဆုံး တားဆီးနိုင်ဖို့ မီးသတ်ဆေးဗူး၊ သဲအိတ်၊ သံခွင်း၊ သံပြား၊ ရေပုံတွေကို အိမ်တိုင်းမှာဆောင်ထားဖို့ မီးသတ်ဌာနက နွေရာသီရောက်တိုင်း တိုက်တွန်းမှုတွေရှိတယ်လို့ သိရပါတယ်။

လက်ရှိမြေပြင်အနေအထားမှာကြည့်မယ်ဆိုရင် ပြည်သူနဲ့ မီးသတ်ဌာနကြားအလှမ်းဝေးနေပြီး စစ်တွေမြို့လို ပြည်နယ်ကောင်စီအစိုးရ ရုံးစိုက်တဲ့ မြို့မှာတောင် မီးဘေးနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတာတွေ မရှိသလောက်ကို တွေ့နေရပါတယ်။

ဒီလိုမျိုး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတွေကို သက်ဆိုင်ရာမီးသတ်ဌာနက အမိန့်ထုတ်နိုင်ပြီး ပြည်သူတွေအနေနဲ့လည်း လိုက်နာရမှာဖြစ်ကြောင်းနဲ့ မလိုက်နာရင် အရေးယူခံရမှာဖြစ်ကြောင်း ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ထောက်ပြထားပါတယ်။

“မီးပေါ့ဆရင်တော့ ပေါ့ဆတဲ့သူကို အရေးယူတာ ဖြစ်ပါတယ်။ အိမ်မှာဆိုလို့ရှိရင် တာဝန်အရှိဆုံးက အိမ်ထောင်ဦးစီပါ။ အိမ်ထောင်ဦးစီးခရီးသွားနေတာပဲဖြစ်ဖြစ် မရှိဘူးဆိုရင် အမျိုးသမီးမှာတန်ဝန်ရှိတာပေါ့။ ဥပမာ – ကလေးက မီးနဲ့ဆော့လို့ အိမ်ကိုမီးလောင်တယ်ဆိုလို့ရှိရင် အိမ်ထောင်ဦးစီရှိရင် အိမ်ထောင်ဦးစီးပေါ့။ ဆိုင်ရောင်းနေလို့ ဆိုင်မှာလောင်တယ်ဆိုရင် ဆိုင်ရောင်းတဲ့သူမှာတာဝန်ရှိတယ်။ ” လို့ ပြောပါတယ်။

မီးဘေးအန္တရာယ်နဲ့ ပြစ်မှုကျူးလွန်မယ်ဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၅၊ ၄၃၆ တို့ဆိုတာ မီးနဲ့အကျိုးဖျက်စီးတယ်ဆိုရင် အဲဒီပုဒ်မတွေနဲ့အရေးယူခံရမှာဖြစ်ပြီး ပြစ်ဒဏ်တွေလည်းကြီးကြောင်း ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

မီးဘေးအန္တရာယ်ဟာ၊ အချိန်မရွေး၊ ရာသီမရွေး၊ နေရာမရွေး ဖြစ်နိုင်တဲ့အတွက် မီးဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး မီးသတ်ဌာနက ထုတ်ပြန်ထားတဲ့ သတိပြု၊ သတိထားစရာတွေ၊ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ ကြိုတင်ကာကွယ်မှုနည်းလမ်းတွေကိုလည်း ပြည်သူတွေအနေနဲ့ တာဝန်သိသိနဲ့ လိုက်နာကြရမှာ ဖြစ်ကာ မီးသတ်ဌာနကလည်း မြေမြင်ကွင်းဆင်းပြီး မြို့ပြ၊ ကျေးလက်မကျန် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း ပြည်နယ်ကောင်စီက တိုက်တွန်းပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေမှာ အကျိုးစီးပွားထိခိုက်စေတဲ့ ရည်ရွယ်ချက်ရှိရှိ ရှို့မီးတွေ၊ မီးသတိထားမှုအားနည်းပြီး ပေါ့ဆမီးလောင်ကျွမ်းမှုတွေ၊ လျှပ်စစ်မီးက တဆင့်လောင်ကျွမ်းမှုတွေနဲ့ တောမီးလောင်ကျွမ်းမှုအထိ ရှိတာကြောင့် မီးဘေးအန္တရာယ် သတိထားမှုပိုင်းမှာ ပြည်သူတွေအနေနဲ့ တက်ကြွစွာပါဝင်ကြဖို့ လိုအပ်သလို သက်ဆိုင်ရာ အစိုးရ၊ အာဏာပိုင်အဖွဲ့တွေ ကလည်း ထိရောက်တဲ့ မီးဘေးကြိုတင်ကာကွယ်ရေးတွေ စနစ်တကျလုပ်ဆောင်ဖို့လိုအပ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #မီးဘေး #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW