ပခုက္ကူမြို့က ပန်းကံ့ကော် စားသောက်ဆိုင် ဓားပြတိုက်ခံရ ၊ရွှေထည်ပစ္စည်း ၁၃ ကျပ်သား ပါသွား

မတ် ၊ ၁၈ ၊ ၂၀၂၃
SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ နေသူရိန် လမ်းမှာရှိတဲ့ ပန်းကံ့ကော် စားသောက်ဆိုင်မှာ မနေ့ မတ် ၁၇ ရက် ညနေပိုင်းက ဓားပြတိုက် လုယက်ခံရပြီး ရွှေထည် ပစ္စည်မျိုးစုံ ၁၃ ကျပ်သားကျော် ပါသွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ပန်းကံ့ကော် စားသောက်ဆိုင်ထဲကို ညနေ ၄ နာရီဝန်းကျင်က အမည်မသိ လက်လုပ်သေနတ်ကိုင်ထားသူတွေ ဝင်လာပြီး ဆိုင်ရှင် အမျိုးသမီးဆီက ရွေထည်ပစ္စည်းတွေ ဓားပြတိုက်သွားတာဖြစ်တယ် ” လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” နေသူရိန်လမ်းက ၊ ပန်းကံ့ကော် စားသောက်ဆိုင်ထဲကို လက်လုပ်သေနတ်ကိုင်ဆောင်ထားတဲ့ လူ ၃ ယောက်က ဝင်ပြီး ဓားပြတိုက်တာဖြစ်တယ် ၊ ဆိုင်ရှင်ဆီက ရွှေထည်ပစ္စည်းမျိုးစုံ ၁၃ ကျပ်သား ၊ ကာလ ခန့်မှန်း တန်းဖိုး သိန်း ၂ ရာကျော် ဖိုး ပါသွားတယ် ၊ အမှုဖွင့် စစ်ဆေးနေတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက် ၊ ညနေပိုင်းကလည်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ မြိုင်လမ်း ၊ လမ်းသွယ် ၃ နဲ့ ၄ အကြားမှာရှိတဲ့ နန်းမြတ်တော်ဝန် စိန်ရွှေရတနာနဲ့ ပန်းတိမ်လုပ်ငန်း နေအိမ်ကို အမည်မသိ လူငယ် ၄ ဦးက ဝင်ရောက် ဓားပြတိုက်သွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေနဲ့ ၂၀၂၂ခုနှစ်အတွင်းကလည်း လုယက်၊ ဖမ်းဆီး၊ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW