စိန်ခေါ်မှုတွေကြားက မြန်မာ့ပြောင်းဈေးကွက်

မတ် ၂၇ – ၂၀၂၃
SN (VOM)

လက်ရှိ မြန်မာ့ပြောင်းစျေးကွက်ဟာ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ဝယ်လိုအားကြောင့် ရောင်းချရမှု နယ်ပယ် ကျယ်ပျံ့လာပြီး စျေးကွက်အပေါ်မှာလည်း အလားအလာကောင်းတွေ ရှိလာမယ်လို့ မှန်းဆခဲ့ကြပါတယ်။

ဒါပေမယ့် ပြောင်းကုန်သွယ်ရေးဟာ ကိုဗစ်အပါအဝင် ဒေသတွင်း မတည်ငြိမ်မှုများစွာကြောင့် အခက်အခဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် အခြားတဖက်မှာလည်း သွင်းအားစု စျေးကြီးမြင့်မှု၊ မျိုး အခက်အခဲ၊နိုင်ငံခြားငွေကြေး အပြောင်းအလဲတွေ၊ တင်ပို့မှုအခက်အခဲနဲ့ အထွက်နှုန်း ကျဆင်းမှုတွေကြောင့် တောင်သူတွေအတွက် ထင်သလောက် အကျိုးအမြတ် မရရှိခဲ့ပါဘူး။

“အခက်အခဲတွေကတော့ အများကြီးပေါ့။ ဓာတ်မြေဩဇာ၊ သွင်းအားစု ပြဿနာတွေလည်းရှိတယ်။ သယ်ယူစရိတ်တွေလည်းကြီးတာပဲ။ သွင်းအားစုဈေးကြီးလို့ စိုက်ပျိုးတဲ့နေရာမှာ သွင်းအားစုတွေ ထင်သလောက် မသုံးနိုင်ဘူး။ နယ်မြေမငြိမ်းချမ်းတာကြောင့်လည်း စိုက်ပျိုးဖို့က အခက်အခဲဖြစ်တယ်။ ပြန်ရောင်းတော့လည်း တိုက်ပွဲတွေကြောင့် လက်ထဲ ကုန်တွေ ကြာကြာမထားနိုင်တာနဲ့ ရတဲ့ဈေးနဲ့ပြန်ရောင်းကြရတယ်”လို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းယုမြို့နယ်မှ တောင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ပြောင်းစျေးနှုန်းကျဆင်းနေချိန် ဩဂုတ်လအစောပိုင်းက မူဆယ်နယ်စပ် ကုန်သွယ်ရေးကတဆင့် ပြောင်းတင်ပို့မှု မရှိသလောက် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငါးလတာစာရင်းကို ကြည့်မယ်ဆိုရင်လည်း ပြည်ပကို ပြောင်းတန်ချိန် နှစ်သန်းကျော် တင်ပို့ခဲ့တဲ့ အခြေအနေမှာ မြဝတီနယ်စပ်ကတဆင့် ထိုင်းကို တင်ပို့မှုဟာ ဒေသတွင်း အခြေအနေတွေကြောင့် ရပ်နားမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ပြောင်းစိုက်တောင်သူတွေက ပြောပါတယ်။

မြန်မာ့ပြောင်းကုန်စည်အတွက် ကိုဗစ် – ၁၉ ကပ်ရောဂါ စတင်ချိန်မှစကာ စိန်ခေါ်မှု ကြီးမားခဲ့တာဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် သွင်းအားစုနဲ့ မျိုးစရိတ်တွေ ကြီးမြင့်လာမှုကို တောင်သူတွေအနေနဲ့ ခါးစည်းခံစားခဲ့ကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံကို ပြောင်းကုန်စည်တင်ပို့မှုဟာလည်း ကပ်ရောဂါကြောင့် နယ်စပ်ဂိတ်တွေ ပိတ်ထားခြင်းနဲ့အတူ ကုန်စည်စီးဆင်းမှု ရပ်နားခြင်းတွေလည်း ရှိခဲ့တဲ့အတွက် ပြောင်းစိုက်တောင်သူတွေအနေနဲ့ စားဝတ်နေရေးအရ အထားခံသော ကုန်ဖြစ်ပေမယ့် ရတဲ့စျေးနဲ့ ရောင်းချခဲ့ရတာ‌တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“နယ်စပ်က အခြေအနေတွေကြောင့် ပြောင်းဈေးက ပုံမှန်မရှိခဲ့ဘူး။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ပြောင်းတပိဿာကို ၁၀၀၀ ကျပ် ကျော်ရခဲ့ပေမယ့် နှစ်ကုန် ဒီဇင်ဘာမှာ ဂိတ်က ပြန်ပိတ်သွားတယ်။ နောက်တော့ တစ်ပိဿာကို ၉၀၀ ကျပ်လောက်စျေးဖြစ်သွားတယ်”လို့ ရှမ်းပြည်နယ်၊ သီပေါမှ ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။

မြန်မာ့ပြောင်းစျေးကွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ဒေသတွင်း အာဆီယံစျေးကွက်နဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထိုးဖောက်မှုတွေ ရှိခဲ့ပေမယ့်လည်း ပြောင်းစိုက်တောင်သူတွေအတွက် မျှော်လင့်ချက်တွေ မပြည့်ဝခဲ့တဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရတာပါ။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးမှာ တင်ပို့မယ့် ပို့ကုန်တန်ဖိုးကို အမေရိကန်ဒေါ်လာ ကြိုတင်သွင်းခိုင်းထားခြင်းနဲ့ ပို့ကုန်၊ သွင်းကုန်လိုင်စင်တွေအတွက် လိုအပ်တဲ့ အချက်အလက်တွေကို တင်းကျပ်ထားတဲ့အတွက် လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေရဲ့ တင်ပို့မှုနှုန်းတွေ လျော့ကျလာပြီး ပင်လယ်ရေကြောင်းကနေ တင်ပို့မှု မြင့်တက်လာနိုင်တယ်လို့ မြဝတီမြို့မှ ပြောင်းကုန်သည်တွေက ပြောပါတယ်။

“အရင်နှစ်တွေက ပြည်ပပြောင်းတင်ပို့မှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို နယ်စပ်ကုန်သွယ်ရေး စခန်းတွေကတဆင့် တင်ပို့တာပါ။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မြဝတီဂိတ်ကနေ အဓိက တင်ပို့နေတာပေါ့။ ဒါပေမယ့် အခုနှစ်မှာတော့ နယ်စပ်ကုန်သွယ်ရေးစခန်းကတဆင့် ပြောင်းတင်ပို့မှုဟာ ၂၀ ရာခိုင်နှုန်းလောက် လျော့ကျသွားနိုင်ပြီးတော့ ဒီပမာဏဟာ ပင်လယ်ရေကြောင်း တင်ပို့မှုဘက်ကို ပြောင်းလဲသွားနိုင်ပါတယ်”လို့ ပြောင်းကုန်သည်တဦးက သုံးသပ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်မှာတော့ မြန်မာ့ပြောင်းအတွက် စျေးကွက်အရ မျှော်လင့်ချက်တွေလည်း ရှိလာခဲ့ပြန်ပါတယ်။ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ တိုးတက်ကောင်းမွန်တဲ့ စျေးကွက်ဖော်ဆောင်မှုတွေရှိခဲ့သလို ထိုင်းနိုင်ငံနဲ့လည်း ကုန်သွယ်ရေးတိုးမြှင့် ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မြန်မာ့ပြောင်းကို တရုတ်နိုင်ငံထဲ တရားဝင်တင်ပို့နိုင်ဖို့ ပြည်တွင်းက ကုမ္ပဏီတွေကို ခေါ်ယူမှုတွေရှိခဲ့ပြီး တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ရဲ့ သွင်းကုန်နဲ့ ပို့ကုန် အစားအစာ ဘေးကင်းလုံခြုံရေးဗျူရို (GACC)ရဲ့ ခွင့်ပြုချက်နဲ့လည်း တင်ပို့မှုတွေ စတင်နိုင်ဖို့ အစပျိုးနိုင်ခဲ့ပါတယ်။

အရင်က တရုတ်နိုင်ငံဘက်ကို ပြောင်းတင်ပို့တဲ့ မြန်မာကုမ္ပဏီတွေဟာ GACC ခွင့်ပြုချက် မရရှိထားတဲ့အတွက် ၂၀၁၉ ခုနှစ်ကစလို့ တင်ပို့ခွင့်ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းမှာ တရုတ်နိုင်ငံဘက်က ပြည်တွင်းကုမ္ပဏီ ၁၁၀ ဝန်းကျင်ကို GACC လက်မှတ်ထုတ်ပေးလာတဲ့အတွက် ပြောင်းတင်ပို့ခွင့် ပြန်လည်စတင်နိုင်ခဲ့ပါတယ်။

GACC ဟာ တရုတ်နိုင်ငံရဲ့ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ ဖြစ်ပြီး မြန်မာ့ကုန် စည်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရဖို့အတွက် အဲ့ဒီ့အဖွဲ့ကို တင်ပြရသလို ဒီအဖွဲ့အစည်းကနေ ခွင့်ပြုချက်ရမှသာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမှတဆင့် တရုတ်ဈေးကွက်ကို တရားဝင် တင်ပို့ခွင့်ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းမှာ ပြောင်းစတင်ထွက်ရှိတဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ လေးလတာကာလအတွင်း ပင်လယ်ရေကြောင်းကနေ ပြောင်းတန်ချိန် ရှစ်သိန်း တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းကနေ သိရပါတယ်။

ပြည်တွင်းကထွက်ရှိတဲ့ ပြောင်းတွေကို ပင်လယ်ရေကြောင်းမှတဆင့် ပြည်ပကို ပုံမှန်အတိုင်း တင်ပို့နေတဲ့အပြင် မတ်လ ၁ ရက်ကစတင်လို့ ထိုင်းနိုင်ငံကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကတဆင့် အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းစတင် တင်ပို့နေပြီဖြစ်တယ်လို့ သိရပါတယ်။ အခွန်ကင်းလွတ်ခွင့်ရတဲ့ ကာလကတော့ မတ်လ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိသာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ပြောင်းကို တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံပေါင်း ၇၀ ကိုတင်ပို့လျက်ရှိပြီး ပြည်တွင်းမှာ တနှစ်ကို ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းနဲ့ ၂ ဒသမ ၆ သန်းကြား ထွက်ရှိတယ်လို့ သိရပါတယ်။

ပြည်ပတင်ပို့မှုအနေနဲ့ နှစ်စဉ် တန်ချိန် နှစ်သန်းကျော်အထိရှိပြီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါးအထိ ပို့ကုန်ဝင်ငွေရရှိနေတဲ့ စိုက်ပျိုးရေးထွက်ကုန်ဖြစ်ပါတယ်။

တနှစ်ကို ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဝန်းကျင်ရှိနေပြီး မြန်မာနိုင်ငံအတွက် ဆန်တင်ပို့မှုပြီးရင် ပို့ကုန်ဝင်ငွေ ဒုတိယအများဆုံး ရှာဖွေပေးနေတဲ့ စိုက်ပျိုးရေးသီးနှံ ဖြစ်ပါတယ်။

ပြည်ပကိုတင်ပို့တဲ့ အစေ့ထုတ်ပြောင်းအမျိုးအစားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ အဓိကစိုက်ပျိုးခြင်းဖြစ်ပြီး စိုက်ပျိုးဧက ၇ သိန်းကျော်အထိရှိပါတယ်။

နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမြင့်လာတဲ့အတွက် သွင်းအားစုဈေးနှုန်းမြင့်တက်မှုဒဏ်ကို အခြားစိုက်ပျိုးရေး တောင်သူတွေလိုပဲ ပြောင်းစိုက်တောင်သူတွေလည်း တွေ့ကြုံ ခံစားနေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းရဲ့ထိုးနှက်မှု၊ စစ်မက်ပဋိပက္ခတွေကြားမှာ မြန်မာ့ပြောင်းဈေးကွက်ဟာ လက်ရှိအချိန်အထိ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပြီး အားတင်း ရှေ့ဆက်နေရဆဲဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #ပြောင်းစျေးကဏ္ဍ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW