ကြံဈေးကောင်းပေမယ့် တွက်ခြေမကိုက်တဲ့ တောင်သူတွေ

ဧပြီ ၈ – ၂၀၂၃
SN (VOM)

လက်ရှိ ပြည်တွင်းမှာ ကြံဈေးကောင်းနေပြီး အခု ၂၀၂၃-၂၀၂၄ ကြံရာသီအတွက် ပြည်တွင်းသကြားစက်တွေက ကြံတတန်ကို ကျပ် တသိန်းအထိ တိုးမြှင့်ပေးဝယ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အခု ဘဏ္ဍာနှစ်အတွင်း ကြံဈေး ပိုမိုမြင့်တက်နိုင်ပြီး ပြည်တွင်းသကြားစက်တွေဖြစ်တဲ့ ငွေရည်ပုလဲသကြားစက်၊ မိုင်းရယ်သကြားစက်တို့က ကြံတတန်ကို ကျပ် ၉၅၀၀၀၊ ဝေမာသကြားစက်က ကျပ် ၉၄၀၀၀၊ မြဘုရင်သကြားစက်က ကျပ် တသိန်းအထိ ဈေးပေးဝယ်ယူမှာဖြစ်ကာ အခြား သကြားစက်တွေကလည်း ဈေးတိုးမြှင့် ဝယ်ယူမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ စတဲ့ သွင်းအားစုစရိတ် ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အခုရရှိတဲ့ ကြံတတန်ဈေးနှုန်းဟာ တောင်သူတွေအတွက် အဆင်ပြေ တွက်ခြေကိုက်နိုင်ဖို့ အလှမ်းဝေးနေသေးတဲ့ အနေအထားတခုဖြစ်တယ်လို့ သိရပါတယ်။

ကြံစိုက်ခင်းတွေမှာ အသုံးပြုရတဲ့ မြေဩဇာ၊ ပိုးသတ်ဆေးတွေအပြင် အခြားသော အသုံးအဆောင်ပစ္စည်းတွေဟာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာ တင်းကြပ်ထားတဲ့ အခြေအနေတွေကြောင့် သယ်ယူစရိတ်တွေလည်း အရင်ကထက် အဆမတန် ထိုးတက်လာတယ်လို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။

“ကြံစိုက်ခင်းတွေမှာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေ အရင်လို မထည့်နိုင်တော့ဘူး။ ဈေးတွေက အရမ်းခေါင်ခိုက်အောင် တက်နေတာ။ အဲ့ဒါကြောင့် ကြံအထွက်နှုန်းတွေလည်း လျော့လာတယ်။ ဒီပြဿနာတွေတင်မကသေးဘူး။ သွားရေးလာရေး အခက်အခဲတွေကြောင့် သယ်ယူစရိတ်တွေကလည်း အရင်ထက်ပိုပြီး တက်လာတယ်”လို့ နေပြည်တော်၊ လယ်ဝေးမြို့နယ်က ကြံစိုက်တောင်သူတဦးက ပြောပါတယ်။

ကြံစိုက်ပျိုးရေးမှာ အရင်ကလို သွင်းအားစုတွေ ထင်သလောက်မသုံးနိုင်တာကြောင့် ၂၀၂၂ ခုနှစ်မှစတင်ကာ ကြံအထွက်နှုန်းတွေ သိသိသာသာ လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ အရင်က ကြံအထွက်နှုန်း ပုံမှန် ၆ တန်နဲ့ ၇ တန်ကြားထွက်တဲ့ အခင်းတွေဟာ ၂၀၂၂ ခုနှစ်ကစလို့ အထွက်နှုန်း တန်ချိန် ၃ တန် နှင့် ၄ တန်ကြားသာ ရှိတော့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နယ်စပ်ဂိတ်တွေမှာ ပေးဆောင်ရတဲ့ အခွန်အခတွေဟာလည်း အရင်ကထက် မြင့်တက်နေတယ်လို့ သိရပါတယ်။ အဲ့ဒီလိုပဲ ကြံ စိုက်/ခုတ် အလုပ်သမား နေ့စားခတွေဟာလည်း မြင့်တက်နေတဲ့အတွက် တောင်သူတွေအနေနဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“သူတို့ဖွင့်ထားတဲ့ ဈေးကတော့ ကိုးသောင်းခွဲကနေ တသိန်းအထိလို့ သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့တောင်သူတွေအတွက်ကတော့ ဒီဈေးရလည်း တွက်ခြေမကိုက်သေးဘူး။ သယ်ယူစရိတ်နဲ့ ကြံစက်ရုံအရောက်ဈေးကို ပို့ခတို့၊ တင်ခတို့၊ ကားခတို့၊ နောက် ဒီဇယ်ဈေးကြီးတာကလည်း ရှိသေးတယ်။ အလုပ်သမား ငှားခတွေလည်းရှိသေးတယ်။ သွင်းအားစုဈေးကလည်း ကြီးသးတယ်။ စိုက်ပျိုးရင်းနှီးမှု ကုန်ကျစရိတ်နဲ့တွက်ရင် ကျပ် တသိန်း အထက်လောက် စျေးရမှဖြစ်မှာ”လို့ စစ်ကိုင်းတိုင်း၊ ကျောက်ထုံးကြီးဒေသမှ ကြံစိုက်တောင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ကြံရဲ့သဘောသဘာဝမှာ ခုတ်ပြီး ၂၄ နာရီအတွင်း စက်ရုံအရောက်ပို့နိုင်မှသာ သတ်မှတ်ဈေးနှုန်း ရရှိနိုင်မှာဖြစ်တဲ့အတွက် ကြံခုတ်ရာသီမှာ နယ်မြေအေးချမ်းမှု မရှိပါက လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သူက ပြောပါတယ်။

ကြံရဲ့သဘာဝမှာ ခုတ်ပြီး ၄၈ နာရီကျော်တာနဲ့ ချဉ်တတ်တဲ့ အလေ့အထရှိတာကြောင့် ခုတ်ပြီး ၂၄ နာရီအတွင်း စက်ရုံကို အရောက်ပို့နိုင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

“၄၈ နာရီကျော်သွားရင် သိပ်အဆင်မပြေတော့ဘူး။ လက်ရှိ လမ်းပန်းဆက်သွယ်ရေး အခြေအနေကလည်း သိတဲ့အတိုင်း နယ်မြေ မငြိမ်းချမ်းတာတွေရှိနေတော့ အရင်လို သွားလို့လာလို့ အဆင်မပြေဘူး။ ကြံရာသီချိန်မှာ အဲဒီလို အခက်အခဲတွေလည်း ကြုံလာနိုင်တယ်”လို့ သူက ပြောပါတယ်။

လက်ရှိ ပြည်တွင်းက သကြားစက်ရုံတွေဟာ ကြံကို ဝယ်ယူရာမှာ သကြားစျေးကို အခြေခံပြီး ဝယ်ယူရတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ လက်ကျန်သကြားနည်းနေပြီး ကြံရာသီအသစ်မှာ သကြားအသစ်တွေ ထွက်ရှိလာမှာဖြစ်ပေမယ့် လက်ရှိ သကြားစျေးဟာ တပိဿာကို ကျပ် ၃၀၀၀ ဝန်းကျင်တွင်ရှိနေကာ ဆက်လက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

အခုလို ပြည်တွင်းသကြားဈေး မြင့်တက်နေမှုဟာ ကြံအထွက်နှုန်း နည်းပါးခဲ့ခြင်းကြောင့်ဖြစ်သလို ပြည်တွင်းမှာ သကြားလက်ကျန် နည်းပါးတာ၊ ပြည်ပကနေ သကြားဝင်ရောက်မှု မရှိတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကြံကြိတ်ခွဲရာသီကတည်းက ပြည်တွင်းမှာ သကြားဈေးနှုန်းတွေ စံချိန်တင် မြင့်တက်လာနေတာကြောင့်လည်း ဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

“ဈေးတွေကတော့ ကောင်းနေတာပေါ့။ ဒါပေမယ့် ဒီနှစ် ကြံစိုက်တဲ့စရိတ်က အရင်နှစ်ထက် အကုန်အကျတွေ ပိုပြီးများလာတယ်။ ဒီကြားထဲ ရာသီဥတုကလည်း မကောင်းဘူး။ အခုပေးတဲ့ အမြင့်ဆုံး တသိန်းဈေး ဆိုတာကတော့ စရိတ် ကာမိရုံလောက်ပဲရှိမယ်။ အမြတ်မကျန်ဘူး”လို့ မကွေးတိုင်း၊ အောင်လံမှ ကြံစိုက်တောင်သူတဦးက ပြောပါတယ်။

အခုလို ပြည်တွင်းမှာ သကြားဈေးနှုန်း စံချိန်တင် မြင့်တက်နေမှုကြောင့် ကြံကုန်ကြမ်းရဲ့ဈေးနှုန်းတွေကိုလည်း သကြားစက်တွေအလိုက် တိုးမြှင့်သတ်မှတ်ပေးနေရတာ ဖြစ်တယ်လို့ ကြံကုန်သည်တွေက ပြောပါတယ်။

“အခုနှစ်ကြံရာသီမှာ ရာသီဥတုအခြေအနေကြောင့် အထွက်နှုန်း ၁၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ သကြားလိုအပ်ချက် မြင့်လာတဲ့အတွက် စက်ရုံတွေက ကြံဈေး တိုးမြှင့်ဝယ်ကြတာပါ။ ဒီအပေါ်မှာတော့ တွက်ခြေကိုက်တဲ့သူလည်း ရှိနိုင်သလို မရှိတဲ့သူလည်း ရှိနိုင်တယ်။ အဲ့ဒါတွေက ဘယ်အပေါ်မှာ မူတည်သလဲဆိုရင် ရာသီဥတုကောင်းလို့ ကြံတဧကမှာ တန် ၄၀ အထက် ထွက်တဲ့သူတွေဆိုရင် တွက်ခြေကိုက်ကြတယ်။ သွင်းအားစုလည်း မထည့်နိုင်၊ ရာသီဥတုလည်း မကောင်းဘူး၊ စိုက်ပျိုးချိန်လည်း နောက်ကျ၊ အဲ့ဒီ့လို တောင်သူတွေဆိုရင်တော့ ကြံအထွက်နှုန်းလျော့ပြီး တွက်ခြေမကိုက်နိုင်ကြတော့ဘူးပေါ့”လို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကြံကုန်သည်တဦးက ပြောပါတယ်။

အခုလို ကြံဈေးနှုန်း ပုံသေသတ်မှတ်တဲ့စနစ် မကျင့်သုံးခင်က ပြည်တွင်းသကြားဈေးပေါ်မူတည်ပြီး နှုန်းရှင် စနစ်ကို ကျင့်သုံးခဲ့ကြတယ်လို့ သိရပါတယ်။

ဥပမာအားဖြင့် ကြံတတန်ကို အမြင့်ဆုံးဈေး ၆၀၀၀၀ ခန့် ရှိစဉ်က သကြားဈေးကွက်အတွင်းမှာ တပိဿာ ကျပ် ၅၀ ခန့် ဈေးတက်ရင် ကြံတတန်အပေါ် ၁၀၀၀ ကျပ်နှုန်း တိုးပေးခဲ့တဲ့ စနစ်ကို ကျင့်သုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ သကြား တပိဿာ ၁၆၀၀ ကျပ်ခန့် ဈေးရှိချိန်က ကြံ ၁ တန် အခြေခံဈေး ကျပ် ၆၅၀၀၀ ဈေးရပေမယ့် လက်ရှိ သကြား တပိဿာ ၃၀၀၀ ကျပ်ခန့် ရရှိချိန်မှာ အခြေခံဈေးနှုန်း ကျပ်တသိန်းကျော်ဝန်းကျင် ရရှိမှသာ ကြံတောင်သူတွေအတွက် အဆင်ပြေနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကြံဈေးနှုန်းဟာ ပြည်တွင်းသကြားဈေးကွက်အပေါ် မူတည်နေပြီး စက်ရုံတွေက ကြံဝယ်ရာမှာ သကြားဈေးကို အခြေခံကာ ဝယ်ယူကြတဲ့အတွက် လက်ရှိ ဈေးနှုန်းထက် ပိုမိုရရှိမှသာ ကြံစိုက်တောင်သူတွေအတွက် တွက်ခြေကိုက်မယ့် အနေအထားတခု ရောက်ရှိနိုင်မှာ ဖြစ်ပေမယ့် လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရတော့ တောင်သူတွေအနေနဲ့ အခက်အခဲပေါင်း များစွာကို ဆက်လက် ရင်ဆိုင်နေကြရဦးမှာပဲ ဖြစ်ပါတယ်။ ။

Photo-Agriculture Group
#voiceofmyanmar #VOM #ကြံစျေးကွက်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW