လူထု နှလုံးသားထဲက အပျော်ဓာတ် ရလာဒ်

ဆူးငှက်

သင်္ကြန်တေးတစ်စကို အစောဆုံး ကြားလိုက်ရတော့ တပေါင်းလဆန်းကာစပဲ ရှိသေးသည်။ နေ့ပူလို့ ညချမ်းဆဲ ကာလဖြစ်၏။ သို့သော် တစ်နှစ်လုံးအောင့်အည်းကာ နေခဲ့ရသည့် သင်္ကြန်အပျော်ဓာတ် အညွန့်အညှောက်လေး ထွက်ပြူလာပြီမို့ နားထဲမှာ စည်တိုသံ၊ ဒိုးသံလေးတွေ ကြားစပြုလာပြီ။ ကဗျာတစ်စ၊ စာတစ်စလည်း နူတ်ဖျားမှာ သီလာကြပြီ။ တယောပြားလေး မေးဖျားညှပ်ပြီး သံစဉ်တစ်မျှင် စမ်းသူစမ်း၊ စန္ဒရားခုံမှာထိုင်ပြီး တေးသွားတစ်ကျော့ ဆော့သူဆော့။ ဤသို့ဖြင့် သင်္ကြန်အပျော်ဓာတ် အညွန့်အညှောက်လေးက ဖားရရား၊ ကြွားရရားနှင့် ပွင့်ခက်ပွင့်လက် စုံလင်လာသည့်သဘောဖြစ်သည်။

စင်စစ် မန္တလေးသင်္ကြန်ဟူသည်ကား ဂီတပွဲတော်ကြီးတစ်ရပ်ဖြစ်ခဲ့သည်။ မြန်မာ့ရိုးရာ မှန်စီရွှေချ၊ ပဉ္စရူပ ပတ်မထမ်း ဆိုင်းဝိုင်းကြီးများဖြင့် မြန်မာ့ဂီတ၊မြန်မာ့အကကို ပုံအောကွန့်မြူးသည့် ပွဲတော်ကြီးလည်းဖြစ်၏။ ထို့ပြင် တစ်ဝ အယုတ်အလတ် အမြတ်မရွေး ကိုယ့်ရင်ထဲရှိသမျှ အနုပညာကို စိတ်ရောကိုယ်ပါ ဖော်ထုတ်ပြ၊ ဖော်ထုတ်ခွင့်ရှိသည့် ပွဲတော်ကြီးလည်း ဖြစ်သည်။

မြန်မာ့ရိုးရာ အတာသင်္ကြန်သည် မြန်မာတို့၏ စိတ်ရင်းညံ့ သိမ့်မွေ့မှုနှင့် ယဉ်ကျေးသောအနုပညာကို လူတိုင်းစေ့ ဖော်ထုတ်ခံစားနိုင်ကြသည့် အမျိုးသားပွဲတော်ဖြစ်လေရာ မြန်မာအများစုရှိသည့် မန္တလေးသင်္ကြန်သည် “မြန်မာ့ရိုးရာ အတာသင်္ကြန်”သရုပ်ကို အပီဆုံး ဖော်ထုတ်နိုင်ခဲ့သည့် ပွဲတော်ဖြစ်ခဲ့ဖူးသည်။ မန္တလေးမှာ တစ်ခေတ်တစ်ခါက အရပ်သားများထဲမှ အနုပညာသမားတွေ ခပ်များများ ထွက်ပေါ်ခဲ့တာ “သင်္ကြန်”ကြောင့်ဖြစ်သည်။ သင်္ကြန်သည် မိမိတို့ ရင်တွင်း ရှိနေသော အနုပညာဗီဇကို ထစေသလို ပျိုးထောင် အညွန့်အညှောက်ထွက် ရှင်သန်ကြီးထွားရာ မြေသြဇာအပြည့်ရှိသည့် ပျိုးခင်းကြီးနှင့် တူသည်။ လွတ်လွတ်လပ်လပ် အယုတ်အလတ် အမြတ်မရွေး ခံစားရေးဖွဲ့ကွန့်မြူးနိုင်သည်။ ရှေ့က နောင်တော်၊ အစ်မတော်များ စပ်ဟပ် သီကုံး တီးမှုတ်ကခုန်ရေးဖွဲ့ကြတာကြည့်ရင်း အားကျမခံစိတ်ဖြင့် ညီငယ်၊ညီမငယ်များကလည်း အနုပညာ မျိုးဆက်အမွေကို လက်ဆင့်ကမ်း ခံယူခဲ့ကြခြင်းဖြစ်သည်။

သုခုမ အလုပ်သည် သဘင်သည်၊ ပညာသည် အလုပ်ဟု သီးသန့် ခွဲခြားမထား။ အလွှာပေါင်းစုံ လူတိုင်းစေ့က စိတ်ကြိုက် ခံစား ဖန်တီးနိုင်သည့် ပတ်ဝန်းကျင်ဖြစ်ခဲ့၏။ ထို့ကြောင့် ယနေ့အထိ တင်ကျန်ရစ်သော သင်္ကြန်သီချင်းတွေ၊ တီးလုံး တီးကွက်တွေကို ဖန်ဆင်းခဲ့ကြသူများက မျက်မှန်ကြီး တဝင်းဝင်း၊ပေကြိုး ပုခုံးတင်ကာ အထည်တွေ ညှပ်ကိုက် ချုပ်သော စက်ချုပ်ဆရာလည်းဖြစ်သည်။ အားချိန် မယ်ဒလင် တစ်လက်နှင့် ဂီတနှင့် အတူနေသည့် ဆံသဆရာလည်းဖြစ်သည်။ခြေနင်းဖားဖိုလေးနှင့် လက်ဝတ်ရတနာပစ္စည်းတွေပြုလုပ်နေသည့်
ပန်းထိမ်ဆရာလည်းဖြစ်သည်။ ထို့အတူ ကျောင်းဆရာ၊ ဝန်ထမ်း၊ ဝပ်ရှော့သမား၊ကျောင်းသား၊ ဆရာဝန်၊ ဈေးသည်၊ ပွဲစား၊ ကျူရှင်ဆရာ၊ ဖိနပ်ထောင်၊ အီးပီစီ လိုင်းမင်း၊ စာတိုက်ဗိုလ်၊ အပျော်ထမ်း မီးသတ်သမား၊ လက်ဖက်ရည်ဆိုင် ပိုင်ရှင် စသည့်အရပ်သားတွေဆီက အဖိုးတန် အနုပညာ ပစ္စည်းတွေ တွင်တွင်ကျယ်ကျယ်ကြီး ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့်လည်း မန္တလေးသင်္ကြန်တွင် ပန်းပေါင်းတစ်ရာဖူးပွင့် သီချင်းကဲ့သို့သော အနုပညာပစ္စည်းက နှစ်စဉ် ရာချီ ဖူးပွင့်ခဲ့သည်။

သင်္ကြန်သီချင်းဟူသည် တူးပို့တူးပို့ ဒိုးချက်ဖြင့် အမြူးအကြွဟု ပုံသေမှတ်လို့မရ။ နရီစည်းဖြင့် အခံ့အညား သီချင်းတွေလည်းရှိသည်။ ဒီသီချင်းတွေက မဟာဂီတလာ သီချင်းကြီးများအလိုက် ရေးဖွဲ့သည့် မြူမှောင်ဝေကင်း ကဲ့သို့ အေးအေးချမ်းချမ်းကဲ့သို့ သီချင်းမျှသာမဟုတ်၊ အလွမ်းလေးများဖက်သည့် သီချင်းများ၊ အပျော်လေးဖက်သည့် အိုးစည်ဒိုးပတ်သံ သီချင်းများ၊မောင်နှင့်မယ် အပြန်အလှန် သီကြူးကြသည့် သန္တရသဖွဲ့ သီချင်းများလည်း အများအပြားရှိခဲ့သည်။

၁၉၇၅ ဝန်းကျင်က ၇၈လမ်းပေါ်ရှိ မီးရထားမဏ္ဍပ်ရှေ့တွင် ပြိုင်ပွဲဝင် သံချပ်အသင်းများဖြင့် ပိတ်ဆို့နေ၏။ ထိုစဉ် ၇၈လမ်းအတိုင်း မြောက်မှတောင်သို့ သွားမည့် မြို့မအလှပြယာဉ်က မီးရထားမဏ္ဍပ်ရှေ့က ဖြတ်ရသည်။ မဏ္ဍပ်ရှေ့မှာ သံချပ်အသင်းများက တန်းစီစောင့်နေသောကြောင့် မြို့မက မီးရထားမဏ္ဍပ်တွင် မဖျော်ဖြေနိုင်။ဖြတ်ရုံပဲ ဖြတ်ကာ “မီးရထားမာင်မယ်ရေသဘင်အဖွဲ့ကြီး ကျန်းမာပါစေ” ဟုသာ နူတ်ဆက်ရင်း ရှေ့ခရီးဆက်ရသည်။ ဒါကို ပရိသတ်က မကျေနပ်နိုင်။ ကားရှေ့က ပိတ်ထားကြလို့ တောင်းပန်ကာ တောင်ဘက် မီးရထားစာကြည့်တိုက်အလွန်တွင်မှ ရပ်ပြီး မဏ္ဍပ်ဖက်လည်း အနှောက်အယှက်မရှိရအောင် အသံချဲ့စက်ကို ချိန်ကာ ပရိသတ်ကို ကျေနပ်အောင် ဖျော်ဖြေရသည်။

သည်တွင် မြို့မက သီဆိုတီးမှုတ်သော သီချင်း ၂ပုဒ်ကို သတိရနေ၏။ သီချင်းတွေက အသစ်ဖြစ်လိမ့်မည်။ တစ်ပုဒ်က ဧကရီအလှတဲ့။ ထိပ်တင်ဆန်းက ဆိုသည်။ တစ်ပုဒ်က ပန်းလက်ဆောင် တဲ့၊ ဒီသီချင်းက စုံတွဲ သီချင်း၊သောင်းတင်လတ် နှင့် ခင်အုန်းမြင့်(မြတ်ဝတ်ရည်)က သီဆိုသည်။ ၂ပုဒ်စလုံးက သင်္ကြန်သီချင်းပေမယ့် တူးပို့တူးပို့ ဒိုးချက်မဟုတ်၊ နရီစည်း ဝါးလတ်စည်းများနှင့် အခံ့အညားဖြစ်သည်။

ဧကရီအလှ သီချင်းက ပလုတ်တုတ်သံဖြင့် စဖွင့်သည်။ “ ဧကရီအလှပန်းများ စုံစွ၊ငွေငန်းမောင်
ရောက်လို့လာပေါ့၊ ဝင်းလို့မြူးရွှင်၊ က အုံး ခင်၊ က အုံးတာ့ခင်၊ တံမွှာ ပဉ္စင်၊ ယဉ်ယဉ်၊ မြို့မတေးသံ နွဲ့နှောင်းနှောင်း၊ သံသာရင့်ကျူးမြူးရွှင်” တဲ့။

ပန်းလက်ဆောင် သီချင်းကလည်း “ ပိတောက်ခိုင်ပန်းတွေ၊ ဟိုပင်ယံနန်းမလေ၊ ပန်းလက်ဆောင် မောင်ပေးမယ်ပ၊ သင်းပျံ့အေး ရနံ့မွှေး၊ ပန်းရွှေသွေးထွေး၊ ရွေးချယ်ပ ဆံမြညှာကေ၊ရွှေမန်းသူအလှ ပန်ဆင် သ ဖို့ပင်” တဲ့။ ထိုစဉ်က ပရိသတ်ကြီး ကလည်း ငြိမ်လို့။ မြို့မကလည်း ညက်ညက်ကလေး တီးမှုတ်လို့။ သီဆိုသူတွေကလည်း အပီအပြင်။ ထို့ကြောင့် သင်္ကြန်သီချင်းများတွင် မြန်မာသံ အခံ့အညား သီချင်းတွေ၏ကဏ္ဍကို သတိပြု ကြိုက်နှစ်သက်ခဲ့တော့သည်။

ဤသို့ဖြင့် မန္တလေးသင်္ကြန် သမိုင်းတလျှောက် သီဆိုခဲ့ကြသည့် သီချင်းများကိုလည်း မှတ်သားမိတော့သည်။ အဆိုပါ သီချင်းအချို့မှာ ၁၃၀၀ ပြည့်သင်္ကြန် (မြို့မငြိမ်း) (၁၉၃၈) ၁၃၀၀ ပြည့်နှစ်အတွက် စပ်ဆိုသည်၊ သင်္ကြန်လုလင် (မြို့မငြိမ်း) ၁၉၄၀ ကျော်ဝန်းကျင်၊ တူးပို့တူးပို့(မြို့မငြိမ်း) ၁၉၄၀ ကျော်ဝန်းကျင်၊ ရွှေမန်းမာလာ (မြို့မငြိမ်း) ၁၉၄၀ ကျော်ဝန်းကျင်၊ ပြည်တော်ဝင် (ဆရာညှာ) ၁၉၄၅ကျာ် ဝန်းကျင်၊ ရွေီမန်းတောင်ရိပ်ခို (မြို့မငြိမ်း) ၁၉၄၇ခု (၁၃၀၉
ခုသင်္ကြန်အတွက် စပ်ဆိုသည်)၊အေးအေးချမ်းချမ်း (မြို့မငြိမ်း) ၁၉၄၇ခု၊ မူယာကြော့(ဦးဘသိန်း) ၁၉၅၀ ဝန်းကျင်၊အေးတဲ့ရေ (မြူမှောင်ဝေကင်း) (ဦးရင်လေး) ၁၉၅၈ ခု၊ သော့(ကျေးဇူးတင်) (ဦးရင်လေး) ၁၉၅၈ ခု၊ ညှင်းသွဲ့သွဲ့လေပြည် (ဦးဘိုခင်)၁၉၅၈ ခု၊ မန်းသူနှင့်ငန်းဖြူ (ကိုပေါ) ၁၉၆၀ ဝန်းကျင်၊ မြတ်ဆုမွန် (ကိုရွှန်းမြိုင်) ၁၉၆၈ ခု၊ အိပ်မက်စေတမန် (နုယဉ် ကိုသန်းကြွယ်) ၁၉၇၀ ဝန်းကျင်၊ ရွှင်လန်းချမ်းမြေ့ပါစေ (တေးချစ်သူ ကိုခင်မောင်သန်း) ၁၉၇၀ ဝန်းကျင်၊ ချစ်စွာသော သင်္ကြန် (ကိုလှထွန်း) ၁၉၇၀ ဝန်းကျင်၊ ရှာပုံတော်မင်းသားကြီး (ကျော်မြင့်သူ) ၁၉၇၀ ဝန်းကျင်၊ ဟောတော့ (ရေနံ့သာစိုးလှိုင်) ၁၉၈၀ ဝန်းကျင်၊ နဂါးမယ်သီချင်းများ (ရွာစား စိန်တင်ဟန်) ၁၉၈၀၀န်းကျင် တို့ ဖြစ်သည်။

ဤသို့ဖြင့် သင်္ကြန် အရှိန်အဟုန်သည် လူထု၏ စီးပွားရေးနှင့် တိုင်းပြည်၏နိုင်ငံရေးအကျပ်အတည်းကိုမူ ရေရှည်တောင့်မခံနိုင်တော့။ လူထုက သင်္ကြန်အတွက် အရင်းအနှီး မစိုက်ထုတ်နိုင်တော့။ ထို့အတူ တစ်ချိန်က စိုက်ထုတ်ကူညီခဲ့ကြသည့် မြို့မျက်နှာဖုံးများကလည်း ကိုယ်တိုင်စီမံခန့်ခွဲမှုအပေါ် ကန့်သတ်မှုနှင့် စွက်ဖက်မှုများကြောင့် စိုက်ထုတ်ရမှုတွင် မပျော်မွေ့ကြတော့။ ထိုမျှမက တိုင်းပြည်၏ နိုင်ငံရေးအခြေအနေသည် အထိမခံ ရွှေပန်းကန် ဖြစ်သောအခါ သံချပ်သာမက သီချင်းစာသားနှင့် ယာဉ်အလှ မဏ္ဍပ်အလှ သရုပ်ဖော်ပန်းချီများကိုပါ စစ်ပေါက်ပေါက် စီစစ်ကန့်သတ်လာသည်။

ထို့ကြောင့် ၁၉၈၀လာက်မှ စ၍ သံချပ်အသင်းများ မထွက်နိုင်ကြတော့။ ၁၉၃၀ဝန်းကျင်ကတည်းက ငွေငန်းအလှပြယာဉ်ဖြင့် သင်္ကြန်တိုင်း မပျက်မကွက်ဆင်နွှဲခဲ့သော မြို့မသည်ပင်လျှင် အလှပြယာဉ် မထွက်နိုင်တော့။ ထိုစဉ်ကာလ ၁၉၈၀ဝန်းကျင် ကတည်းက အတိတ်မန္တလေးသင်္ကြန်ကို အရွယ်ရောက်သည့် မန္တလေးသားတိုင်း လွမ်းခဲ့ကြသည်လေ။
သင်္ကြန်မရှိတော့ သီချင်း ဂီတ အက အလှဟူသော အနုပညာလည်း မရှိတော့။

ထို့ကြောင့် ၁၉၈၄ခုနှစ်ရောက်သောအခါ မန္တလေးသားများက ပျောက်ကွယ်သွားသည့် ပြလမ်းတွေပေါ်က သင်္ကြန်ကို လွမ်းဆွတ်လှသောကြောင့် ဖလင်ပေါ်တွင် အတိတ်သင်္ကြန်ကို ပုံဖော်အလွမ်းဖြေခဲ့ကြတော့သည်။ သင်္ကြန်မိုး တဲ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW