မီတာပုံးကနေ ဝါယာရှော့ခ်ဖြစ်လို့ အိမ် ၉ လုံး မီးလောင်ပျက်စီးခဲ့

မေ ၇ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာမှာ ဒီနေ့ မေလ ၇ ရက်နေ့ မနက်အစောပိုင်းတုန်းက နေအိမ် ၉ လုံးမီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်မှာ ဇောင်းတူရွာ ၊ ကွင်းတန်းလမ်းက ဒေါ်တင်လှဆိုသူရဲ့နေအိမ် မီတာပုံးက ဝါယာရှော့ခ်ဖြစ် မီးလောင်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ်နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မနက်ကြီး ၂ နာရီလောက်မှာ မီးလောင်တာပါ။မီးတွေက လာလိုက်မလာလိုက်နဲ့ကို မလာတာကများတယ်။လာတဲ့အချိန်ကျတော့လည်း မီးအားက မမှန်တာတွေရှိတော့ အဲ့ဒီမှာ ရှော့ခ်ဖြစ်ပြီးမီးလောင်တဲ့သဘောပါ။မီးစလောင်ချိန် မသိလိုက်တော့ မီးကများသွားပြီး ဘေးအိမ်တွေပါအကုန်ကူးလောင်ကုန်တာပါ “လို့ ပဲခူးဒေသခံတစ်ဦးကပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့အိမ်တွေက ပျဉ်ထောင် ၊ ပျဉ်ခင်း ၊ သွပ်မိုး နေအိမ်တွေ ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးကတော့ အားလုံးပေါင်း သိန်း ၁၀၀ နီးပါးလောက်ရှိနိုင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိမီးသတ်ဌာနက တွက်ချက်ထားတယ်လို့သိရပါတယ်။

လက်ရှိမှာ နေအိမ်မီးလောင်ပျက်စီးခဲ့တဲ့မိသားစုတွေအနေနဲ့ ဆွေမျိုး ၊မိသားစုတွေဆီမှာ ယာယီခိုလှုံနေကြပြီး အစားအစာ၊အဝတ်အထည်တွေ၊ နေအိမ်ပြန်လည်တည်ဆောက်နိုင်ဖို့အပါအဝင် အကူအညီအထောက်အပံံ့တွေ လိုအပ်နေတယ်လို့သိရပါတယ်။

မေလ ၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာကနေ နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

အလားတူ ရန်ကုန် အပါအဝင်ကျန်တဲ့ တိုင်းနဲ့ပြည်နယ်က နေရာဒေသအချို့မှာလည်း နေအိမ်မီးလောင်မှုဖြစ်စဥ်တွေ ဖြစ်ပွားခဲ့တာရှိပါတယ်။

မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ရာသီဥတု အပူချိန်မြင့်တက်နေတာကြောင့် မီးဘေးအန္တရာယ်တွေကို နေ့စဥ်နဲ့အမျှ ပြည်သူတွေကြုံတွေ့နေရပြီး မတော်တဆမီးလောင်မှူတွေလည်းမကြာခဏဆိုသလိုဖြစ်ပွားနေတာဖြစ်လို့ မီးကိုအထူးဂရုစိုက်သင့်တယ်လို့ ပြည်သူအချင်းချင်း သတိပေးမှုတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #ပဲခူး #နေအိမ်ကိုးလုံးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW