YBSတွေကို လျှပ်စစ်ကားတွေနဲ့ ပြောင်းလဲပြေးဆွဲဖို့ လုပ်နေ

မေ ၁၂ – ၂၀၂၃
SN (VOM)

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBSယာဉ်တွေကို လျှပ်စစ်ကား (EV Bus)တွေနဲ့ ပြောင်းလဲပြေးဆွဲနိုင်ဖို့ အခု မေလထဲ ကနဦးစီမံချက် (Pilot Project) အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။

မော်ဒယ်လ်နိမ့် EV Bus တွေ အစားထိုးပြေးဆွဲဖို့အတွက် Pilot Project အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး လိုင်းစနစ်တကျနဲ့ ပြေးဆွဲနိုင်ဖို့ မကြာခင်မှာ စစ်တမ်း (Survey) ကောက်ယူသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

“ဒါနဲ့ပတ်သက်လို့ Pilot Project တွေလုပ်မယ်။ Survey တွေလုပ်မယ်။ စနစ်တကျ Survey တွေလုပ်ပြီးမှ တဆင့်ချင်း သွားဖို့ရှိတယ်။ အဓိကကတော့ စက်သုံးဆီသုံးစွဲမှုတွေ လျှော့ချနိုင်ဖို့ရယ်၊ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လေထုညစ်ညမ်းမှု မရှိအောင် ဆောင်ရွက်ဖို့ရယ်၊ အခြေအနေအချိန်အခါနဲ့ ကိုက်ညီတဲ့ ယာဉ်တွေအသုံးပြုနိုင်အောင်လည်း စနစ်တကျနဲ့ Pilot Project ကြီးလုပ်ပြီး ဆောင်ရွက်မယ်။ ဘယ်လိုလုပ်မယ်၊ ဘယ်တော့ ဆိုတာကတော့ Pilot Project ပြီးမှပဲ ပြောလို့ရမယ်။ ချက်ချင်းကြီးကျတော့လည်း မဖြစ်နိုင်ဘူးလေ။ လက်ရှိ လျှပ်စစ်ဓာတ်အား အခြေအနေအရရရော၊ နောက် အားသွင်းတဲ့နေရာတွေ အဲ့ဒါတွေဘာတွေကို သေချာ Survey အရင်လုပ်ပြီးမှ လုပ်လို့ရမှာပဲ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။

EV survey ကို Youtong ကုမ္ပဏီနဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့ လာရောက် မိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေလည်းရှိတယ်လို့ သိရပါတယ်။

“အခုလက်ရှိမှာ ကုမ္ပဏီ ၃-၄ ခုလောက် လာပြီး မိတ်ဆက်ထားတာရှိတယ်။ EV နဲ့ပတ်သက်လို့ကတော့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်အောင် ဒီအတိုင်းပဲ သွားရမှာပဲ။ YBS တွေမှာသုံးဖို့ကျတော့ လက်ရှိသွားနေတဲ့ ဘတ်စ်ကားတွေလည်းရှိတယ်၊ အဲ့လိုဟာမျိုးပေါ့။ လက်ရှိ ကုမ္ပဏီတွေလည်းရှိတယ်။ အဲ့ဒီ့ထဲကမှ မော်ဒယ်လ်နိမ့်တဲ့ယာဉ်တွေကို တဖြည်းဖြည်းအစားထိုး ဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ ဦးလျန်ကျင့်မာန်က ပြောပါတယ်။

EV Bus နဲ့ပတ်သက်လို့ သင့်တင့်မျှတတဲ့ ယာဉ်စီးခကို သတ်မှတ်သွားမှာဖြစ်ပြီး လာရောက်မိတ်ဆက်ထားတဲ့ EV ကုမ္ပဏီတွေထဲမှာ တစ်စီးကို ဒေါ်လာသုံးသိန်းလောက်တန်တဲ့ ကားတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

“ဒေါ်လာ သုံးသိန်းတန်ကျတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့အတွက် အဲ့လောက်က တွက်ခြေမကိုက်နိုင်ဘူး။ ဒီလို ဈေးကြီးကြီးမဖြစ်အောင်လည်း ကျွန်တော်တို့နိုင်ငံမှာ SKD (ပြည်ပက အစိတ်အပိုင်းတစ်ခုချင်း တင်သွင်းကာ ပြည်တွင်း၌ ပြန်လည်တပ်ဆင်ရောင်းချခြင်းစနစ်) တို့ဘာတို့ လုပ်သင့်သလား၊ ဈေးနှုန်းဘယ်လို လျှော့ချနိုင်မလဲ တင်ပြရမယ်။ အဲ့ဒါတွေလည်း သုံးသပ်ပြီးမှ လုပ်ရမယ်”လို့ သူက ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ Pilot Projectအနေနဲ့ ကုမ္ပဏီ (၉)ခုမှ လျှပ်စစ်ကားတွေ တင်သွင်းနေပြီး ကုမ္ပဏီအလိုက် အစီးရေ (၁၀) စီးစီ တက္ကစီအဖြစ် ပြေးဆွဲပေးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ ၂၀၅၀ ပြည့်နှစ် မတိုင်ခင်မှာ မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့ လျှပ်စစ်ကားတွေကိုသာ အသုံးပြုမယ်လို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #YBS #လျှပ်စစ်ကားနဲ့ပြောင်းလဲပြေးဆွဲဖို့စီစဥ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW