ပုဂံ၊ ညောင်ဦးမြို့နယ်မှာ မိုးများပြီး သဗ္ဗညုဘုရားအပါ ဘုရား ၄ ဆူထိခိုက်မှုရှိခဲ့ပြီး ဘုရားအချို့မှာ ရေကြီးခဲ့

မေ ၁၅ – ၂၀၂၃
GG(VOM)

ပုဂံ ညောင်ဦး ဒေသမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက်ရွာသွန်းခဲ့လို့ ရေကြီးပြီး ရှေးဟောင်းဘုရားအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

ပုဂံ ရှေးဟောင်းဇုန်ထဲက ဓမ္မရာဇကဘုရားကြီးရင်ပြင်အုတ်ခုံအုတ်ပြိုခြင်း၊ ထီးလိုမင်းလိုဘုရားအရှေ့မုခ်အဝင်ချင် မိတ်တိုးပဲ့ကျခြင်း၊ သဗ္ဗညုဘုရားအုတ်တံတိုင်းပဲ့ကျခြင်း၊ ပုထိုးသားများဘုရားမုခ်ကပ် ထိခိုက်ပျက်စီးမှုတွေရှိ ခဲ့ပြီး အနော်ရထာမင်း၊ နန်းတော်ရာအဆောင်(B)အတွင်း ရေကြီး ခြင်း၊အာနန္ဒာဘုရား ၊ စူဠာမဏိဘုရားဝန်း စတဲ့ ဘုရားအချို့မှာ ရေကြီးခဲ့တယ်လို့ သိရပါတယ် ။

နောက်ပြီး ညောင်ဦးမြို့နယ်၊ရွာသာကျေးရွာကဥာဏ်တော်အမြင့် ၇၀ ပေခန့်ရှိ ရွှေဘုံသာဘုရားရဲ့ သပိတ်မှော်ရစ်အထက်ပိုင်းမှစကာ ပြိုကျပြီး မြေခပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

” တနေ့ကနဲ့ မနေ့ကမိုးကြောင့် ဘုရားအချို့မှာ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။ အခု ရေဝင်တဲ့ ဘုရားတွေက ရေတွေကိုစုပ်ထုတ်နေပါတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေဆက်လုပ်သွားမှာပါ “လို့ ပုဂံ‌ရှေးဟောင်းသုတေသနဌာနခွဲ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ ရွာသွန်းခဲ့တဲ့ မိုးကြောင့် ပုဂံနဲ့ညောင်ဦးမြို့နယ်ထဲက ဘုရား စေတီ ပုထိုးအချို့မှာ ရေကြီးတာတွေ၊ ထိခိုက်ပျက်စီးတာတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘုရားပရဝုဏ်အတွင်း ရေကြီးနေတာတွေကို စက်နဲ့ ရေစုပ်ထုတ်ခြင်း၊ ရေထွက်ပေါက် ဖောက်လုပ်ခြင်း၊ထိခိုက်ပျက်စီးမှုတွေကို မိုးကာနဲ့ အုပ်ဆိုင်းကာရံခြင်းတွေလုပ်ဆောင်နေကြောင်း ၊ လိုအပ်တဲ့ ပြပြင်ထိန်းသိမ်းများ၊ စောင့်ကြည့်စစ်ဆေးမှုတွေ ကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

” ၁၃ ရက်နေ့ကစပြီး မနေ့ကအထိ မိုးတအားကိုများတယ်။စံချိန်တင်ရွာသွန်းတယ်လို့တောင်သိရတယ်။လိုက်ကြည့်တာတော့ အာနန္ဒာဘုရားရင်ပြင်ဆိုလည်းရေအပြည့်ပဲ။ဓမ္မရာဇကဘုရားလည်း ပျက်စီးမှုရှိခဲ့တယ်။ခုတော့ ဌာနဆိုင်ရာတွေက ရေဝပ်ဘုရားတွေမှာ ရေစုပ်ထုတ်တာတွေလုပ်နေကြတယ် “လို့ ပုဂံ ဒေသခံတစ်ဦးကပြောပါတယ်။

ပုဂံ ညောင်ဦးမြို့နယ်ထဲမှာ မိုးရွာသွန်းမှုကြောင့် သစ်ပင်တွေ လဲကျတာတွေလည်းရှိခဲ့သလို ချောင်ရေးလျှံလို့ လမ်းပိတ်တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၃ ရက်နေ့က ညောင်ဦးမြို့နယ်မှ ာမိုးရွာသွန်းမှုဟာ နှစ်ပေါင်း ၆၀ အတွင်း အမြင့်ဆုံး မိုးရေချိန်စံချိန်သစ်ဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

ပုဂံဒေသမှာ အရင်ကလည်း မိုးရွာသွန်းမှု များတဲ့အခါ ဘုရားစေတီ ပုထိုးအချို့မှာ ရေကြီးတာတွေရှိခဲ့သလို ထိခိုက်ပျက်စီးတဲ့ဘုရားတွေလည်းရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ပုဂံညောင်ဦး #ဘုရား၄ဆူထိခိုက်ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW