ဆန် နဲ့ စပါး သိုလှောင်မယ်ဆိုရင် မှတ်ပုံတင်ရတော့မယ်လို့ ထုတ်ပြန်ထား

မေ ၁၆ – ၂၀၂၃
GG (VOM)

ဆန် အိတ်ရေ ၁၀၀၀ ( တန်ချိန် ၅၀)နဲ့ စပါးတင်းအရေအတွက် ၅၀၀၀ နဲ့အထက် သိုလှောင်မယ်ဆိုရင် မှတ်ပုံတင်ရတော့မှာဖြစ်တယ်လို့ သိရပါတယ် ။

ဆန်နဲ့စပါးသိုလှောင်မှုအတွက်မှတ်ပုံတင် ဖို့နဲ့ မှတ်ပုံတင်မှုရှိမရှိကို စစ်ဆေးကြပ်မတ်နိုင်ဖို့အတွက် ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၉ ရက်နေ့ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။

အခုလို လုပ်ငန်းရှင်တွေ သိုလှောင်မယ့် ဆန်နဲ့ စပါး ပမာဏကို တင်ပြပြီး မှတ်ပုံတင် လျှောက်ရမယ့်ကိစ္စဟာ ကုန်သည်တွေအတွက်တော့ အဆင်မပြေကြောင်း နဲ့ လုပ်ငန်းတွေ နှောင့်နှေးသွားနိုင်တယ်လို့သိရပါတယ်။

” ဘယ်လိုမှအဆင်မပြေပါဘူး။ ကိုယ်လှောင်မယ့်ပမာဏကို တင်ပြရအုံးမယ်။တကယ်က သူတို့က ဆန်စက်တွေမှာ စပါးဘယ်လောက်လှောင်ထားတယ်ဆိုတာ၊ ဆန်ကုန်သည်တွေမှာ ဆန်တွေဘယ်လောက်လှောင်ထားတယ်ဆိုတဲ့ အရေအတွက်ကို သိချင်လို့ လုပ်တဲ့သဘောပဲ ။ကုန်သည်တွေကတော့ အလုပ်လုပ်ရတာ လွတ်လွတ်လပ်လပ်မရှိတော့ဘူးပေါ့။အချိန်တွေလည်းကြာတာပေါ့ ။သူတို့ကတော့ ဆန်စက်တွေ၊ ဆန်ရောင်းဝယ်ရေးတွေက ဆန်နဲ့စပါး သိုလှောင်ပြီး စျေးတက်မှရောင်းတယ်ဆိုပြီးထင်တာပါ။တကယ်တမ်းက အဲ့ဒီလိုစျေးကစားလို့လည်းမရပါဘူး “လို့ ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။

အရင်က ဆန် နဲ့ စပါးကို သိုလှောင်မယ်ဆိုပါက မည်သည့်ဌာနကိုမှ စာရင်းတင်ပြစရာမလိုသလို မှတ်ပုံတင်လျှောက်ထားရတာမျိုးလည်းမရှိခဲ့ဘူးလို့သိရပါတယ်။

” အရင်က ပွဲရုံတွေမှာ ဆန်ဘယ်လောက်လှောင်လှောင်၊ဆန်စက်တွေမှာ စပါးဘယ်လောက်လှောင်လှောင် ဘာမှမထုတ်ပြန်ဘူး၊တင်ပြစရာလည်းမလိုဘူး။အခုတော့ ဗဟိုအဖွဲ့အစည်း ဖွဲ့ထားတယ်၊ပြီးရင် တိုင်းနဲ့ပြည်နယ် မြို့နယ်အဆင့် ဖွဲ့မယ်၊ အဲ့ဒီမှာ လျှောက်လွှာတင်ရမယ်၊ ကိုယ်လှောင်ရမယ့်ပမာဏကိုပေါ့။” လို့ နောက်ထပ် နယ်စပ်ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။

စီးပွားကူးသန်းဌာနကတော့ ခုလိုအဖွဲ့ ဖွဲ့လိုက်တာဟာ ဆန်နဲ့စပါးကို အမြတ်များများ ရလိုမှုနဲ သမားရိုးကျ ရောင်းဝယ်ခြင်း မဟုတ်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေမှုကို ထိန်းကျောင်းနိုင်ဖို့ ၊ဆန်စပါးလုပ်ကိုင်နေသူတွေ ဝန်ထုပ်ဝန်ပိုးနဲ့ အန္တရာယ်မဖြစ်စေဘဲ လုပ်ငန်း ဆောင်ရွက်နိုင်ဖို့၊ ဆန်စပါးသိုလှောင်မှု အခြေအနေကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

အကယ်၍ ကန့်သတ်ပမာဏ သိုလှောင်ခြင်းအတွက် မှတ်ပုံမတင်ပါက ဥပဒေနှင့်အညီ အရေးယူခံရမှာဖြစ်တယ်လို့ သိရပါတယ် ။

မှတ်ပုံတင်လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ICT နဲ့Digital နည်းပညာကို အသုံးပြုပြီး အွန်လိုင်းကနေ မှတ်ပုံတင်ခြင်း (Online Registration) စနစ် ကျင့်သုံးဖို့ စီစဥ်နေပြီး မှတ်ပုံတင်လုပ်ငန်း ထိရောက်စေဖို့ကိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနက တဆင့် ကြပ်မတ်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဆန်စျေးက အနိမ့်ဆုံး ဆန်တစ်အိတ်ကို ၆၀၀၀၀ ကျပ်ကနေ ၁၃၀၀၀၀ ကျပ် အထိရှိနေပြီး စပါးစျေးက တင်း ၁၀၀ ကို ၁၃ သိန်းကနေ သိန်း ၂၀ ကျော်အထိ အမြင့်ဆုံးရှိနေပါတယ်။

အဆိုပါ စပါးစျေးနူန်းဟာ တောင်သူတွေအတွက်တော့ ခေတ်ကာလအရ ဖြစ်ပေါ်နေတဲ့ မြင့်တက်နေတဲ့ စရိတ်တွေကြောင့် တွက်ချေကိုက်ပြီး အရင်းမရှုံးတဲ့ စျေးတန်း အခြေအနေတစ်ခုမှာသာ ရှိတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဆန်စပါးသိုလှောင်ရင် #မှတ်ပုံတင်ရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW