ထိုင်းပြည်သူများ၏ နိုင်ငံရေး ရေချိန် (သို့မဟုတ်) အာဏာရှင်နိုင်ငံရေး တခန်းရပ်ဇာတ်သိမ်း

မျိုးဆက်(VOM)

ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တခုနီးပါးကြာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အဆုံးသတ်ရန်အချိန်ကား ရွေးကောက်ပွဲတွင် အတိုက်အခံ Move Forward(ရှေ့သို့) ပါတီနှင့် အတိုက်အခံပါတီများ၏ အနိုင်ရလဒ်နှင့်အတူ အချိန်များစွာမကျန်တော့ချေ။

အာဏာသိမ်းမှုကိုဦးဆောင်ခဲ့သည့် လက်ရှိ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကဲ့သို့ စစ်တပ်မဟာမိတ် ပါတီများမှာလည်း ရွေးကောက်ပွဲတွင် ခွက်ခွက်လန်အောင်ရှုံးနိမ့်ခဲ့ပြီး ထိုင်းပြည်သူများ၏ နိုင်ငံရေးရေချိန်ကို ပြသခဲ့သည့် ရွေးကောက်ပွဲလည်းဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲဆန္ဒမဲများကို ၉၉ ရာခိုင်နှုန်းထိ ရေတွက်ပြီးချိန်မှာ Move Forward (ရှေ့သို့)ပါတီနှင့် ဖြုတ်ချခံရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူဦးဆောင်တဲ့ ဖြူထိုင်းပါတီတို့သည် အောက်လွှတ်တော်အမတ်နေရာပေါင်း ၅၀၀ အနက် ၂၈၀ ကျော်ထိ ရရှိထားပါတယ်။

ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှေ့သို့ပါတီသည် အမတ်နေရာ ၁၄၇ နေရာရရှိခဲ့ပြီး ဖြူထိုင်းပါတီက ၁၃၈ ရရှိထားကာ အစိုးရဖွဲ့ရေးအတွက် အတိုက်အခံပါတီများနှင့် ပူပေါင်းလိုက်ပါက ပါတီခေါင်းဆောင်ဖြစ်သူ ပီတလင်ဂျာရိုအန်ရက်သည် ၀န်ကြီးချုပ်သစ်ဖြစ်လာမည်ဖြစ်သည်။

ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်ဆင်ပြောင်းလဲလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ၀န်ကြီးချုပ်သစ်ခန့်အပ်ရေးနှင့် အစိုးရသစ်ဖွဲ့စည်းရေးတွင် စစ်တပ်ကပါ၀င်ပတ်သက်ခွင့်ရှိနေဦးမည်ဖြစ်ပြီး ယင်းအချက်အပေါ် အတိုက်အခံများနှင့် နိုင်ငံရေးအကဲခတ်များက စိုးရိမ်ပူပန်နေကြပါတယ်။

သို့သော် ရှေ့သို့ပါတီအကြီးအကဲ ပီတကမူ လက်ရှိရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲမည့်မည်သည့်လုပ်ရပ်မဆို အလျော်အစားကြီးလိမ့်မည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။ ထိုင်းနိုင်ငံရေးကို ပြုပြင်ပြောင်းလဲရန် လက်တကမ်းအလိုတွင်ရှိနေသည့် ပီတသည်အသက် ၄၂ နှစ်အရွယ် လူငယ်စီးပွားရေးသမား ပညာတတ်တဦးဖြစ်ပြီး ထိုင်းလူငယ်ထု၏ ထောက်ခံမှုကို အကြီးအကျယ်ရရှိခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ပီတသည်၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကိုဦးဆောင်ခဲ့သည့် လက်ရှိ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာထက် နှစ် ၃၀ နီးပါးငယ်ရွယ်သူဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှမွေးဖွားခဲ့သေည်လည်း နယူးဇီလန်တွင်ကြီးပြင်းခဲ့သည့် ပီတသည် ဟားဗက်တက္ကသိုလ်၊ မက်ဆာချူးဆက်တက္ကသိုလ်နှင့် ဘန်ကောက်ရှိ သမာဆက်တက္ကသိုလ်ကနေ စီးပွားရေးစီမံခန့်ခွဲမှု၊ ပြည့်သူမူဝါဒဆိုင်ရာ ဘွဲ့တွေရရှိခဲ့သူဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ထိုင်းပါလီမန်၏ လွှတ်တော်အမတ်ဖြစ်မလာမီတွင် သူ့ဖခင်၏ကုမ္ပဏီကို ဦးဆောင်ခဲ့ပြီး ထိုင်းက Grab ကုမ္ပဏီရုံးခွဲအကြီးအကဲအဖြစ်လည်းကောင်း၊ Boston Consulting Group မှာ အတိုင်ပင်ခံအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ရှေ့သို့ပါတီရဲ့ အကြီးအကဲအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံရေးကို ပြုပြင်ပြောင်းလဲရန် အခွင့်ကြုံလာသည့် ပီတသည် ဆယ်စုနှစ်များစွာ စီးပွားရေးတိုးတက်မှုနှေးကွေးနေသည့် ထိုင်းနိုင်ငံကိုပြုပြင်ပြောင်းလဲဖို့ ကတိတွေပြုထားပါတယ်။

၎င်း၏ အဓိကအစီအစဉ်သုံးရပ်က စိတ်၀င်စားဖွယ်ဖြစ်ပြီး စစ်ကင်းမဲ့ရမည်၊ လက်ဝါးကြီးအုပ်မှု ကင်းစင်ရေးနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရန်တို့ဖြစ်ပါတယ်။

ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးရေးများကတည်းက ရှေ့သို့ပါတီ၏မူဝါဒများအပေါ် လူငယ်ထု၏ ထောက်ခံမှုများစွာရရှိသော်လည်း စစ်တပ်နှင့် ဘုရင်စနစ်ကို ထောက်ခံသူများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ သတ်မှတ်ချက်များရှိနေသော်လည်း အကယ်၍ ပီတသည် ထိုင်း၀န်ကြီးချုပ်သစ်ဖြစ်လာရန် လုံလောက်သည့်ထောက်ခံမှုရရှိပါက ထိုင်းနိုင်ငံရေးတွင် ဆယ်စုနှစ်နီးပါးကြာ စစ်တပ်၏ ပါ၀င်ပတ်သက်မှုကို အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။

ထို့ပြင် ဒေသတွင်း၌ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီအရေးရပ်တည်ချက်များကို ပြန်လည်ပြုပြင်ပြောင်းလဲနိုင် မည်ဖြစ်ကာ လစ်ဘရယ်သမား ခေတ်ပညာတတ်ဖြစ်သော ၀န်ကြီးချုပ်သစ်အနေဖြင့် တရုတ်နိုင်ငံ၏ ဒေသတွင်းသြဇာလွှမ်းမိုးမှုကို ဆန့်ကျင်ပြီး အမေရိကန်နှင့် ဆက်ဆံရေးတိုးမြှင့်လာဖွယ်ရှိနေပါတယ်။

ရှေ့သို့ပါတီနှင့် အခြားအတိုက်အခံပါတီခြောက်ခုသည် အစိုးရသစ်အတွက် ညွှန့်ပေါင်းဖွဲ့ရန်သဘောတူထားပြီး ၀န်ကြီးချုပ်တာ၀န်ယူရန် အဆင်သင့်ဖြစ်ပြီဟု ရှေ့သို့ပါတီအကြီးအကဲ ပီတကပြောပါတယ်။

စစ်တပ်အပါအ၀င် အာဏာရအဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးရန်ကြိုးစားလာနိုင်ခြင်းအပေါ် စိုးရိမ်မှုများရှိနေသော်လည်း ထိုင်းပြည်သူများက ထိုသို့ဖြစ်ရန်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ၎င်းကပြောပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရှေ့သို့ပါတီအကြီးအကဲ ပီတကတော့ “ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်မပူပါဘူး။ ဒါပေမယ့် သတိလက်လွတ်လည်း နေမှာမဟုတ်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုထားပြီး အာဏာရှင်ဆန်ဆန်ထိုင်းနိုင်ငံရေး၏ အချိုးအကွေ့အလှည့်အပြောင်းကား တခန်းရပ်ဆန်ဆန် ပြည်ဖုံးကားချ ဇာတ်သိမ်းသွားဖွယ်ရှိနေပါတော့တယ်။

Ref:Washington Post
Photo: AFP
#voiceofmyanmar #VOM #ထိုင်း #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW