ကပ်ရောဂါဆိုင်ရာစည်းမျဉ်း သက်တမ်းကုန်၍ အမေရိကန်-မက္ကစီကိုနယ်စပ်အနီး ရွှေ့ပြောင်းနေထိုင်သူ ၆ သောင်းခန့်အထိ စုပြုံစောင့်ဆိုင်းနေ

မေ ၁၇ -၂၀၂၃

ဘိုင်ဒန်အစိုးရက ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းအမှတ် ၄၂ ကို အဆုံးသတ်လိုက်သဖြင့် ခန့်မှန်းခြေရွှေ့ပြောင်းနေထိုင်သူ ၆ သောင်းခန့်သည် အမေရိကန်-မက္ကစီကိုနယ်စပ်အနီး စောင့်ဆိုင်းနေကြကြောင်း CBS News ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါကန့်သတ်ချက်စည်းမျဉ်းအရ ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကို နှင်ထုတ်ရန် အာဏာပိုင်များခွင့်ပြုထားကြောင်း၊ ယခုအခါ စည်းမျဉ်းချမှတ်ထားသည့် ကာလကုန်ဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက CBS News သို့ မေလ ၁၁ ရက်မှာ ပြောကြားခဲ့သည်။

မိမိတို့ဌာနအနေဖြင့် အမေရိကန်-မက္ကစီကိုနယ်စပ်အနီး မက္ကစီကိုနိုင်ငံဘက်ခြမ်းတွင် ရွှေ့ပြောင်းနေထိုင်သူ သောင်းဂဏန်းမျှ စောင့်ဆိုင်းနေချိန် မေလ ၁၁ ရက်၊ ညသန်းခေါင်ယံတွင် ကန့်သတ်စည်းမျဉ်းသက်တမ်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း နယ်ခြားစောင့်တပ်အကြီးအကဲ ရောလ်အော်တစ်က ပြောသည်။

“ကျနော်တို့ဟာ ရွှေ့ပြောင်းနေထိုင်သူ ၆ သောင်းလောက်ကို နယ်စပ်မျဉ်းတဝိုက်မှာ ကိုင်တွယ်ဖြေရှင်းနေရပါတယ်။ ဒါတွေကိုဖြေရှင်းကို ကျနော်တို့ တတ်နိုင်သမျှ အာရုံစိုက်လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နယ်ခြားစောင့်တာဝန်ယူထားသူများသည် ယခုသီတင်းပတ်အတွင်း အချို့ရက်များ၌ နေ့စဉ် ရွှေ့ပြောင်းလာသူ ၁ သောင်းခန့်အထိ တိုးလာခြင်းကို ကိုင်တွယ်ဖြေရှင်းနေရသည်။

မေလ ၁၁ ရက်အထိ ရွှေ့ပြောင်းနေထိုင်သူ ၂ သောင်းခွဲနီးပါးမှာ နယ်ခြားစောင့်လုံခြုံရေးအဆောက်အဦအနီး ရွက်ဖျင်တဲများ ထိုး၍ စောင့်ဆိုင်းနေကြကြောင်း ရောလ်အော်တစ်က ဆက်လက်ပြောကြားခဲ့သည်။

လူမှုကွန်ရက်မီဒီယာများတွင် အမေရိကန်မူဝါဒနှင့်ပတ်သက်၍ သတင်းအမှားများကို ဖြန့်ဝေခြင်းဖြင့် ရွှေ့ပြောင်းဝင်ရောက်လာသူများ နယ်စပ်သို့ သိသိသာသာ တိုးလာခဲ့ကြောင်း အော်တစ်က မှတ်ယူထားသည်။

ကန့်သတ်စည်းမျဉ်းအမှတ် ၄၂ သက်တမ်းကုန်ခြင်းကြောင့် လတ်တလော အပြောင်းအလဲဖြစ်မှာမဟုတ်ကြောင်း၊ မေလ ၁၀ ရက်မှာ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၉ ရာခိုင်နှုန်းကိုသာ ပြည်သူ့ကျန်းမာရေးအမိန့်အရ နှင်ထုတ်ခဲ့ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

စင်စစ်အားဖြင့် ဘိုင်ဒန်အစိုးရသည် စည်းမျဉ်းအမှတ် ၄၂ ကို သက်တမ်းကုန်ဆုံးပြီးနောက်တွင်လည်း ရွှေ့ပြောင်းနေထိုင်လိုသူများအတွက် တရားဝင် ဝင်ရောက်ခွင့်အရည်အချင်းပြည့်မီရေးမှာ ပိုမိုခက်ခဲစေခဲ့သည်။

အရည်အချင်းပြည့်မီကြောင်း အထောက်အထားမပြသနိုင်သူများအနေဖြင့် ၎င်းတို့မိခင်နိုင်ငံ (သို့မဟုတ်) မက္ကစီကိုနိုင်ငံထဲသို့ ပြည်နှင်ဒဏ်အပြင် အမေရိကန်မှ ၅ နှစ်အထိ နှင်ထုတ်ခံရနိုင်ကြောင်း သိရသည်။

https://www.cbsnews.com/news/title-42-expiration-60000-migrants-us-mexico-border-patrol-raul-ortiz

https://www.cbsnews.com/news/title-42-expiration-60000-migrants-us-mexico-border-patrol-raul-ortiz

#voiceofmyanmar #VOM #နိုင်ငံတကာသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW