အိမ်ဆောက်ပစ္စည်းဈေးနှုန်း အဆမတန်မြင့်တက်လာတာကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့သူတွေ အခက်အခဲဖြစ်နေ

မေ၊၁၈-၂၀၂၃
MM(VOM)

`မိုခါ´မုန်တိုင်း အဓိကဝင်ရောက် တိုက်ခတ်သွားတဲ့ရခိုင်ပြည်နယ် အပါအဝင်မြို့နယ် တိုင်းနဲ့ ပြည်နယ်တွေမှာ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေ အဆမ တန်မြင့်တက်နေတာကြောင့် နေအိမ်တွေပြုပြင်ပြန်လည်တည်ဆောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ရခိုင်ပြည်နယ်က ဒေသခံတွေဆီကနေ သိရပါတယ်။

”အရင်ထက် တော်တော်လေး ဈေးထိုးတက်သွားတာ၊သွပ်ဈေးဆိုရင် အရင်က တစ်ပေ ၂၄၀၀ လောက်ပဲရှိတာ၊ အခု ၅၀၀၀ ကျော်သွားပြီ၊ ဓနိချပ်ဆိုလည်း အရင်က အပြစ် ၁၀၀ ကို ၇၅၀၀ ၊ အခုကျတော့ ၁၅၀၀၀ အထိ တဟုန်ထိုးကို ထိုးတက်လာတာ၊ သွက်ရိုက်တဲ့ သံကလည်း တစ်ပိသာ အရင်က ၇၅၀၀ ပဲရှိတာ၊ အခုက ၁၃၅၀၀ တဲ့၊ ဒါတောင် လိုသလောက်ဝယ်မရဘူးဖြစ်နေတယ် ၊စီးပွားရေး သမားတွေကလည်း ဘယ်သူသေသေ ဘယ်သူဒုက္ခရောက်ရောက် ကိုယ့်အတွက်ပဲကိုယ်ကြည့်နေကြတယ်၊ ရခိုင်မှာဆို ဒုက္ခမရောက်တဲ့ အိမ်ထောင်စု ဆိုတာ မရှိသလောက်ဘဲ ၊ သက်ဆိုင်ရာလူကြီးတွေက ဒီအခြေအနေကို ဒီအတိုင်းမထားဘဲ အချိန်မီထိန်းကြောင်းကြပ်မတ်စေချင်တယ်။”လို့ ရခိုင်ပြည်နယ်က ဒေသခံတယောက် ကပြောပါတယ်။

`မိုခါ´မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် ၊ မန္တလေးတိုင်း ၊ဧရာဝတီ တိုင်း ၊ ရှမ်းပြည်နယ် ၊ ရန်ကုန်တိုင်း ၊ကချင်ပြည်နယ် ၊ နေပြည်တော် ၊ မွန်ပြည်နယ် ၊ ကယားပြည်နယ် ၊ ကရင် ပြည်နယ်တွေမှာ လူတွေသေဆုံးတာ ထိခိုက်ဒဏ်ရာတွေ ရရှိတာ၊ အဆောက်အဦးတွေပျက်စီးတာတွေဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ကူညီကယ်ဆယ်ရေးတွေ၊ ထောက်ပံ့မှုတွေကို သက်ဆိုင်ရာဌာနတွေ၊အဖွဲ့အစည်းတွေကပူးဆောင်ရွက်ပေးနေပြီလို့လည်း သိရပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေများတာကြောင့် ဒေသခံတွေ အတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ များစွာခက်ခဲနေပြီး အိမ်ဆောက်ပစ္စည်းတွေဈေးနှုန်းမြင့်တက်လာတဲ့ကိစ္စကလည်း မုန်တိုင်းဒဏ် ခံရပြီးနောက် တစ်ပူပေါ် နှစ်ပူဆင့် ခံစားနေရတာကြောင့် အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

”ထောက်ပံ့တာတွေရှိပေမယ့်လည်း ပျက်စီးတာတွေက များနေတော့ လိုအပ်ချက်တွေများနေတယ်၊ အပျက်အစီး နည်းတဲ့ နေပြည်တော်ဘက်က တချို့အဆင်ပြေသူတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ အိမ်လေးတွေ အဆောက်အအုံတွေကို နိုင်သလောက် ပြန်လည်ပြင်ဆင်နေကြတယ်၊ ဒါ့ပေမယ့် တောရွာတွေ၊စစ်ဘေးရှောင်စခန်းတွေအတွက် စားစရာအပြင် နေစရာပါ အခက်အခဲတွေရှိနေတယ်။”လို့ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

`မိုခါ´မုန်တိုင်းကြောင့် မေလ ၁၅ ရက် ညနေပိုင်း အထိ သေဆုံးသူ ၂၁ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုတို့မှာ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနဲ့ သေဆုံးမှုမှာ ရပ်ကွက်/ ကျေးရွာ ၇၆၉ ရွာက လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ ၊ ဓာတ်မီး တိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းအရသိရပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုနဲ့ချင်းပြည်နယ်က မြို့နယ် ၄ မြို့နယ်ကို မေလ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် နစက က သတ်မှတ်ကြေညာထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုန်တိုင်းဒဏ်သင့် #ပြန်လည်တည်ဆောက်ရေး #အိမ်ဆောက်ပစ္စည်းစျေးမြင့်တက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW