ရန်ကုန်နဲ့ ပဲခူးအနောက်ခြမ်းမှာ အုပ်ချုပ်ရေးအဖွဲ့ ဝင်တွေ ပစ်ခတ်ခံရပြီး ၃ ယောက်သေ၊ ၃ ယောက်ထက်မနည်းဒဏ်ရာရ

မေ ၂၂ – ၂၀၂၃
GG(VOM)

ရန်ကုန် နဲ့ ပဲခူးတိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရာအိမ်မှူး ၂ ယောက်နဲ့ အမျိုးသမီးတစ်ယောက် သေဆုံးကာ နောက်ထပ် ၃ယောက်မှာလည်း ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်းက ၊ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာက ရာအိမ်မှူးဖြစ်သူ ဦးသန်းနိုင်(ခ)နိုင်ကြီးဆိုသူကို ဒီနေ့ မေလ ၂၂ ရက်နေ့မှာ အမည်မသိအမျိုးသား ၃ ယောက်က သေနတ်နဲ့လာရောက်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ မနေ့ မေလ ၂၁ ရက်နေ့ ညပိုင်းက ၊ သာယာဝတီမြို့နယ် ၊ သုံးဆယ်​မြို့၊ ရွာသစ်ကုန်းကျေးရွာမှာလည်း ရာအိမ်မှူးဖြစ်သူ ဦးသန်းထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စိန်ရီမြင့် တို့ကို အမည်မသိအမျိုးသားတစ်စုက နေအိမ်အထိ သေနတ်နဲ့လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ရာအိမ်မှူးမှာ သေနတ် ၄ ချက်မှန်တယ်၊ သူ့မိန်းမလည်း သေနတ် ၄ ချက်ထိတယ်။နှစ်ယောက်လုံးသေပါတယ်။မနေ့က ၈ နာရီကျော်လောက်မှာပဲ သူတို့အိမ်အထိ လာပစ်သွားတာ၊လာပစ်တာ ဆိုင်ကယ်နဲ့ ၂ ယောက်လို့သိရတယ် “လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

နောက်ပြီး ရန်ကုန်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၈၈)ရပ်ကွက်မှာလည်း ဒီနေ့ မေလ ၂၂ ရက်နေ့ မနက်ပိုင်းက ၈၈ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကို အမည်မသိလူတစုက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

” အုပ်ချုပ်ရေးမှူးအဖွဲ့ ၇ ယောက် ဘုန်းကြီးကျောင်းကပြန်ထွက်လာချိန် ဆေးခန်းရှေ့မှာ လာပစ်သွားတာ။ ပစ်တာ ဆိုင်ကယ်ဘေးတွဲနဲ့ ၅ ယောက်လို့တော့သိရတယ်။ အုပ်ကြီးဦးဘိုတောက်နဲ့ နောက်ထပ်၂ယောက်ကတော့ စိုးရိမ်ရတယ်။ ” လို့ ဒဂုံဆိပ်ကမ်းမြို့နယ် နေထိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ပစ်ခတ်သတ်ဖြတ်သူတွေကို ဖမ်းဆီးရမိတာမရှိသေးကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေတာတွေလုပ်နေတယ်လို့ သိရပါတယ်။

အရင်ကလည်း ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အသတ်ခံရတာ၊ပစ်ခတ်ခံရလို့ထိခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW