ကန့်ဘလူမြို့နယ်မှာ ပြည်သူ့စစ် ၂ ဦး အသတ်ခံရ

မေ ၊ ၂၂ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ချပ်သင်းတိုက်နယ်နဲ့ ကန့်ဘလူအကြား လမ်းမှာ မနေ့ မေ ၂၁ ရက် မနက်ပိုင်းက ပြည်သူ့စစ် ၂ ဦး အသတ်ခံရတယ်လို့ ချပ်သင်းတိုက်နယ်မှာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။

” အသတ်ခံရတဲ့ ၂ ယောက်က လူငယ်လေးတွေဖြစ်တယ် ၊ ချပ်သင်းတိုက်နယ် ၊ တင်မော်အုပ်စု ၊ တင်မော်ကျေးရွာမှာနေတဲ့ ဦးမင်းမင်းရဲ့သား မောင်လှိုင်မင်းကို အသက် ၂၀ နှစ်နဲ့ ဦးမောင်နိုင်ရဲ့သား မောင်မင်းဖြိုးအောင် ၂၁ နှစ်တို့ဖြစ်တယ် ၊ သူတို့ ၂ ယောက်ဟာ မနေ့ မနက်က ၊ ရွာကနေ ကန့်ဘလူမြို့ကိုအသွား လမ်းမှာ အသတ်ခံရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အသတ်ခံရတဲ့ လူငယ် ၂ ဦးက ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ကနဦးသိရတယ်၊ ကျူးလွန်သူတွေကို အမှုဖွင့်အရေးယူသွားမှာပါ “လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကလည်း ချပ်ကြီးကျေးရွာမှာ ၂ ဘက် ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်ပြီး ကျေးရွာနေ ပြည်သူ ၁၂ ဦးသေဆုံးပြီး ၊ ၄ ဦး ထိခိုက် ဒဏ်ရာရကာ လူနေအိမ် ၁၅၀ ကျော် မီးလောင်တာ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း ကန့်ဘလူမြို့နယ် ၊ ပေါက်ကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး ရွာခံပြည်သူ ၉ ဦးသေဆုံးကာ ၊ လူနေအိမ် ၇၀ ကျော် မီးလောင်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ကန့်ဘလူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၁ လအတွင်း ၂ ဘက်တိုက်ပွဲတွေကြောင့် လူနေအိမ် ၃၀၀ ထက်မနည်း မီးလောင်ပြီး လူ ၂၀ ကျော်သေဆုံးကာ ၊ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW