စစ်ကိုင်းတိုင်းထဲက မီးဘေးသင့်ခဲ့ရတဲ့ ကျေးရွာပေါင်း ၃၀၀ ကျော်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးဖို့ လိုအပ်နေ

မေ ၊ ၂၀ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်းထဲက မီးဘေးသင့်ခဲ့ရတဲ့ ကျေးရွာတွေဟာ အခုချိန်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ မလုပ်နိုင်သေးတာကြောင့် လာမယ့် မိုးရာသီမှာ မီးဘေးသင့် ပြည်သူတွေအဖို့ တည်းခိုနေထိုင်ရေးအတွက် အခက်တွေ့နိုင်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၂ ၊ ဇန်နဝါရီလကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၁ နှစ်တာကာလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်ပေါင်း ၂၂ မြို့နယ် ၊ ကျေးရွာပေါင်း တစ်ရာကျော်မှာရှိတဲ့ လူနေအိမ် ၂ သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ် “လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့ဝင် ၊ မီးဘေးသင့်သူတွေကို ကူညီပေးနေတဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုတွေကို ဒေသခံပရဟိတသမားတွေက သူတို့လက်လှမ်းမှီသလောက် စာရင်းပြုစုထားတာနဲ့ ပတ်သက်လို့

” ရေဦးမြို့နယ်မှာ ၊ တင်းတိန်ရံ စျေးကြီး အပါအဝင် အဆောက်ဦး အဆောက်ဦးပေါင်း ၁၃၄၆ လုံး ၊ ဒီပဲယင်းမြို့နယ်မှာ လူနေအိမ် ၂၈၆၂ လုံး ၊ ဝက်လက်မြို့နယ်မှာ ၁၂၅၅ လုံး ၊ ရွှေဘိုမြို့နယ်မှာ ၃၅၂ လုံး ၊ ကန့်ဘလူမြို့နယ်မှာ ၁၂၆၀ လုံး ၊ ခင်ဦးမြို့နယ်မှာ ၂၁၄၁ လုံး ၊ မြင်းမူမြို့နယ်မှာ ၈၁၇ လုံး ၊ အရာတော်မြို့နယ်မှာ ၉၁၈ လုံး ၊ ပုလဲမြို့နယ်မှာ ၄၆၂ လုံး ၊ မြောင်မြို့နယ်မှာ ၅၁၄ လုံး ၊ ချောင်းဦးမြို့နယ်မှာ ၆၁၈ လုံး ၊ ထီးချိုင့်မြို့နယ်မှာ ၇၁၃ လုံး ၊ အင်းတော်မြို့နယ်မှာ ၂၁၉ လုံး ၊ ကသာမြို့နယ်မှာ ၁၄၄ လုံး ၊ ကလေးမြို့နယ်မှာ ၇၆၂ လုံး ၊ မော်လိုက်မြို့နယ်မှာ ၅၂ လုံး ၊ မုံရွာမြို့နယ်မှာ ၈၉ လုံး ၊ ကနီမြို့နယ်မှာ ၂၁၆ လုံး ၊ မင်းကင်းမြို့နယ်မှာ ၄၁၉ လုံး ၊ ပင်လည်ဘူးမြို့နယ်မှာ ၁၅၂ လုံး ၊ ဗန်းမောက်မြို့နယ်မှာ ၁၆၆ လုံး ၊ ဆားလင်းကြီးမြို့နယ်မှာက ၄၉၆ လုံး ၊ မြို့နယ် ၂၂ မြို့နယ်မှာ ၊ လူနေအိမ် ၂၂၆၂၀ လုံး မီးလောင်ပျက်စီးခဲ့တယ် ၊ အဲ့ဒါ လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ စာရင်းဖြစ်တယ် ၊ မြေပြင်အခြေအနေနဲ့ဆို အနည်းငယ် ကွာဟမှုရှိနိုင်ပြီး ၊ မြေပြင်မှာက ဒီဖြစ်စဥ်တွေထက် ပိုနိုင်တယ် “လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်တွေကြောင့် မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု ၂၅၀၀၀ အထက်မှာ ရှိပြီး မီးဘေးသင့် လူဦရေ အရေအတွက်ဟာ တစ်သိန်းနီးပါးရှိနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက မီးလောင်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ ၂၀၂၂ ထဲမှာ စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့ဘက်ကို နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါ ၊ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာရှိတယ် ၊ ရန်သူ့ဘက်က ဆုတ်ခွာထွက်ပြေးတဲ့အခါ ရွာတွေကို မီးရှို့တာဖြစ်တယ် ၊ အဲ့ဒီလို မီးရှို့ခံရတဲ့ ဖြစ်စဥ်ပေါင်း ၈၀ ကျော်ရှိတယ် ၊ ကျေးရွာပေါင်း တစ်ရာ ကျော်နဲ့ လူနေအိမ် တစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ် ၊ အဲ့ဒီ မီးဘေးသင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေး ကိစ္စမှာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန က ငွေကျပ် ၁၅၇ ၉၆၄ သန်း ၊ တိုင်းဒေသကြီး အစိုးရက ငွေကျပ် ၁၉၀ ၉၆၄ သန်း ၊ နှစ်ရပ်ပေါင်း ငွေကျပ် ၊ ၃၄၈ ၉၄၈ သန်းနဲ့ ကူညီဆောင်ရွက်ထားပေးတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်ပေါင်း ( ၃၄ ) ခု ၊ မြို့ပေါင်း (၅၀ ) နဲ့ မြို့ပြ လူနေရပ်ကွက်ပေါင်း ( ၂၇၁ ) ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ( ၁၇၅၅ ) အုပ်စု အပြင် ကျေးရွာပေါင်း ( ၅၉၉၁) ရွာရှိတယ်လို့ တိုင်း ထွေ/ အုပ်ရုံးနဲ့ နီးစပ်သူဆီက သိရပါတယ်။

အဲ့ဒီလို စစ်ကိုင်းတိုင်းထဲမှာ ကျေးရွာပေါင်း ၅၉၉၁ ရွာ ရှိတဲ့အနက်က ကျေးရွာပေါင်း ၃၀၀ ကျော်ဟာ ရွာလုံးကျွတ်နီးပါး မီးဘေးသင့်ခဲ့ရတာလို့ ဒေသခံတွေဆီက သိရပါတယ်။

” ကျွန်မတို့ရွာဆိုရင် ၃ ကြိမ်ပြန်ပြီး မီးရှို့ခံရတယ် ၊ ပထမ အကြိမ်ရှို့ခံရတဲ့သူတွေက ထန်းရွက်တဲလေးတွေ ထိုးပြီးနေကြတယ် ၊ မကြာဘူး နောက်တကြိမ် မီးရှို့ခံရတော့ အကုန်လုံးပါပြန်ရော ၊ အခုဆိုရင် ထန်းရွက်တဲနဲ့တောင် မနေနိုင်တော့ဘူး ၊ အဲ့ဒါကြောင့် လာမယ့် မိုးရာသီ မရောက်မီ သက်ဆိုင်ရာက ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ စပေးစေချင်တယ် ” လို့ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာမှာနေတဲ့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

Institute for Strategy and Policy – Myanmar (ISP) လူမှုကွန်ရက်မှာပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၂ အောက်တိုဘာ အထိ မြန်မာနိုင်ငံအတွင်းက မြို့နယ်ပေါင်း ၈၁ ခုမှာ ဘာသာရေး အဆောက်အဦးတွေ အပါအဝင် လူနေအိမ် ၃၈၅၆၈ လုံး မီးရှို့ဖျက်ဆီးခံရပြီး ၊ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မကွေးတိုင်း ၊ မြိုင်မြို့နယ်တွေမှာ အဆောက်ဦးပေါင်း ၆၅၉၉ မီးရှို့ဖျက်ဆီးခံရတယ်လို့ ၊ ဖော်ပြထားပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်းကမီးလောင်မှ

Related posts

Leave a Comment

VOM News

FREE
VIEW