စစ်ကိုင်းမြို့နယ်မှာ ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်ပွား

မေ ၊ ၁၉ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်ထဲမှာ မနေ့ မေ၁၈ရက် ညပိုင်းနဲ့ ဒီကနေ့မနက်အစောပိုင်းမှာ လူသတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ရတယ်လို့ စစ်ကိုင်းမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ပထမ လူသတ်မှုဖြစ်စဥ်က စစ်ကိုင်းမြို့နယ် ၊ ညောင်ပင်စဥ်ကျေးရွာမှာ ဖြစ်တယ်၊ သေဆုံးသူတွေကတော့ ဗူးခွံ၊ ပုလင်းခွံ ဝယ်ရောင်းလုပ်ကိုင်သူ ဒေါ်သက်သက်မာ (၄၅) နှစ်နဲ့ သူ့ရဲ့မောင်ဖြစ်သူ ကိုကျော်ဇောဝင်း (၄၃)နှစ်တို့ဖြစ်တယ် ၊ နေအိမ်ထဲမှာ အိပ်ပျော်နေတုန်း ည ၁၀ နာရီဝန်းကျင်လောက်မှာ လူ ၅ ယောက်က သေနတ်နဲ့ ပစ်သတ်သွားတာလို့ ကနဦး သိရတယ် ၊ ညောင်ပင်စဥ်ရွာ လူသတ်မှုဖြစ်ပြီးနောက် အချိန် ၃ နာရီခြားပြီး ၊ ဒီကနေ့မနက် အစောပိုင်း ၁ နာရီဝန်းကျင်မှာ နောက်ထပ် လူသတ်မှာတစ်ခု ထပ်ဖြစ်တယ် ၊ အဲ့ဒီရွာကတော့ ဗြဲတရော်ကျေးရွာမှာဖြစ်တယ်၊ သေဆုံးသူတွေကတော့ ဦးဝင်းပျို (၅၂)နှစ်နဲ့ သူ့မိန်းမ ဒေါ်သီတာ (၅၁)နှစ်တို့ဖြစ်တယ် ၊ သူတို့လင်မယား ၂ ယောက်လည်း အိမ်ထဲမှာ အိပ်ပျော်နေတုန်း လူ ၅ ယောက်ကသေနတ်ပစ်ပြီး ဓားနဲ့ ဝင်ခုတ်လို့သေဆုံးရတာ ဖြစ်တယ် “လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” သေဆုံးသူတွေဟာ ဘာကြောင့် အခုလို သတ်ခံရတယ်ဆိုတာ အမြန်ဆုံး သိရှိနိုင်ဖို့အတွက် အမှုဖွင့်အရေးယူ စစ်ဆေးနေတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၇ ရက် ညပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ် ၊ တူမောင်းကျေးရွာမှာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွားပြီး လင်မယားနှစ်ယောက် သေဆုံးတာ ဖြစ်ခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW