တောင်ငူအကျဥ်းထောင်က ထွက်ပြေးအကျဥ်းသား ၁၀ ယောက်ထဲက ၃ ယောက် ပြန်ဖမ်းမိ

မေ ၁၉ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်း ၊တောင်ငူအကျဥ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဥ်းသား ၁၀ ယောက်ထဲက ၃ ယောက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအကျဥ်းသား ၃ ယောက်ကို မနေ့ မေလ ၁၈ ရက်နေ့ ည ၉ နာရီကျော်လောက်မှာပဲ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းမိသူတွေက ချစ်မင်းသူ ၊ ဇင်ကိုအောင် နဲ့ မခင်မျိုးကြည် ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

” ဟုတ်တယ် ၊ မနေ့ကညက ၃ ယောက်ပြန်မိပါတယ်။အခု ပြန်မိတဲ့သူတွေကို စစ်ဆေးနေတယ် ၊လောလောဆယ် ဒီလောက်ပဲ ပြောလို့ရပါသေးတယ် “လို့ တောင်ငူမြို့နယ်အုပ်ချုပ်ရေးဘက်က အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ ၇ ယောက်ကတော့ သီဟအောင်၊ငြိမ်းချမ်းအောင်၊အောင်ကျော်ဦး၊ဘုန်းညွှန့်ဇော်၊စည်သူသန်းအေး၊တိုးနိုင်ထွန်း၊သန့်စင်တို့ဖြစ်ပြီး လက်နက်အချို့လည်းပါသွားတယ်လို့သိရပါတယ်။

” ပြန်ဖမ်းမိတဲ့အထဲ မိန်းကလေးတစ်ယောက်ပါတယ်။ မနေ့က ၉ နာရီခွဲလောက်မှ မိတာ၊ ကျန်တဲ့သူတွေလည်း သူတို့ တမြို့လုံးခုထိရှာနေကြတုန်းပဲ ” လို့ ထောင်အနီးတစ်ဝိုက်နေထိုင်သူတစ်ဦးကပြောပါတယ်။

တောင်ငူအကျဥ်းထောင်မှာ မနေ့ မေလ ၁၈ ရက်နေ့၊ နေ့လယ် ၃ နာရီလောက်က အချုပ်သားတွေကိုရုံးထုတ်စစ်ဆေးစဥ် အချုပ်သားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီကနေ သေနတ်ကိုလုကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး အကျဥ်းသား ၁၀ ယောက်ထွက်ပြေးမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ အပြန်အလှန်ပစ်ခတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ထောင်တပ်ကြပ်မောင်မျိုး သေဆုံးပြီး တပ်ကြပ်ကြီးကျော်မြင့် ဆိုသူမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား ၇ ယောက် ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တောင်ငူ မြို့ထဲမြို့ပြင်တွေမှာ လိုက်လံရှာဖွေနေပြီး မြို့ထဲမှာလည်း စစ်ဆေးမှုတွေ တင်းကြပ်နေတယ်လို့သိရပါတယ်။

#VOM #voiceofmyanmar #တောင်ငူအကျဥ်းထောင် #အချုပ်သားထွက်​ပြေး #သုံးယောက်ပြန်ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW