မုံရွာမြို့က ငွေဇာလှိုင်း စတိုးဆိုင်မှာ လုယက်မှုဖြစ်ပွား

မေ ၊ ၂၃ ၊ ၂၀၂၃
SP (VOM)

စစ်က်ုင်းတိုင်း ၊ မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ပွဲစားတန်းလမ်း ( အရင် ကန်တော်ကြီး အင်း အရှေ့ဘက်ကမ်း) မှာရှိတဲ့ ငွေဇာလှိုင်း စတိုးဆိုင်ဟာ မနေ့ မေ ၂၂ ရက်နေ့လယ်ပိုင်းက လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဘုရားကြီး ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ” ဘုရားကြီးရပ်ကွက် ၊ ပွဲစားတန်းလမ်းက ငွေဇာလှိုင်း စတိုးဆိုင် လုခံရတာပါ ၊ စတိုးဆိုင်ပိုင်ရှင် ဒေါ်အေးခိုင် နဲ့အတူ ဆိုင်ဝန်ထမ်း မိန်းကလေး ၊ လေးငါးယောက် ဆိုင်ထဲမှာ ရှိနေတဲ့အချိန် ၊ ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက်ရောက်လာတယ် ၊ အမျိုးသမီးက ၂ ယောက် ၊ အမျိုးသားက ၂ ယောက်ဖြစ်တယ် ၊ သူတို့လက်ထဲမှာ အရိုးအသွား ၆ လက်မခန့် ဓား ၁ ချောင်းနဲ့ အဝတ်နဲ့ ပတ်ထားတဲ့ ၁၈ လက်မခန့် အရွယ် ( သေနတ်လို့ယူဆရတဲ့)အရာတစ်ခု ကိုင်ဆောင်ပြီး ဆိုင်ထဲကို ပြေးဝင်လာတယ် ၊ အဲ့ဒီနောက် ဆိုင်ဝန်ထမ်းတွေအားလုံး ဝမ်းလျားမှောက်ခိုင်းတယ် ၊ အဲ့ဒီ အချိန်မှာ ကောင်တာငွေ ၈ သိန်းကျော်နဲ့ ဖုန်း ၂ လုံးကိုယူသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ငွေဇာလှိုင်း စတိုးဆိုင်တည်ရှိရာ ဘုရားကြီးရပ်ကွက်နေ ဒေသခံ ပြည်သူတယောက်က ” ဘုရားကြီးရပ်ကွက်ထဲမှာ ဓားပြတိုက် လုယက်ခံရတာ ၇ ကြိမ်ထက်မနည်းရှိတယ် ၊ ဇရပ်ဝိုင်း ဘုရားနားက လပ်ကီး ဆင်နှစ်ကောင် စတိုးဆိုင် ၊ မြို့လယ် မီးပွိုင့်နားက သိန်းတရာ ရွှေဆိုင် ၊ ငွေဇာလှိုင်း စတိုးဆိုင်တွေ အပါအဝင် နေအိမ်တွေမှ ဝင်ရောက် လုယက်ခံရတာတွေ ရှိတယ် ၊ အဲ့ဒါကြောင့် စတိုးဆိုင်တွေ ၊ စျေးဆိုင်တွေ ၊ လျှပ်စစ်ပစ္စည်းဆိုင်တွေ ၊ စက်ပစ္စည်းဆိုင်တွေက ဆိုင်ပေါက်ဖွင့်ပြီး စျေးမရောင်းကျတော့ဘူး ၊ စျေးဝယ်ချင်ရင် လမ်းပေါ်ကနေပဲ အော်ပြီး ဝယ်ရတယ် ” လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ ပြီးခဲ့တဲ့ ဧပြီလကနေ အခုလ မေ ၂၂ ရက်အတွင်း ဓားပြတိုက်လုယက်ခံရသည့် ဖြစ်စဥ်ပေါင်း ၂၀ ကျော်ရှိတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

” ဓားပြတိုက် လုယက်ခံရတာ အများစုဖြစ်တာက သံလမ်းအရှေ့ဘက် လူနေရပ်ကွက်တွေဖြစ်တယ်၊ သလ္လာ ၊ မြဝတီ ၊ ချမ်းမြဝတီ ၊ ပြည်တော်သာ (အက်တော) ၊ ရတနာပုံ ၊ စတဲ့ ရပ်ကွက်တွေမှာ ဖြစ်တယ် ၊ အိမ်တွေထဲကိုဝင်တိုက်တာ ၊ တိုက်တဲ့သူတွေက ကားနဲ့လာပြီး သေနတ်အရှည်တွေရော ၊အတိုတွေပါကိုင်ထားတယ် ” လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဓားပြတိုက်ခံထားရတဲ့ ချမ်းမြဝတီရပ်ကွက်နေ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ် ဓားပြတိုက် လုယက်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ မြို့ခံတယောက်က ” သင်္ကြန်ပြီးမှ တိုက်ခံရတဲ့ ဖြစ်စဥ်ပေါင်း ၂၀ ကျော်ရှိမယ် ၊ မုံရွာတောင် ၊ မြို့ဝင် ၊ အေးသာယာ ၊ နန္ဒဝန် ၊ စက်မှုဇုန် ၊ ချမ်းမြဝတီ ၊ သလ္လာ ၊ မြဝတီ ၊ ရတနာပုံ ၊ အက်တော စတဲ့ ရပ်ကွက်တွေထဲက တရားမဝင် လောင်းကစားလုပ်တဲ့ ဒိုင်အိမ်တွေ တိုက်ခံရတာဖြစ်တယ် ၊ အဲ့ဒီအပြင် လုယက်ခံရတာတွေလည်း ဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဓားပြတိုက် လုယက်ခံရတဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားတယ်လို့တော့ ကြားရတာတွေရှိတယ် ၊ နစ်နာသူ ကာယကံရှင်တွေ ကိုယ်တိုင်က ရဲစခန်းကိုလာပြီး တရားဝင် တိုင်တန်းအမှုဖွင့်တာမျိုး မရှိဘူး ၊ တရားဝင် တိုင်တန်းအမှုဖွင့်ထားတာ ပြီးခဲ့တဲ့ နှစ်ထဲက လေ၊းငါးမှုရှိတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ က မုံရွာမြို့၊ ဘုရားကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ မြို့လယ်မီးပွိုင့်နားက သိန်းတရာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၁၃ ပိသာကျော်ပါသွားခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #မုံရွာ #လုယက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW