မြောက်ဒဂုံမှာ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

မေ ၂၀ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မှာ မနေ့ မေ ၁၉ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ကနေ သိရပါတယ်။

မေလ ၁၉ ရက် ညနေပိုင်း မိုးသည်းထန်စွာရွာသွန်းချိန် မြောက်ဒဂုံမြို့နယ်အတွင်းက ၃၀ ရပ်ကွက်စျေးရှေ့ သစ်ပင်အောက်မှာ စျေးရောင်းနေတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူက ဈေးရောင်းနေရင်းနဲ့ ဖုန်းလေးကိုင်ထားတယ်လို့တော့ သိရပါတယ်။ အဲ့ဒီလို ဖုန်းကိုင်ထားတဲ့အချိန်မှာ လျှပ်စီးရော၊ မိုးကြိုးရော တခါတည်းဝင်ပြီး ပစ်လဲသွားတယ်။ သူဖြစ်တဲ့နေရာ ဘေးမှာ သစ်ပင်တစ်ပင်လည်းရှိတယ်။ အဲ့ဒီ့သစ်ပင်ပါ ကျိုးကျသွားတယ်။ သစ်ပင်ကတော့ မိုးကြိုးထိတာတော့မဟုတ်လောက်ဘူး။ မိုးရွာတဲ့အချိန် လေပါ ပါတာဆိုတော့ လေကြောင့် သစ်ပင် ကျိုးသွားတာဖြစ်နိုင်တယ်” လို့ မြောက်ဒဂုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူးက ပြောပါတယ်။

မိုးကြိုးပစ်ခံသူဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။

“အခင်းဖြစ်တဲ့နေရာကို ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ သူ့ကိုယ်‌က နွေးနေသေးတယ်။ နွေးနေသေးတော့ ကျွန်တော်တို့ CPR (အရေးပေါ်အသက်ကယ် ကုသနည်း) လုပ်ပြီး ပြန်နှိုးပါတယ်။ တစ်ကြိမ်တော့ ပြန်နိုးသွားသေးတယ်။ ဆက်နှိုးရင်း နှိုးရင်းနဲ့ကျ မရတော့ဘူး။ သူ့ခေါင်း ညာဘက်ခြမ်းမှာ ထိထားတယ်၊ ဆံပင်တွေ လုံးနေတာတော့ရှိတယ်” လို့ သူက ပြောပါတယ်။

မေ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အသက် ‌၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး အခုလိုပဲ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း၊ မကွေးမြို့နယ်၊ ဆူးကောက်စမ်းကျေးရွာ မြောက်ဘက်မှာ ညနေခင်း နွားကျောင်းသွားတဲ့ သားအဖ နှစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မိုးကြိုကာလဖြစ်တဲ့ ဧပြီ၊ မေ ၂လတာကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ မိုးကြိုးထိမှန်သူ ၃၀ ကျော်ရှိခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကနေ သိရပါတယ်။

#VOM #voiceofmyanmar #မြောက်ဒဂုံ #မိုးကြိုးပစ် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW