ရခိုင်မှာ မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်းပေါင်း ၂၀၀၀ ကျော်ပျက်စီးခဲ့ပြီး ကျောင်းတွေပြန်ဖွင့်ဖို့ပြင်ဆင်နေ

မေ၊၂၃- ၂၀၂၃
MM(VOM)

`မိုခါ´ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုဖြစ်ပွား ခဲ့တဲ့ ရခိုင်ပြည်နယ်မှာအခြေခံပညာ စာသင်ကျောင်းပေါင်း ထောင်နဲ့ချီပျက်စီးခဲ့တာရှိခဲ့ပြီး ဒါပေမယ့် ကျောင်းတွေကိုတော့ ဖွင့်လှစ်ဖို့ပြင်ဆင်နေတယ်လို့ သက်ဆိုင်ရာက တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ဘင်္ဂလား ပင်လယ်အော်မှာ စတင်ဖြစ်ပွားပြီး ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀၀၀ ကျော် ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

”အခြေခံပညာကျောင်း ၂၀၆၇ ကျောင်းအထိ ပျက်စီးခဲ့တယ်၊ ကျောင်းတွေပျက်စီးခဲ့ပေမယ့်လည်း ကျောင်းကဖွင့်မှာပါ၊ မဖြစ်မနေ ကျောင်းဖွင့်ရမယ်ဆိုတဲ့ မူ သတ်မှတ်ထားတာရှိပါတယ်၊ ပျက်စီးကျောင်းတွေကို အမြန်ဆုံးပြန်လည်ပြုပြင်နေပါတယ်၊ ကျောင်းမဖွင့်ချိန်အမီ ပြီးဖို့သက်ဆိုင် ရာဌာနအဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်နေတယ် ၊ ကလေးတွေရဲ့ ပညာရေးအခွင့် အလမ်းတွေ မဆုံးရှုံးစေဖို့ ပူးပေါင်းလုပ်ဆောင်နေတယ်။”လို့ ရခိုင်ပြည်နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ မေလ ၂၃ ရက်ကစတင်ကာ စတင်ကျောင်းအပ်လက်ခံနေပြီး ကျောင်းဖွင့်ကာလကိုတော့ လာမယ့် ဇွန်လ ၁ ရက်မှာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်မှာဖြစ်ပြီး ကျောင်းအပ်တာလွယ်ပေမယ့် မုန်တိုင်းဒဏ်ခံခဲ့ရတာကြောင့် နေစရာနဲ့ ကျောင်းစရိတ်ကအစ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

”ရခိုင်ပြည်နယ်မှာ ကျောင်းတွေအပျက်အစီးများခဲ့ပေမယ့် အများနည်းတူ ကျောင်းဖွင့်နိုင်ဖို့ သတ်မှတ်ထားတယ်တဲ့၊ ကျောင်းအပ်ဆို အပ်တာကလွယ်တယ်လေ ၊ ဒီအခြေအနေမှာ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသအတွက် သီးခြား အကူအညီ အစီအစဉ်တွေ မရှိဘဲ ဘယ်အဆင်ပြေပါ့မလဲ ၊နေစရာကလည်းမရှိဘူး ၊စားစရာလည်း မရှိဘူး၊သက်ဆိုင်ရာက လတ်တလော ထောက်ပံ့ပေးတာရှိတယ် ၊ ဒါပေမယ့် လိုအပ်ချက်က အရမ်းများနေတာ၊ အခုကျောင်းအပ်တဲ့ကိစ္စမှာ ကျွန်မတို့ကလေးတွေက ၁၂ စနစ်သစ် တန်းတက်ရမယ့် ကလေးတွေပါ ၊ သက်ဆိုင်ရာကအခြားအတန်းတွေကို ထောက်ပံ့ပေးတာ၊ပေးတဲ့ပစ္စည်းတွေက ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်တွေနဲ့ အင်္ကျီတစ်ထည်၊ဘောပင်၊ခဲတံ အဲ့ဒါလေးတွေပါ၊ ဒါကလည်း တစ်ကြိမ်ပဲ ပေးတာ၊ကျောင်းတက်ရာသီတချိန်လုံးက ကိုယ်ပဲရှာရမှာ ၊ အခုက တစ်ပူအပေါ် တစ်ပူဆင့်နေတဲ့အချိန် ကျောင်းတက်ဖို့ထက် နေရေးထိုင်ရေးပြဿနာက ပိုပြီး အပူကြီးနေတယ်။”လို့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

အခု လက်ရှိ ရခိုင်ပြည်နယ်က မြေပုံ၊ စစ်တွေ၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်တွေက မြစ်ကမ်း၊ ချောင်းကမ်းအနီးရှိ ရွာတွေက သောက်သုံး ရေကန်တွေမှာ မိုခါမုန်တိုင်းကြောင့် ဆားငံရေတွေဝင် သွားခဲ့ပြီး ရေကန်တွေပျက်စီးသွားခဲ့တာကြောင့် မသန့်ရှင်း တဲ့သောက်သုံးရေကို သောက်နေရတဲ့ ကလေးငယ်တွေ ဝမ်းပျက် ဝမ်းလျှောရောဂါတွေဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မုန်တိုင်းမဖြစ်ခင် အရင် ပညာသင်နှစ်ကလည်း ရခိုင်ပြည်နယ်မှာ ကျောင်းသား ၊ ကျောင်းသူနဲ့ သင်ကြားပေးတဲ့ဆရာ၊ဆရာမ မညီမျှ တဲ့အတွက် ကျောင်းတချို့မှာ အပြင်ဆရာငှားရမ်းသင်ကြား ရတဲ့ အခြေအနေတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရခိုင် #မုန်တိုင်း #စာသင်ကျောင်း

Related posts

Leave a Comment

VOM News

FREE
VIEW