စာရေးဆရာ ဝေဟင်အောင်နဲ့အဖွဲ့ ပြန်လည် လွတ်မြောက်လာ

မေ ၂၄ – ၂၀၂၃
SN (VOM)

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ငါးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ မေ ၂၄ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ စာရေးဆရာ ဝေဟင်အောင်ရဲ့သမီးနဲ့ သူ့တပည့်တို့ အရင် လွတ်မြောက်လာတာဖြစ်ပြီး မနက် ၁၁ နာရီဝန်းကျင်မှာတော့ စာရေးဆရာ ဝေဟင်အောင်နဲ့ ရန်ကုန်က ပရဟိတသမားနှစ်ယောက် ပြန်လွတ်လာတာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ကိုဖမ်းတာက မုန်တိုင်းသင့် ပြည်သူတွေကို ကူညီနေလို့ ဖမ်းတာမျိုးမဟုတ်ဘူး။ ရန်ကုန်ကလာတဲ့ ပရဟိတကားမှာ သံသယဖြစ်စရာရှိတယ်ဆိုပြီး ဖမ်းတာ။ အခုတော့ အားလုံး ပြန်လွတ်လာပါပြီ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သူတို့ဟာ မနေ့ မေ ၂၃ ရက်က ပုဏ္ဏားကျွန်းမြို့နယ်ကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ဖို့အတွက်အသွား စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

စာရေးဆရာဝေဟင်အောင်ဟာ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းကြောင့်ပျက်စီးခဲ့တဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ စစ်တွေ စတဲ့ မြို့နယ်တွေဆီ သွားရောက် အကူအညီပေးနေသူဖြစ်တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #စာရေးဆရာဝေဟင်အောင် #ပြန်လည်လွတ်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW