လောက်ကိုင်မှာ ဒေသရဲ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၂ ဦး အပါအဝင် လူ ၃ ဦး သေဆုံး ၊ ၃ ဦးဒဏ်ရာရ

မေ ၊ ၂၇ ၊ ၂၀၂၃
SP (VOM)

ရှမ်းပြည်နယ် ၊ ကိုးကန့်ဒေသ ၊ လောက်ကိုင်မြို့ ၊ တုံချိန်နယ်မြေထဲမှာ ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီခွဲဝန်းကျင်က အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပွားပြီး လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဒီကနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ စတင်ပစ်ခတ်သံတွေကြားရတယ် ၊ နာရီဝက်လောက်ကြာတယ် ၊ သေနတ်မှန်တာကြောင့် လူ ၃ ဦးသေ ၊ ၃ ဦးဒဏ်ရာရထားတာရှိတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လောက်ကိုင်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” လောက်ကိုင်မှာက မကြာခဏ ပဋိပက္ခတွေ ဖြစ်တယ် ၊ အဆင်မပြေတာရှိတိုင်းလည်း ပစ်ခတ်တာတွေ ဖြစ်တယ် ၊ ဒီနေ့လည်း သူတို့ အချင်းချင်း ပစ်ခတ်မှုဖြစ်တယ် ၊ ကိုးကန့်ဒေသန္တရ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ တရုတ် လုပ်ငန်းရှင် ၁ ဦး သေတယ် ၊ ပစ်ခတ်မှုကြားမှာ သွားလာနေတဲ့ အမျိုးသား ၂ ဦး ခြေတောက် ကျည်ထိမှန်တယ် ၊ ၁ ယောက်က လက်ကျိုးသွားတယ် “လို့ ပြောပါတယ်။

ဒါအပြင် လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က ” လောက်ကိုင်မှာက မြန်မာနိုင်ငံရဲ ရှိတယ် ၊ နောက်ပြီး ကိုးကန့် ဒေသန္တရ ရဲအဖွဲ့ရှိတယ် ၊ အခုဖြစ်တယ်လို့ ကြားရတာက ဒေသန္တရ ကိုးကန့်ရဲတွေဖြစ်တာ “လို့ ပြောပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၊ လောက်ကိုင်မြို့နယ်ဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး မကြာခဏ လူမှုရေး ပြဿနာနဲ့ စီးပွားရေး ပြဿနာတွေ ဖြစ်ကာ ပစ်ခတ်မှုတွေ ဖြစ်ပွားတတ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #လောက်ကိုင် #ပစ်ခတ်မှု #ရဲသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW