သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အကြမ်းဖက်ပုဒ်မနဲ့ ထောင် ၁၀ နှစ်ထပ်ချခံရ

မေ ၂၅ – ၂၀၂၃
GG + SN (VOM)

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ ကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို သင်္ဃန်းကျွန်းခရိုင်တရားရုံးကနေ ဒီနေ့ မေလ ၂၆ ရက်နေ့မှာ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်ထပ်မံ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

” ဟုတ်တယ် မမှူးကို ဒီနေ့ ထောင် ၁၀ နှစ်ထပ်ချတာပေါ့။အရင်ကလည်း ၃ နှစ်ချခံထားရတော့ ၁၃ နှစ်ဖြစ်သွားတာပေါ့။ အယူခံမဝင်တော့ဘူးလို့ပြောတယ်။သူက ကျန်းမာရေးကလည်းကုသမှုခံနေရတုန်းပဲ ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

တရားရုံးနဲ့ နီးစပ်သူတစ်ဦးက“ဒီညနေမှာ ထပ်တိုးအမိန့်ချလိုက်တာ ဖြစ်ပါတယ်။ ဒါက အပြီးသတ်အမိန့်ပေါ့။ ဒီ့အရင်ကလည်း ပုဒ်မ ၅၀၅-က နဲ့ အမြင့်ဆုံးပြစ်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပြီးပြီဆိုတော့ ပြစ်ဒဏ် စုစုပေါင်း ၁၃ နှစ် ဖြစ်သွားပါပြီ။ အခု အမိန့်အတွက် သူ့အနေနဲ့ အယူခံဝင်ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက မမှူးရတနာခက်မို့မို့ထွန်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( က ) နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။

“အကြမ်းဖက်အဖွဲ့အစည်းကိုထောက်ပံ့တယ်ဆိုပြီး စွဲတာ၊ တကယ်က ဘယ်အကြမ်းဖက်အဖွဲ့အစည်းကို မှ သူကလှူတာမဟုတ်ဘူး။ သက်သေတွေလည်းတရားရုံးမှာထွက်​ထားတယ်။ ဒါပေမယ့် ဒီနေ့ အမိန့်ချလိုက်တယ် “လို့ မမှူးရတနာရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ​ရှေ့နေအသိုင်းအဝိုင်းက ​ပြောပါတယ်။

မမှူးရတနာခက်မို့မို့ထွန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ သတင်းယူနေချိန် ဆန္ဒပြပွဲဖြိုခွဲခံရသူတွေနဲ့ရောပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

မမှူးရတနာခက်မို့မို့ထွန်းဟာ ဖမ်းဆီးခံရစဥ်ကရရှိခဲ့တဲ့ဒဏ်ရာကြောင့် အင်းစိန်ဆေးရုံမှာ ခြေသလုံးရိုးခွဲစိတ်ပြီး စတီးချောင်းအစားထိုးကုသမှုကိုလုပ်ဆောင်ကာ လက်ရှိအချိန်အထိ ဝှီးချဲ၊ ချိုင်းထောက်တွေ အသုံးပြု သွားလာနေရသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမား ၁၀၀ ကျော်ရှိခဲ့ပြီး ပြန်လည် လွတ်မြောက်လာသူတွေလည်း ရှိသလို မြန်မာသတင်းသမား ၄၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ကာ ၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Committee to Protect Journalists (CPJ) က ပြုစုထားတဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #မမှူးရတနာခက်မို့မို့ထွန်း #ထောင်၁၀နှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW