ပုလောမြို့နယ်က မင်းထိန်ရွာမှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ သားအမိနှစ်ဦး သေဆုံး

xဇွန် ၂ – ၂၀၂၃
SN (VOM)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်က မင်းထိန်ရွာနေအိမ်ပေါ် လက်နက်ကြီးကျည်ကျလို့ သားအမိနှစ်ဦး သေဆုံးပြီး မိသားစုဝင်သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဇွန် ၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ပုလောမြို့ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် (၄) လုံး မင်းထိန်ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၉၀ အရွယ် မိခင်ဖြစ်သူနဲ့ အသက် ၅၀ ကျော်အရွယ် သမီးဖြစ်သူတို့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်သံမကြားဘဲနဲ့ လက်နက်ကြီးကျလာတာ။ သားအမိနှစ်ယောက် သေသွားတယ်။ ကျန်တဲ့ သုံးယောက်က ဒဏ်ရာရတယ်။ အခုလိုမျိုး ရွာတွေကို ခဏခဏ လက်နက်ကြီးတွေ ပစ်နေလို့ တချို့ရွာတွေမှာ လူတွေ မရှိကြတော့ဘူး၊ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာမှာ နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆ နှစ်အရွယ် ကလေးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေ ၂၆ ရက်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကာ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုလော #လက်နက်ကြီးကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW