မက္ကဆီကိုမှာ လူသေအလောင်းတွေထည့်ထားတဲ့ အိတ်(၄၅)လုံးကို လျှိုတခုထဲကနေ တွေ့ရှိ

မက္ကဆီကိုစီးတီး၊ ဇွန်-၂-၂၀၂၃
မျိုးဆက်(VOM)

မက္ကဆီကိုနိုင်ငံအနောက်ပိုင်း ဂွါဒါလာဂျာရာမြို့ပြင်မှာရှိတဲ့ လျှိုတခုအတွင်းကနေ လူသေအလောင်းတွေ ထည့်ထားတဲ့ အိတ် ၄၅ လုံးကို အာဏာပိုင်တွေက ဇွန် ၁ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အာဏာပိုင်တွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်က ပျောက်ဆုံးသွားတဲ့ တယ်လီဖုန်းပြန်လည် ဖြေကြားတဲ့ ၀န်ထမ်းခုနှစ်ဦးကို ရှာဖွေမှုတွေပြုလုပ်ခဲ့ရာ အလောင်းထည့်ထားတဲ့ အိတ်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အိတ်တွေထဲမှာ အမျိုးသမီးနဲ့ အမျိုးသားအလောင်းတွေပါ၀င်နေပြီး အလောင်းအရေအတွက် အတိအကျကိုတော့ မသိရှိရသေးပါဘူး။ ခက်ခဲတဲ့ မြေပြင်အနေအထားနဲ့ အလင်းရောင်အားနည်းမှုကြောင့် ရှာဖွေမှုတွေကို ရက်အတန်ကြာ လုပ်ဆောင်ရဖွယ်ရှိပါတယ်။

မီးသတ်တပ်ဖွဲ့၀င်တွေနဲ့ ရဲတပ်ဖွဲ့တို့ဟာ ရဟတ်ယာဉ်တွေနဲ့အတူ အလောင်းတွေကို သယ်ထုတ်ဖို့ လုပ်ဆောင်လျှက်ရှိပြီး အလောင်းအရေအတွက် အတိအကျ၊ ဘယ်သူဘယ်ဝါနဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်သွားမှာဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

မက္ကဆီကိုမှာ လူပျောက်ဆုံးတဲ့ ရာဇ၀တ်မှုတွေမြင့်တက်နေပြီး ၂၀၀၇ ခုနှစ်မှာ မူးယစ်တိုက်ဖျက်ရေးစစ်ပွဲ စတင်ပြီးနောက်ပိုင်း လူတသိန်းကျော်ပျောက်ဆုံးခဲ့ကာ ပျောက်ဆုံးနေသူ လေးပုံ သုံးပုံဟာ အမျိုးသားတွေဖြစ်ပြီး သူတို့ထဲက ငါးပုံ တစ်ပုံဟာ ပျောက်ဆုံးသွားချိန်မှာ အသက် ၁၈ နှစ်အောက်အရွယ်တွေဖြစ်ကြပါတယ်။

Ref:BBC
#voiceofmyanmar #VOM #မက္ကဆီကိုစီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW