မြန်မာ -တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ပြုလုပ်ဖို့ မှောင်ခိုဈေးရှိနေတယ်လို့ သိရ

ဇန် ၂-၂၀၂၃
Shy V(VOM)

မြန်မာ – တရုတ် နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်တွေပြုလုပ်တဲ့ ကံပိုင်တည်၊ မူဆယ်၊ ချင်းရွှေဟော် နယ်စပ်တွေမှာ မှောင်ခိုဈေး သုံး၊ လေးသိန်းကနေ သိန်း လေးဆယ်ကျော်အထိ ဈေးပေါက်နေတယ်လို့ စာအုပ်လုပ်ခဲ့သူတွေဆီက သိရပါတယ်။

တရုတ်ဘက် ပေါက်ရှန်းခရိုင်၊ ထိန်ချုန်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ကံပိုင်တည် နယ်စပ်ဂိတ်မှာတော့ ၁၃/ ကလွဲရင် ကျန်တဲ့ဟာတွေ အကုန်လုပ်လို့ရတယ်လို့ ကံပိုင်တည် နယ်စပ်ဒေသခံ ၁ ဦး ကပြောပါတယ်။

“စာအုပ်အနီ ပေါက်ဈေးက ၄ သိန်းခွဲအထိ ပေါက်နေပါတယ်။ ကံပိုင်တည် ဘက်ကနေ ဝင်ရင် တရုတ်ဘက် ထိန်ချုံးထိပဲ ရတယ်။”လို့ သူက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ရဖို့ ကြိုးစားနေတဲ့ အမျိုးသား ၁ ဦးကလည်း “မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်မှာတော့ ပေါက်ဈေး အမျိုးမျိုးရှိပြီး သုံး၊ လေးသိန်းကနေ သိန်း ၄၀ ကျော်အထိ ဈေး ပေါက်နေတယ်၊ တရုတ်ဘက် အလုပ်သွားလုပ်ဖို့ ပြောပါတယ်။ တစ်ပတ်စောင့်ကို ၄၁ သိန်း။ များလွန်းတယ်။”လို့ ပြောပါတယ်။

အဲဒီလို ပွဲစားနဲ့ စာအုပ်အနီလုပ်တာမှာ ပတ်စ်ပို့ ပုံက ၆ ပုံ သို့မဟုတ် ၁၂ ပုံ၊ မှတ်ပုံတင် မူရင်းရယ်၊ မှတ်ပုံတင် မိတ္တူရယ်၊ အိမ်ထောင်စု ဇယား မိတ္တူရယ် ယူခဲ့ရပါမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပွဲစားတွေနဲ့ လုပ်ထားတဲ့ စာအုပ်တွေဟာ တရားဝင် မဟုတ်လို့ တရုတ်ဘက် ဖမ်းမိရင် အာမမခံချက် မရှိဘူးလို့လည်း နယ်စပ်ဒေသခံတွေက ပြောပါတယ်။

ကံပိုင်တယ်ဘက်မှာ ပြုလုပ်ထားတဲ့ စာအုပ်နဲ့ ရွှေလီဘက်ကို လာလို့ မရသလို မူဆယ် နယ်စပ်ဘက်က စာအုပ်နဲ့လည်း ထိန်ချုန်းဘက်ကို သွားလို့ မရဘူး၊တရုတ်ဘက်က ဖမ်းသွားတာ။ ဖမ်းပြီး နယ်စပ်ဂိတ် ပြန်ပို့တာ။ ပြီးရင် ၃ နှစ် သို့မဟုတ် ၅ နှစ် တရုတ်ဘက် လာခွင့် မရှိတော့ဘူး၊ ဟုတ်တယ်။ ရွှေလီအထိ မရဘူး။ တချို့က ခိုးလမ်းကနေ သွားကြတယ်။ အဖမ်းအဆီး အရမ်းများတယ်။ မနေ့က အယောက် ၅၀ ကျော်မိတာ။ ရွှေလီ ဘက်တော့ သွားလို့ မရဘူး။ ရွှေလီဘက် သွားရင် အဖမ်း အဆီး များတယ်။” လို့ ကံပိုင်တည် ဒေသခံ လူငယ် ၁ ဦး ကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လပိုင်းကလည်း မူဆယ်နယ်စပ်မှာ အမျိုးသား သုံးဦးက ပွဲစားနဲ့ စာအုပ်တစ်အုပ်ပြုလုပ်ရာ သိန်းသုံးဆယ်ပေးပြီး တရုတ်ဘက်ဝင်သွားချိန် တရုတ်ဘက်ကနေ ဖမ်းဆီးခံခဲ့ရကာ တရုတ်ယွမ်ငွေ သုံးသောင်း ဒဏ်ကြေးဆောင်ရတဲ့အပြင် တရုတ်နိုင်ငံဘက် ဝင်ခွင့် ပိတ်ထားခံခဲ့ရတယ်လို့ သူတို့ရဲ့ အသိ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ ရှိသူတွေက မူဆယ်နယ်စပ်မှာဆိုရင် တရုတ်ဘက် တယ်ဟုတ်ပြည်နယ်ခွဲအတွင်းသာ သွားလာ အလုပ်လုပ်ခွင့်ရှိပြီး ၇ ရက် တစ်ပတ်တစ်ကြိမ် ထွက်ကာ စာအုပ်တံဆိပ် ပြန်ထုပြီးမှ ပြန်ဝင်ရသလို အဝင်အထွက် ပြဖို့ ၁ ရက် အချိန်ယူရတယ်လို့ လက်ရှိ တရုတ်နယ်စပ် ရွှေလီမှာ အလုပ်လုပ်နေတဲ့ နမ့်ခမ်း မြို့ခံ တစ်ဦးက ပြောပါတယ်။

မူဆယ်နယ်စပ်မှာတော့ အစိုးရဌာနက သတ်မှတ်ထားတဲ့အတိုင်း မူဆယ်ခရိုင်အတွင်းက အိမ်ထောင်စုစာရင်း ရှိထားတဲ့သူတွေ ဘယ်သူမဆို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီအတွက် ကုန်ကျ စရိတ် တစ်သောင်းကျပ်ပဲ ရှိတာဖြစ်ပါတယ်။

အလုပ်အကိုင် ရှားပါးမှုကြောင့် အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေကို မတရားခေါင်းပုံဖြတ်၊ ငွေကြေးအဆမတန် ယူပြီး စာလုပ်စားနေတဲ့ ပွဲစားတွေကို သက်ဆိုင်ရာဌာနကလည်း စစ်ဆေးအရေးယူတာ မတွေ့သေးဘူးလို့ မူဆယ် ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် #မှောင်ခိုစျေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW