တောင်သူတွေကို လယ်ယာသုံးစက်ပစ္စည်းဝယ်ဖို့ ၅ ကျပ်တိုးနဲ့ သိန်း၇၀၀ ကနေ ၅၀၀၀ အထိချေးပေးမယ်လို့ ကြေညာ

ဇွန် ၃ – ၂၀၂၃
GG (VOM)

စက်ပစ္စည်းတွေဝယ်ယူဖို့အတွက် တောင်သူတစ်ဦးကို အများဆုံး ကျပ် သိန်း ၇၀၀ ၊ တောင်သူအစုအဖွဲ့ တစ်ဖွဲ့အတွက်က ကျပ်သိန်း ၅၀၀၀ အထိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးမယ်လို့ မနေ့ ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်အသိပေးကြေညာလိုက်ပါတယ်။

အဲ့ဒီချေးငွေနဲ့ လယ်ယာလုပ်ငန်းသုံးထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်၊ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်တဲ့ စက်တွေ၊ ဝယ်ယူဖို့နဲ့ စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ လုပ်ဆောင်နိုင်ပြီး တစ်နှစ်ကို အတိုးနှုန်း ငါးရာခိုင်နူန်းနဲ့ ထုတ်ချေးပေးမှာဖြစ်တယ်လို့သိရပါတယ်။

ထော်လာဂျီ လက်တွန်းထွန်စက်ချေးငွေအတွက် ၃ နှစ် အရစ်ကျ ၃ ရစ်ပေးဆပ်ရပြီး အဲ့ဒီအပြင် ကျန်တဲ့ စက်ကိရိယာတွေကတော့ ၅ နှစ်အရစ်ကျစနစ် ၅ ရစ်နဲ့ ပေးဆပ်ရမှာဖြစ်ပါတယ်။

” အဲ့ဒီ စာတွေ့ပါတယ်။ စာတွေ့လို့ ဆက်သွယ်ရမယ့်ဖုန်းကို ဆက်ကြည့်တော့ ဖုန်းမကိုင်ဘူး။ကိုယ့်မြို့နယ်က ဘဏ်ခွဲကို ဆက်ကြည့်တော့လည်း ဖုန်းကဆက်မရဘူး။အဲ့ဒီတော့ ဘာတွေလိုအပ်လဲ ဘာညာမသိရသေးဘူးပေါ့။သူတို့စာထဲမှာ အာမခံပါရမယ်ဆိုတော့ ထုတ်ချေးမှာလည်း ရာဂဏန်းဆိုတော့ ရဖို့ကတော့ အောက်ခြလူတန်းစားအတွက်မမြင်ဘူး။ ပိုက်ဆံရှိတဲ့ သူတွေပဲ ရမယ့်ပုံပါ။ဆင်းရဲတဲ့လယ်သမားကျတော့လည်း သိန်းရာချီပစ္စည်းဝယ်ဖို့က မလွယ်ဘူးလေ။ပြန်ဆပ်ရမယ့်ကာလကလည်း ၅ နှစ်ကအများဆုံးဆိုတော့လေ။စပါးနဲ့ပဲစိုက်တာက တစ်နှစ်မှ ၂ ကြိမ်စိုက်ပျိုးရတာ “လို့ တောင်သူတစ်ဦးကပြောပါတယ်။

မြန်မာလယ်ယာဖွံ့ဖြိုးဘဏ်ကတော့ တောင်သူတွေအနေနဲ့ ဝယ်ယူလိုတဲ့ လယ်ယာသုံးစက်ကိရိယာကို စက်ကိရိယာအရောင်းပြခန်းကုမ္ပဏီမှာ ရွေးချယ်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ချေးငွေရယူလိုတဲ့ တောင်သူတွေအနေနဲ့ နီးစပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲတွေနဲ့ ဆက်သွယ်ပြီး ချေးငွေအတွက် တင်သွင်းရမယ့်အာမခံနဲ့ ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်ကို မေးမြန်းပြီး ချေးငွေလျှောက်ထားရယူနိုင်တယ်လို့ အသိပေးစာမှာဖော်ပြထားပါတယ်။

ဒါ့အပြင်လက်ရှိမှာ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း ထုတ်ချေးပေးနေတယ်လို့သိရပါတယ်။

စက်ပစ္စည်းဝယ်ယူဖိူ့အတွက် ချေးငွေထုတ်ချေးပေးမယ့်ကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်ကိုဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #စိုက်ပျိုးတောင်သူ #ချေးငွေကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW