လက်ဖက်ရည်ခွက်များ နှင့် မန္တလေး ရသ

ဆူးငှက်
 
ဒီကနေ့ လက်ဖက်ရည် တစ်ခွက်ကို ဆိုင်သောက် ၁၀၀၀ကျပ်၊ ပါဆယ် ၁၃၀၀ အနည်းဆုံးဖြစ်နေတော့ာကိုယ့် ပါးစပ်ကို မသထာချင်တော့ပေ။ သည်အချိန်မှာ ကျွန်တော်တို့ ငယ်ငယ်က ဦးလေးခ ၏ လက်ဖက်ရည်ကိုသာ သတိရနေသည်။
 
တကယ်တော့ ထိုစဉ်ကာလက လက်ဖက်ရည် တစ်ခွက် တစ်ကျပ်တော့ဖြစ်နေပါပြီ။ ဒါပေမယ့် ဦးလေးခ ဆီကို အစိုးရခွဲတမ်းပါမစ်ရသည်။ တစ်နေ့ ၂ပိဿာတဲ့။ ထိုပါမစ်ကို လက်လွှဲရောင်းလိုက်လို့ ရသည်။ ဦးလေးခ က လက်လွှဲမရောင်း။ ရပ်ကွက်ထဲက လူတွေ လက်ဖက်ရည်ကို ဈေးသက်သက်သာသာနှင့် သောက်နိုင်ဖို့ ပါမစ်ရ သူ့အိမ်မှာပဲ လက်ဖက်ရည် ရောင်းသည်။ သူ့အိမ်က အနောက်ဘက် မိကျောင်းတံတား၏ အရှေ့ဘက်က ဝင်းထဲမှာရှိသည်။ ထိုဝင်းထဲမှာက ကိုယ်ပိုင် အိမ်ဝင်းတွေရှိသလို တန်းလျားကြီးပမာ အခန်းတွေ တစ်ဆက်တည်းနှင့် လူနေအိမ်ခန်းတွေလည်းရှိသည်။သေချာတာကတော့ ကိုယ်ပိုင်အိမ်ဝင်း ၃၀င်း ၄၀င်းလောက်က လွဲ၍ အားလုံးမှာ တံဆက်မြိတ်ချင်း ထိကာ ကျပ်ညပ်နေသည်။ ဦးလေးခ အိမ်က ၂၉လမ်းဘက်က ဝင်သည့် ဝင်းကြားလေးက အနောက်ဘက် ချိုးချိုးချင်း ၁၀ပေ ပတ်လည်ခန့် အခန်း ၅ခန်းပါ တန်းလျား၏ အနောက်ဘက် ကပ်လျှက်မှာ ရှိသည်။ ဦးလေးခအိမ်က ၂ထပ်ဖြစ်သော်လည်း ၁၅ပေ ပတ်လည်လောက်ပဲ ရှိမှာပေါ့။ အိမ်မှာ ဦးလေးခ ဇနီးနှင့်သား တို့ ၃ယောက်ပဲနေသည်။ အိမ်ရှေ့မှာ ၃ပေ ၄ပေလောက် လမ်းလေးပဲရှိပြီး မျက်နှာချင်းဆိုင်မှာလည်း လူနေအိမ်ခန်း တဲတန်းလျားရှိသည်။ ဦးလေးခ က ဆိုက်ကားနင်းသော်လည်း မနက်ပိုင်းမှာ လက်ဖက်ရည်ရောင်းခြင်းဖြစ်သည်။
 
ကျွန်တော်က ၇နာရီ မျက်နှာသစ်ပြီးသည်နှင့် အံကျပါပဲ အိမ်နောက်ဘက် လမ်းကြားမှ ဦးကြီးနှင့် ဦးလေးခဆိုင်သို့ သွားသည်။ ဦးကြီးက ဦးလေးခ ဆိုင်ရာက်တော့ ထုံစံအတိုင်း နံပတ်၄ စားပွဲက ပုံမှန်၁ခွက်နဲ့ ဖန်ဆိမ့်တစ်ခွက်ဗျို့၊ ထပ်တရာ ၁ပွဲ၊ပေါင်မှုန့်ထောပတ်သုတ် ၁ပွဲ ဟု အော်တော့သည်။ တကယ်တော့ ဦးလေးခဆိုင်မှာက နံပတ် ၄စားပွဲလည်းမရှိ၊ နံပတ်၃ စားပွဲလည်းမရှိ၊ နံပတ် ၂ နံပတ် ၁စားပွဲတွေလည်းမရှိ။ သူ့အိမ်လေးရှေ့ ဆိုက်ကားထိုးသည့်နေရာဘေး ခုံလေးပေါ့်ဆီထည့်သည့် ဒန်ချိုင့်နှင့် ပန်ကန်လေးနှုတ်ခမ်းပဲ့နှင့် ကိုင်းကျိုး ၃လုံး လောက်ပဲ ရှိသည်။
အဖန်ရည်ခရားအိုးက အရှေ့ဘက်ကပ်ရက်အခန်း မီးဖိုဘေးမှာ ကပ်သပ်၍ မီးသွေးဖိုလေးနှင့်
နှပ်ထားသည်။ ထို့ပြင် ဘာထပ်တရာ ဘာ နံပြားထောပတ်သုတ်မှ လည်းမရှိ။ ခုံလေးပေါ်က ဆီဒန်ချိုင့်ဘေးမှာ မုန့်ကြွပ်ထုပ်လေး ၁ထုပ်နှင့် မနက်တိုင်း တရုတ်တန်းဈေးသို့ ဆိုက်ကားနှင့် ဈေးပို့သွားရင်း ရေစက်ရုံကြီး အနောက်နားက ဝယ်လာသည့် နံပြား ၅ချပ်လောက်ကို အနွေးဓာတ် မပျယ်အောင် ထုပ်ထားသည့် ချည်လက်သုတ်ပုဝါအထုပ်လေးပဲ ရှိသည်။ ယုတ်စွအဆုံး ဦးလေးခ လက်ဖက်ရည်ဆိုင်က အကြမ်းအိုးပင် မရှိ။ ဖွင့်သည့်အချိန်ကလည်း ဆီခွဲတမ်း ရသည့်အချိန်က ဆိုင်ဖွင့် ချိန်ပါပဲ။ ဆီကုန်ရင် ဆိုင်ပိတ်တာပါပဲ။ ဘာစားပွဲ ဘာထိုင်ခုံမှလည်း မရှိလို့ ဦးလေးခ ဆိုင်မှာ ထိုင်သောက်လို့ မရ။ ချိုင့်ဆွဲ ပါဆယ်ပဲ ဝယ်ကြရသည်။
 
ဦးကြီးက ရွှတ်တတ်နောက်တတ် ပျော်ပျော်နေတတ်သူမို့ ဦးလေးခ ဆိုင်ရောက်တိုင်း “အန်ကယ် ဘီ ကဖီး” ဟု ခေါ်ကာ နံပတ် ၄စားပွဲတွေ၊ ထပ်တရာ ပလာတာ ထောပတ်သုတ်တွအော်ပြီး
နောက်ပြောင်တတ်ခြင်းဖြစ်သည်။ ဦးလေးခ ဆိုင်မှာ ဦးကြီးက မိုးတိုးမတ်တတ်နှင့်ပင် လက်ဖက်ရည်တစ်ခွက် မှာပြီး မုန့်ကြွပ် ၂ခုနှင့် တို့စားသည်။ ကျွန်တော်က လက်ဖက်ရည် ၁ခွက် ချိုင့်ဆွဲနှင့် နံပြား၁ခု ပါဆယ်ယူသည်။ ကိုင်း.. ဦးလေးခ ၏ “အန်ကယ် ဘီ ကဖီး”က လက်ဖက်ရည် ဆိုင်သောက် ၁ခွက်နှင့် မုန့်ကြွပ် ၂ခုက လက်ဖက်ရည် ၆၅ပြားနှင့် မုန့်ကြွပ် ၂ခု ပြား၂၀ မို့ ဦးကြီးစာဗျောက ၈၅ပြား၊ ကျွန်တော်က လက်ဖက်ရည် ၁ခွက် ၆၅ပြားနှင့် နံပြား၁ယှက် တစ်မတ်(၂၅ပြား)မို့ ပြား၉၀ ပဲ ကျသည်။ အိမ်ရောက်တော့ ချိုင့်ထဲက လက်ဖက်ရည် ၁ခွက်ကို ရေနွေးနည်းနည်းရောကာ အကြမ်းပန်းကန်နှင့် ၃လုံးခွဲ၍ သားအမိ သားအဖ ၃ယောက် သောက်သည်။ နံပြား ၁ချပ်ကို တစ်ဝက်ခွဲပြီး ကျွန်တော့်ကိပေးကာ ကျန်တစ်ဝက်ကို အဖေနှင့် အမေ ခွဲစားကြသည်။ပြား၉၀နှင့် သားအမိသားအဖ ၃ယောက် မနက်စာ ပြီးပေါ့။ အကယ်၍ ဦးလေးခ ဆိုင်က နို့ဆီခွဲတမ်းမရသည့်နေ့ဆိုလျှင် ပဲသည်မရီဆီက ငချိတ်ပေါင်း တမတ်ဖိုး ဘယာအကြော်၃ခု ပြား၃၀၊ပေါင်း ၅၅ပြားနှင့် ၃ယောက် အဆင်ပြေသည်။
 
ထိုစဉ်က ဥပုသ်နေ့လို အများအလုပ်နားသည့နေ့ဆိုလျှင်တော့ ဦးလေးတွေ အစ်ကိုတွေက
ရုံတော်ကြီးဘက်က လက်ဖက်ရည်ဆိုင်တွေ သွားလေ့ရှိသည်။ ထိုသို့ သွားတိုင်း ကလေးတန်မဲ့ ကျွန်တော်က အမြဲပါသည်။ ကျွန်တော်က လူကြီး တစ်ယောက်ယောက်၏ စက်ဘီးနောက် ကယ်ရီယာပေါ်မှာ၊ရှေ့က ဘားတန်းပေါ်မှာ အမြဲလိုက်ပါပြီး လူကြီးတွေနှင့် လက်ဖက်ရည်ဆိုင် ထိုင်တတ်နေပါပြီ။ လက်ဖက်ရည်ဆိုင်လိုက်တာက လက်ဖက်ရည်သာက်ချင်လို့ မုန့်စားချင်လို့ မဟုတ်ဘဲ လူကြီးတွပြောသော စကားတွေ နားထောင်ချင်လို့ ဖြစ်သည်။
 
ထိုစဉ်က လူကြီးတွေ သွားလေ့ရှိတာ ထိုင်စိန်ကဖေးဖြစ်သည်။ မနက် ၈နာရီလောက်ဆို ကျွန်တော်တို့အိမ်ရှေ့မှာ လူစုပြီး စက်ဘီးကိုယ်စီနှင့် သွားကြ၏။ ထိုင်စိန်ကဖေးက ၈၄ လမ်းနှင့် ၂၉ လမ်းထောင့်တွင်ရှိ၏။ ယခု ထွန်းဦးစာပေရှိသော လမ်းထောင့် အဆောက်အအုံပေါ့။ ထိုင်စိန်က လမ်းအထက် အတော်မြင့်သည်။ လှေကား ၅ ထစ်ခန့် တက်ရသည့် ထုထည်ကောင်းသော တစ်ထပ်(ထပ်ခိုးပါ) အုတ်တိုက်အဆောက်အအုံကြီးဖြစ်သည်။ ၈၄ လမ်းမပေါ် မျက်နှာလှည့်ထားသော်လည်း မြောက်ဘက် ၂၉ လမ်းဘက်ကလည်း တက်လို့ရသည်။ ၈၄ လမ်းဘက်က တက်လျှင် ဆိုင်မကြီးထဲရောက်၏။ ဖျော်ခုံက တက်သည့်လှေကား၏တောင်ဘက်ထိပ်မှာ ရှိသည်။ ဆိုင်ထဲမှာ ကျောက်စားပွဲရှည်ကြီး ရှိသည်။ ပြီးတော့ ကျောက်စားပွဲဝိုင်းတွေရှိသည်။ရေခဲသေတ္တာကြီးတစ်လုံးလည်း ရှိသည်။ တရုတ်ဆိုင်မို့ ထုံးစံအတိုင်း မှန်ကောင်တာအမြင့်ကြီးလည်းရှိသည်။ ၂၉ လမ်းဘက်ကတက်သည့် မြောက်ဘက်အခြမ်းကတော့ တိုက်မကြီးမှ အဖီချ၍ ဇွယ်ထုတ်ထားသည့် အခန်းဖြစ်၏။ စားပွဲသုံးလုံးတန်းစီထားသည်။ ထိုနေရာက သီးခြားဆန်သည်။ အလင်းရောင်ရသည်။ လေဝင်လေထွက်ကောင်းသည်။ အစ်ကိုများ၊ ဦးလေးများနှင့် ထိုင်စိန်သို့ သွားတိုင်း ထိုမြောက်ဘက်ခြမ်းမှာပဲ ထိုင်ကြသည်။ စက်ဘီးတွေက အတက်လှေကားဘေး ထိုးထားတော့ မြင်ရသည်။ စိတ်ချရသည်။ လွတ်လွတ်လပ်လပ် စကားပြောလို့ရသည်။ စက်ဘီးတွေထားသည့်နေရာဘေးတွင် မနက်ပိုင်းဆိုလျှင် မန်းစပယ်ဆီချက်ခေါက်ဆွဲဆိုင် ထွက်သည်။ သူက ညနေတွင် ညဈေးတန်တောင်ဘက်ထိပ် ၂၈လမ်းမှာ ဖွင့်သည်။
 
နေ့လယ်ပိုင်းမှ ညအထိ ထိုနေရာတွင် ဒေါ်စင်းယုံ ဆီချက်ဆိုင်က ထိုင်စိန်မြောက်ဘက် အဆင်းတွင် ထွက်သည်။ သူ့အရှေ့ဘက်မှာက ခတ္တိယ ဝင်းထဲက လာထွက်သော မုံရွာ ထမင်းဆိုင်က တစ်နေကုန် ဖွင့်သည်။ ၂၉လမ်း မြောက်ဘက်ထောင့်မှာ ဘီကြင်ဟော်တယ်ရှိသည်။ ဘီကြင်နှင့် မျက်နှာချင်းဆိုင် ၈၄လမ်း အနောက်ခြမ်းထောင့်မှာ မန္တလေးစားပွဲရုံရှိပြီး နောက်တော့ ရုံတော်ကြီး စားပွဲရုံဟု အမည်ပြောင်းသည်။
 
ထိုင်စိန်က လက်ဖက်ရည်ကာင်းသည့်အပြင် ဝက်သားပေါင်းနှင့်ပေါက်စီလည်း နာမည်ကြီးသည်။ကျွန်တော်တို့ ဝိုင်းမှာ ဝက်သားပေါင်းနှင့် ဝက်သားပေါက်စီများအပြင် ဆေးပေါ့လိပ်တွေပါ ချပေးပြီး ကိုယ့်အကြိုက် သူ့အကြိုက် အသီးသီး မှာယူသော လက်ဖက်ရည်များကို မမှားရုံမက အရည်အသွေးမှီစွာ သောက်သုံးနိုင်သည်။ လာနေကျ ဖောက်သည်များမို့လည်း ပိုက်ဆံလိုလည်း ကိစ္စမရှိ…။ ထားခဲ့…။ မသောက်လည်း ကိစ္စမရှိ။ ရေနွေး တစ်အိုးပြီး တစ်အိုး မလစ်ရအောင်ဖြည့်ပေးသည်။ လက်ဖက်ရည်ဖျော်ဆရာက အသက် ၄၀ကျာ်အရွယ် ပိန်ပိန်၊ ပါးပါးနှင့် အရပ်ရှည်သည်။ စွပ်ကျယ်လက်ပြတ်ကို ဝတ်ထားသောကြောင့် ချိုင်းပေါက်ကျယ်ကျယ်မှ သူ့ခန္ဓာကိုယ်၏ နံရိုးပြိုင်းပြိုင်းကို အမြဲမြင်နေရ၏။ ဆေးပေါ့လိပ်တစ်တိုက လက်မှာအမြဲညှပ်ထားသည်။ ခပ်ကာက်ကောက် ဆံပင်တွေက ပွယောင်းယောင်း။ မျက်လုံးက ရီတီတီ။ သို့သော် သူ့အလုပ်ကိုပဲ တစ်ချောင်းတည်း စိတ်ထားသည်ပုံက အထင်းသားပေါ်နေ၏။ ထိုင်စိန်မှာ
ဖျော်ဆရာကိုပဲ တစ်လျှောက်လုံးတွေ့နေရသည်။
 
ဥပုသ်နေ့ ထိုင်စိန်မနက်ခင်းက မနက် ၁၁နာရီလောက်မှ လူစုခွဲကြသော်လည်း နေ့လယ် ၂နာရီခွဲလောက် လူပြန်စုပြီး ထိုင်စိန်သို့ပဲ ဒုတိယမ္ပိကြပြန်သည်။ အကယ်၍ ဘောလုံးပွဲရှိလျှင် ဗထူးကွင်းသို့ သွားကြပြန်သည်။ ထို့ကြောင့် ဦးလေးတစ်ယောက်က ဥပုသ်နေ့ အလုပ်ရှုပ်လိုက်ပုံများ ရေချိုးချိန်တောင် မရဘူးဟု နောက်ပြောင် ပြောဖူးသည်။ ထိုင်စိန်၏ ဥပုသ်နေ့နံနက်ခင်းနှင့် နေလယ်ခင်းများကား လွမ်းဆွတ်ဖွယ်ကောင်းလှ၏။ ရသစုံသည်။
 
အခု ပြန်စဉ်းစားလိုက်တော့ ထိုစကားဝိုင်းက မန္တလေးယဉ်ကျေးမှု၊ မန္တလေးအနုပညာ၊ မန္တလေးစာပေများဟု ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်လို့လည်း ရသည်။ အငြိမ့်သီချင်း၊ အငြိမ့်မင်းသမီးများအကြောင်ပြောရင်း အာရုံစူးစိုက်မှု အားကောင်းလာသလို အငြိမ့်ပြက်လုံးများဖြင့် တသောသော ရယ်မောဖြစ်ကြ၏။ ဘုရားပွဲတွေအကြောင်း၊ အရုဏ်တော်တွေအကြောင်းမှအစ ၁၂ ရာသီပွဲလမ်းတွေ၏ အခင်းအကျင်းတွေလည်းပါသည်။ ဗထူးကွင်းက ဘောလုံးပွဲစဉ်တွေလည်း ပါသည်။ လူထုသတင်းစာ၊ ဗဟိုရ်စည်သတင်းစာ၊ မန်းခေတ် သတင်းစာတွေ အကြောင်းလည်း ပါသည်။ မြို့မပါသည်။ သင်္ဂဟ ပါသည်။နုယဉ်ပါသည်။ ဂီတလုလင်ပါသည်။ စိန်မောင်ကိုကြီးပါသည်။ ရွှေဒေါင်းမြိုင်ပါသည်။ စိန်ဘညိုပါသည်။ အချို့သော မန္တလေးညချမ်းများမှာတော့ ထိုင်စိန်နှင့်မနီးမဝေး ၈၄လမ်းမကြီးပေါ်က နန်ထင်ကဖေး၊ နန်ကင်းကဖေးများနှင့် ဆုံစည်းရသည်။ ကိတ်မုန့်၊ပေါင်မုန့်၊ လျှာပေါ်ဝဲ၊ တရုတ်လမုန့် စသော မုန့်မျိုးစုံရနိုင်သည်။ နန်ထင်ကဖေးနှင့် နန်ကင်ကဖေးက ကပ်လျက်နီးပါး။ နန်ထင်က တောင်ဘက် နန်ကင်က မြောက်ဘက်။ ကြားမှာ တိုက်တစ်လုံးလောက်ပဲ ခြားမည်။ နန်ထင်နှင့် နန်ကင်က အလင်းဆိုင်များ ဖြစ်၏။
 
ပြန်လှန်စဉ်းစားလိုက်တော့ ကျွန်တော့်နှလုံးသားမှာ စွဲထင်ရစ်ခဲ့သော မန္တလေးရသများ၏
အမြုတေသည် ငယ်ဘဝပုံရိပ်များက ဦးလေးခ၏ “အန်ကယ်ဘီကဖီး”မှသည် ထိုင်စိန်ကဖေးနှင့် လက်ဖက်ရည်ဆိုင်များ၏ လက်ဖက်ရည်ခွက်များမှာ သန္ဓေတည်စေခဲ့သည်ဟု ပြောရပေမည်။
 
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW