သိန်နီနဲ့ လားရှိုးမှာ တိုက်ပွဲဖြစ်ပွား

ဇွန် ၅-၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်နီတံတားမှာ မနေ့ဇွန်လ ၄ ရက် ည ၈ နာရီကျော်ခန့်က ၁၅ မိနစ်ခန့်နဲ့ လားရှိုး၊ ရပ်ကွက် ၁၂ နဲ့ ရပ်ကွက် ၅ တို့မှာ ဒီနေ့ဇွန်လ ၅ရက် မနက် ၄ နာရီကျော်ခန့်ကစ အချိန် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒီမနက် ၄ နာရီ ၁၀ မိနစ်ဝန်းကျင် မနက်အစောမှာ လားရှိုး ရပ်ကွက် ၁၂ နားမှာ လာရောက်ပစ်ခတ်ကြတယ်”လို့ လားရှိုးဒေသခံ ၁ ဦးက ပြောပါတယ်။

ဒီနေ့ မနက် ၄ နာရီ ၁၀ မိနစ်ခန့်က ရပ်ကွက် ၁၂ မှာ ဗုံးလာပစ်ထည့်သွားပြီး ရပ်ကွက် ၅၊ ကုန်းညောင်ရွာထိပ်၊ ခမရ ၅၀၇ တပ်ဘက်မှာလည်း မနက် ၄ နာရီ ကနေ မိနစ် ၄၀ ခန့် လက်နက်ကြီး၊ငယ်နဲ့ ပစ်ခတ်နေကြတယ်လို့ သူက ပြောပါတယ်။

“မိုင်းယော် နဲ့ သိန်နီဝန်းကျင်မှာလည်း ဟုတ်တယ်။ ဒီမနက်က မိုင်းယော်ဘက်၊ ဂျာရန်လေ။ အဲဒီ လားရှိုး အရင်က အေတီဂိတ် ကနေ အေတီချောင်း တလျှောက် တက်လာရင် မိုင်းယော် ရောက်တယ်။ ကိုးကန့်တွေ လှုပ်ရှားနေတာ။ သိန်နီနဲ့ မိုင်းယော်မှာက ကိုးကန့်တွေ။ ဒီလားရှိုးမှာလည်း ကိုးကန့်ပဲ ဖြစ်မှာပါ။”လို့ သူက ရှင်းပြပါတယ်။

ဒီမနက်အစောပိုင်း တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ တော့ ကုန်းညောင်ရွာဘက်ကို ပြည်သူတွေ တက်လာခွင့်မပြုတော့ဘဲ အဆင်းပဲခွင့်ပြုတော့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ မန်အိုင်နဲ့ နယ်မြေရဲစခန်း ဝန်းကျင်မှာတော့ နေအိမ်အချို့ ကျည်စထိမှန်တာရှိပြီး မပေါက်ကွဲသေးတဲ့ လက်နက်တွေ တွေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မဟာမိတ် ၃ ဖွဲ့။ ရှမ်းမပါဘူး။ TNLA ရယ်၊ ကိုးကန့်ရယ်၊ AA ရယ်”လို့ TNLA နဲ့ နီးစပ်သူ ၁ ဦး ကပြောပါတယ်။

မနေ့ည ၈ နာရီကျော်ခန့်ကလည်း သိန်နီတံတားမှာ တိုက်ပွဲဖြစ်ပွားတယ်၊ မနေ့ညက သိန်နီ တံတားစောင့်တဲ့ သူတွေကို လာပစ်ကြတယ်။” လို့ သိန်နီ ဒေသခံ ၁ ဦးက ပြောပါတယ်။

နောက်ထပ် ဒေသခံ အမျိုးသမီး ၁ ဦးကလည်း “အိမ်နားပဲ တော်တော် ကျယ်တယ်။ တံတားနားလေ။ စုံနေတာပဲ အကြီးရော အသေးရော။ ၁၅ မိနစ်လောက် ကြာတာပေါ့။”လို့ ပြောပါတယ်။

မနေ့ည ၈ နာရီခန့်ကလည်း ကွတ်ခိုင် အောက်ဘက် သိန်နီ နဲ့ ၃၈ မိုင် မန်ပြိန်းကြားမှာ မနေ့ည ၈ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့ပြီး ဘယ်အဖွဲ့တွေဖြစ်တယ်ဆိုတာကိုတော့ မသိဘူးလို့ နောက်ထပ် ဒေသခံ ၁ ဦး ကလည်း ပြောပါတယ်။

သိန်နီမြို့နယ်မှာတော့ တပ်နဲ့ မြန်မာအမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)တို့ဟာ ဇွန်လ ၂ ရက် မနက်ကစ တိုက်ပွဲဖြစ်ပွားနေပြီး ဇွန်လ ၂ ရက်နေ့က ပြင်းတောင်ရွာအနီးရှိ ကိုးကန့်(MNDAA) ယာယီစခန်းမှာ ၁ နာရီကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့က နမ့်ပေါင်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး ကိုးကန့် အခေါ် ရှောက်မင်ရှမ်း နဲ့ ချောက်ချိုင့်ပါ့ ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ကာ ကိုးကန့်(MNDAA)ဘက်က တစ်ဦး ကျဆုံး ၊ တစ်ဦးဒဏ်ရာရရှိခဲ့တာ်လို့ ကိုးကန့်သတင်းဌာနက မနေ့ ဇွန်လ ၄ ရက်မှာ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ရှမ်းပြည်နယ် မိုင်းလားမြို့မှာ တရုတ်ဘက်က သံတမန်ရဲ့ညှိနှိုင်းပေးမှုနဲ့ နစက နဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်တို့ကြား ဇွန်လ ၁ ရက်နေ့ ကနေ ၃ ရက်နေ့ထိ ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဆွေးနွေးရက် ဒုတိယနေ့မှာပဲ သဘောတူညီမှု မရဘဲ ဆွေးနွေးပွဲကို ရပ်ခဲ့ကြတာဖြစ်ပါတယ်။

သိန်နီမြို့နယ် နဲ့ လားရှိုးမြို့နယ်တွေမှာတော့ တပ်၊ပြည်သူ့ စစ်၊ မြောက်ပိုင်းမဟာမိတ် ညီနောင်တွေဖြစ်တဲ့ TNLA, MNDAA, SSPP/SSA, AA နဲ့ KIA, PDF တို့ သွားလာလှုပ်ရှားရာနေရာ ဖြစ်ပါတယ်။

Video Crd – ဒေသခံများ
#voiceofmyanmar #VOM #လားရှိုး #သိန်နီ #တိုက်ပွဲဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW