မန္တလေးတိုင်းမှာ မီးလင်းအခေါက်ရွှေတုံးတွေကို ကျပ် ၃၀၅၀၀၀၀ စျေးနဲ့ ရောင်းပေးမယ်

ဇွန် ၁၆ – ၂၀၂၃
SN (VOM)

ရွှေစျေးနှုန်းတွေ တည်ငြိမ် ကျဆင်းစေရေးအတွက် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ဒီနေ့ ဇွန် ၁၆ ရက်၊ နေ့လယ် ၁၂ နာရီမှစတင်ကာ မီးလင်းအခေါက်ရွှေတုံးတွေကို ၃,၀၅၀,၀၀၀ (သိန်းသုံးဆယ်ငါးသောင်းကျပ်) စျေးနဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။

မီးလင်းအခေါက်ရွှေတုံးတွေကို တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ရောင်းချပေးမှာဖြစ်ပြီး အသင်းသားတွေကလွဲလို့ မည်သူမဆို လွတ်လပ်စွာ လာရောက်၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။

“လာဝယ်မယ်ဆို ဝယ်လို့ရပါပြီ။ ၃,၀၅၀,၀၀၀ နဲ့ ဈေးချရောင်းမှာပါ”လို့ မန္တလေးမှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရွှေဝယ်ယူမယ့်သူတွေအနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား ယူဆောင်လာရမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက အသင်းရုံးတည်ရှိရာ ၆၇ လမ်း၊ ၄၀ – ၄၁ လမ်းကြား၊ မဟာမြိုင် အပိုင်း (၁) မှာ လာရောက် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာလည်း မီးလင်းအခေါက်ရွှေတုံးတွေကို အခုလိုမျိုး ဈေးချ ရောင်းချပေးသွားဖို့ ရှိ၊ မရှိ တိုင်းဒေသကြီး ရွှေအသင်းဥက္ကဋ္ဌကို VOM က ဆက်သွယ်မေးမြန်းရာမှာ ဖုန်းကို စက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရန်ကုန်က ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ “အခုအချိန်အထိတော့ ဒီအကြောင်းနဲ့ပတ်သက်လို့ ဘာသတင်းမှ မထွက်သေးသလို ဘာမှလည်း ပြောသံမကြားသေးဘူး။ ရန်ကုန်မှာတော့ ဘာကြေညာချက်မှ မထွက်သေးပါဘူး”လို့ ပြောပါတယ်။

ဇွန် ၁၆ ရက်နေ့ ပြင်ပ ရွှေပေါက်ဈေးမှာတော့ အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃,၁၃၀,၀၀၀ ရှိနေပြီး ကမ္ဘာ့ရွှေဈေး ၁၉၆၁ ဒေါ်လာ၊ ငွေလဲနှုန်း တစ်ဒေါ်လာ ရောင်းဈေး ကျပ် ၂၉၇၅ ၊ ဝယ်ဈေး ၂၉၆၀ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ရွှေအသင်းက ဒီကနေ့ နေလယ်ပိုင်း ၁၂ နာရီခွဲအချိန် ထုတ်ပြန်တဲ့ အခြေခံ ရည်ညွှန်းဈေးကတော့ ကျပ် ၂,၃၀၆,၇၀၀ ဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #မီးလင်းအခေါက်ရွှေ #ရောင်းပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW